MERS ဗိုင်းရပ်စ် အရေးပေါ် အစည်းအဝေး WHO ခေါ်ယူ

08 July 2013   MERS ဗိုင်းရပ်စ် အရေးပေါ် အစည်းအဝေး WHO ခေါ်ယူအာရှ ဒေသတွင်း၂၀၀၃ ခုနှစ် ဝန်းကျင်၌ ဖြစ်ပွား ခဲ့သော SARS ရောဂါပိုး ကဲ့သို့သော MERS ရောဂါပိုးပြန့်ပွားမှု အရှေ့အလယ်ပိုင်း ဒေသ တစ်ဝန်းတွင် ဖြစ်ပွား နေခြင်းကြောင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က အရေးပေါ် အစည်းအဝေး ခေါ်ယူ လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။
MERS ဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အရေးပေါ် အစည်းအဝေး ခေါ်ယူသွားမည် ဖြစ်သော်လည်း ကမ္ဘာလုံး အတိုင်းအတာ ရောဂါအန္တရာယ် ခြိမ်းခြောက်မှု ပေါ်ပေါက် လာခြင်းကြောင့် ပြုလုပ်ခြင်း မဟုတ်ကြောင်း WHO အဖွဲ့က ဖြေရှင်း ထားသည်။ လာမည့် အင်္ဂါနေ့တွင် ကမ္ဘာ တစ်ဝန်းရှိ MERS ရောဂါ ကူးစက် ခံနေရသည့် နိုင်ငံများမှ အရာရှိများနှင့် ကျွမ်းကျင်မှုများ တယ်လီဖုန်း ကွန်ဖရင့် ပြုလုပ်သွားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျန်းမာရေး လုံခြုံမှုဌာန အကြီးအကဲ ဖူကူဒါက ပြောကြား သွားသည်။
"ဘယ်လို အခြေအနေမျိုးပဲ ပေါ်ပေါက်ပေါ်ပေါက် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း အနေနဲ့ အသင့်ရှိဖို့ လိုပါတယ်" ဟု ၄င်းက ပြောကြား သွားသည်။ အနာဂတ် ကာလတွင် ရောဂါ ကူးစက်မှု အများအပြား ပေါ်ပေါက် လာလျှင် ဖြစ်စေ၊ အပြောင်းအလဲ တစ်ခုခု ပေါ်ပေါက် လာလျှင်ဖြစ်စေ ကျွမ်းကျင် သူများနှင့် ဖွဲ့စည်းထားသည့် အရေးပေါ်ကော်မတီ တစ်ရပ်ရှိနေပါက လေ့လာမှု အများအပြား လုပ်စရာ မလိုတော့ကြောင်း ဖူကူဒါက ပြောကြား သွားသည်။
MERS ဗိုင်းရပ်စ်ပိုးကို ၂၀၁၂ ခုနှစ် ဇွန်လတွင် ဆော်ဒီအာရေးဗီးယား နိုင်ငံ၌ ပထမဆုံး စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဧပြီ၊ မေနှင့် ဇွန်လတို့တွင် ကူးစက်နှုန်း အလျင်အမြန် မြင့်တက်လာခြင်းကြောင့် ယခုအခါ ရောဂါကူးစက်ခံထားရသူ ၇၉ ဦးအထိ ရှိနေပြီဖြစ်သည်။ ယင်းရောဂါပိုးကြောင့် လူနာပေါင်း ၄၃ ဦးသေဆုံးခဲ့ပြီး သေဆုံးမှုနှုန်းမှာ ၅၄ ရာခိုင်နှုန်းအထိ ရှိသဖြင့် လွန်စွာမြင့်မားသည့် သေဆုံးနှုန်း ဖြစ်သည်။
အာရှဒေသတွင်း ဖြစ်ပွား ခဲ့သည့် SARS ရောဂါပိုး ကူးစက် ခံရသူပေါင်း ၈၂၇၃ ဦးရှိခဲ့ပြီး သေဆုံးမှုနှုန်းမှာ ၉ ရာခိုင်နှုန်းသာ ရှိသဖြင့် MERS ရောဂါပိုးမှာ သေဆုံး မှုနှုန်းမြင့်သည့် ရောဂါပိုးဖြစ်သည်။ ထို့ကြောင့် အရှေ့အလယ်ပိုင်း အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါပိုးဟု အမည် ရှိသော MERS ဗိုင်းရပ်စ်နှင့် ပတ်သက်သည့် လက္ခဏာများကို နားလည်နိုင်ရန် ပညာရှင်များက ကြိုးပမ်းလျက် ရှိသည်။
MERS ရောဂါပိုးသည် SARS ရောဂါပိုးကဲ့သို့သော တုပ်ကွေးရောဂါ လက္ခဏာများ ပြသလေ့ရှိသော်လည်း ကျောက်ကပ် ပျက်စီးမှုများကိုလည်း ဖြစ်စေကြောင်း သတင်းတွင် ဖော်ပြထားသည်။ အဆိုပါရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ခရီးသွားခွင့် ပိတ်ပင်ခြင်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန် ထားခြင်း မရှိသော်လည်း ပုံမှန်မဟုတ်သည့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ လက္ခဏာများကို စောင့်ကြည့်ရန် အစိုးရများကို တိုက်တွန်းထားသည်။

0 comments:

Post a Comment