ပန်းတနော်တွင် ကရင်ရိုးရာ ချည်ဖြူဖွဲ့ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

သြဂုတ်လ ၅ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ) IMG_684
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပမည့် ပထမအကြိမ် ကရင့်ရိုးရာ ၀ါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲကို ကရင်အမျိုးသားတိုင်း ပါဝင်ဆင်နွှဲနိုင်ရန် ရည်ရွယ်၍ လာမည့် သြဂုတ်လ ၁၂ရက်နေ့တွင် ပန်းတနော်မြို့ အောင်သပြေ ဘိုးဘွားရိပ်သာတွင် ကျင်းပမည်ဟု သိရသည်။
ပန်းတနော်မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု တွဲဖက်အတွင်းရေးမှုး မန်းဝင်းမောင်က “ဒီလက်ချည်ဖွဲ့ မင်္ဂလာပွဲ ဟာ ဧရာဝတီတိုင်းထဲမှာတော့ လုပ်တဲ့ ထုံးဓလေ့မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ကရင်ယဉ်ကျေးမှုကို ပြန်ဖ်ာချင်လို့ မဖြစ်ဖြစ်အောင် ကျနော်တို့ လုပ်ဆောင်သွားမယ်“ ဟု ကေအိုင်စီသို့ ပြောကြားသည်။
ထိုပွဲကို ဧရာဝတီတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မန်းသန်းရွှေနှင့် အစိုးရအဖွဲ့ဝင်များ၊ လူငယ်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပန်းတနော်မြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသား တိုင်းရင်းသူများ အားလုံးပါဝင်တက်ရောက် နိုင်ရန် ဖိတ်ခေါ်ထားကြောင်းလည်း မန်းဝင်းမောင်က ဆက်ပြောသည်။
ဧရာဝတီတိုင်းတွင် ချည်ဖြူဖွဲ့ မင်္ဂလာပွဲ အလေ့အထအား သိသည့်သူ နည်းနေသေးသည့်အတွက် တက်ရောက် သူများအားလုံး သိနားလည်စေရန်အတွက် လက်ချည်ပွဲအခမ်းအနားမတိုင်မီ ချည်ဖြူဖွဲ့အကြောင်းကို ကြိုတင် ရှင်းပြပေးမည်ဖြစ်သည်ဟုလည်း ပန်းတနော်မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီက ဆိုသည်။
ကရင်လူမျိုးတို့၏ နှစ်စဉ်ဝါခေါင်လတွင် ကျင်းပလေ့ရှိသော စုပေါင်းချည်ဖြူဖွဲ့မင်္ဂလာပွဲသည် ကွဲကွာနေသော မိသားစုများပြန်လည်တွေ့ဆုံခွင့်ရခြင်း၊ တစ်ရွာနှင့် တစ်ရွာသားများ ရင်းရင်းနှီးနှီး တွေ့ဆုံပြီး လုပ်ငန်းများနှီးနှော နိုင်ခြင်း၊ လူမှုရေးကိစ္စရပ်များ ညှိနှိုင်းခွင့်ရခြင်း၊ လူငယ်များချစ်ကြည်သွေးစည်းမှု ရရှိနိုင်ခြင်း စသော ရည်ရွယ် ချက်များဖြင့် ယနေ့တိုင် ပြုလုပ်လာခဲ့ကြခြင်းဖြစ်သည်။

0 comments:

Post a Comment