ဆေးမင်ရည်လွယ်လွယ်ပြယ်ချေပြီလား

03 May 2013 

By 7Day News

ဆေးမင်ရည်လွယ်လွယ်ပြယ်ချေပြီလား“မင်းနဲ့ခဏကို တစ်ဘ၀လို့ ထင်ခဲ့တဲ့ငါ မလှည့်စားနဲ့... ဒီရင်ဘတ်ကြီး တစ်ခုလုံးက စက်ရုပ်မဟုတ်တာ ထိန်းချုပ်လိုက်လို့ ရပ်တန့် မရနိုင်ဘူး....” ဘ၀တစ်ခုလုံး ပုံအော ချစ်ခဲ့သော မိန်းကလေး၏ အခြား အမျိုးသားနှင့် ဖောက်ပြန်မှုကို ခံစားရေးဖွဲ့ ထားသော အဆိုတော် ယုန်လေး၏ အင်တာနက် စာမျက်နှာပေါ်မှ “မိုက်မဲခြင်း”အမည်ရှိ တေးသီချင်း၏ စာသားအချို့ဖြစ်သည်။
ထိုသီချင်း စာသား အတိုင်းပင် ကိုဝေဇင် တစ်ယောက် အလူးအလဲ ခံစားခဲ့ရသည်။ မိသားစုဘ၀ ရှေ့ရေးအတွက် ပြည်ပတွင် ငါးနှစ်ကျော် အလုပ်သွားလုပ်ပြီး ရန်ကုန်သို့ ပြန်ရောက် ချိန်မှာတော့ သူအလွန် ချစ်မြတ်နိုးရသော ချစ်ဇနီးမှာ ရှာဖွေစုဆောင်း ထားသော ပစ္စည်းဥစ္စာ များကို ရောင်းချပြီး ခြောက်နှစ်သား အရွယ် သားငယ်ကို ခေါ်၍ အခြား ယောက်ျား တစ်ယောက်နှင့် အတူ သူ့ဘ၀ထဲမှ ပျောက်ကွယ် သွားခဲ့သည်။ အကြောင်းပြချက် မျိုးစုံဖြင့် ဖြစ်ပွားနေသော အိမ်ထောင်ရေး ဖောက်ပြန်မှု များကြောင့် ပြိုကွဲသွားသော မိသားစု ဘ၀များကို ပြောင်းလဲ လာသော ခေတ်ရေ စီးကြောင်းတွင် ပိုမိုမြင်တွေ့ နေရသည်။
“ကျွန်တော် ထင်တာက မိသားစု အနေဝေးလို့။ ဒါပေမဲ့ တကယ်ချစ်တာ၊ သံယောဇဉ် ရှိတာဆိုရင် ဒါမျိုး မဖြစ်နိုင်ဘူး။ ကျွန်တော် ကတော့ ရူး မတတ် ခံစားလိုက်ရတာ”ဟု ခွက်ထဲရှိ အရက်လက်ကျန်ကို မော့သောက်ရင်း ကိုဝေဇင်က ပြောလိုက်သည်။ ဇနီးသည်နှင့် သားလေးတို့ သူ့ဘ၀ထဲတွင် မရှိတော့သည့်နောက်ပိုင်းကိုဝေဇင်တစ်ယောက် သူစိတ်ကူးယဉ်ခဲ့သော ကမ္ဘာလေးလည်း ပျောက်ဆုံးသွားခဲ့သည်။ အရက်ဆိုင်တကာတွင် လှည့်လည်သောက်နေသော ယစ်ထုပ်ကြီးဘ၀သို့ ရောက်ရှိခဲ့သည်။
ယောက်ျားများတွင် အိမ်ထောင်ရေးဖိုမသုခ မပြည့်ဝလျှင် မရသော အရာကို ပြင်ပတွင် ရှာဖွေတတ်ကြပြီး မိန်းမများတွင် မိမိအပေါ် ချစ်မြတ်နိုး၍ လေးလေးစားစား ဆက်ဆံသူနောက် ပါသွားတတ်သည်ဟု စိတ်ပညာဌာနမှ ကထိကတစ်ဦးက ပြောသည်။ အိမ်ထောင်ဖက်ပျော်ရွှင်ရေးအတွက် မိမိဘက်မှ ချစ်ခင်မှုများ၊ ကြင်နာမှုများကို ပြသရန် လိုအပ်ပြီး ချို့ယွင်းချက်ရှိ၊ မရှိကို ပြန်လည်သုံးသပ်သင့်သည်ဟုပြောသည်။
အိမ်ထောင်ရေး ဖောက်ပြန်မှုများတွင် စိတ်မထိန်းနိုင်သူများက ဒေါသအလျောက် စိတ်လိုက်မာန်ပါ တုံ့ပြန်ကြရင်း အမှုအခင်းများ ဖြစ်ကုန်ကြသည်။ အိမ်ထောင်ဖက်၏ ဖောက်ပြန်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားသည့် သာဓကများလည်း ရှိသည်။ ယဉ်ယဉ်လေးနှင့် ရူးသွားသူများ ရှိသလို ပတ်ဝန်းကျင်၏ တံတွေးခွက်ထဲ ခေါင်းငုံ့ ခံနေရ သူများလည်း ရှိသည်။ အနည်းနှင့် အများဆိုသလို မိသားစု ဘ၀များ ပြိုလဲပျက်စီး ကုန်ကြသည်။
ယောက်ျား၏ ဖောက်ပြန် မှုကြောင့် ဇနီးမိန်းမမှ ကွာရှင်းခွင့် တောင်းဆိုနိုင်ကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၈ (၁)အရ ဇနီးသည်က မယားစရိတ်၊ ကလေးစရိတ် တောင်းခံနိုင်ပြီး ပစ္စည်းခွဲဝေလိုမှု တောင်းဆို နိုင်သည်။ ထို့အပြင် အမျိုးသမီး တစ်ယောက် ဖောက်ပြန်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ အရ ထိုအမျိုးသမီးအား ပြစ်မှုကို အားပေး ကူညီသူ အဖြစ် ပြစ်ဒဏ် မကျထိုက်စေရဘဲ ကာမပိုင် ယောက်ျားအနေဖြင့် ယင်းမိန်းမအား ကွာရှင်းခွင့် ရှိသည်။ အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် မယား အိမ်ပေါ်မှ ဆင်းရမည်ဟု မြန်မာနိုင်ငံ ဥပဒေတွင် ဖော်ပြထားသည်။
“အခု ကြုံတွေ့ နေရတာ အများဆုံးက လွယ်လွယ်တွေ့၊ လွယ်လွယ် ပေါင်းကြလို့ ကြုံတွေ့ နေရတဲ့ အမှုတွေ၊ ပြီးတော့ မယားထိ ဓားကြည့် စကားအရ အမှုအခင်း တွေဖြစ်၊ ရုံးရောက်ကြတာ အများဆုံးပဲ”ဟု အ ထက်တန်းရှေ့နေ ဦးခင်ဇော်က ပြောသည်။
၂၀၁၁ ခုနှစ် စာရင်းများအရ တစ်ကမ္ဘာလုံးရှိယောက်ျားများတွင် ၂၃ ရာခိုင်နှုန်းနှင့် မိန်းမများတွင် ၁၉ ရာခိုင်နှုန်း ဖောက်ပြန်ကြသည်။ ကျွမ်းကျင် ပညာရှင် များက နိုင်ငံပေါင်း ၃၆ နိုင်ငံတွင် စာရင်းပြုစုမှု များအရ အရှေ့တောင် အာရှမှ နိုင်ငံအများစု မှာ ထိပ်ဆုံး နေရာတွင် ပါဝင်လျက်ရှိသည်။
ထိုင်းနိုင်ငံက ဖောက်ပြန်မှု ၅၉ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ မလေးရှား နိုင်ငံက ၃၉ ရာခိုင်နှုန်းဖြင့် တတိယနှင့် ပဉ္စမနေရာမှ စင်ကာပူက ၁၉ ရာခိုင်နှုန်းရှိနေသည်။ ထို့အပြင် ယောက်ျားလေးအားလုံး၏ ၅၀ ရာခိုင်နှုန်းမှာ ၎င်းတို့ထက် ငယ်ရွယ်သူများနှင့် ဖောက်ပြန်မှုများရှိသည်ဟု အခြားစစ်တမ်းတစ်စောင်ကလည်း ဖော်ပြထားသည်။ အိမ်ထောင်ရှင်များသာမက ချစ်သူ၊ ရည်းစားများတွင်လည်း အပြန်အလှန်နားလည်မှုမရှိခြင်းကြောင့် လမ်းခွဲမှုများ၊ မိမိထက် အစစအရာရာ သာသောသူများနှင့် ဖောက်ပြန်မှုများရှိနေသည်။
“သူ့ကိုသာမက သူ့အိမ်ကိုပါ အစစအရာရာ ကူညီနားလည်ပေးခဲ့တာ။ အခုတော့ ခြေစုံကန်ပြီး နောက်တစ်ယောက်ဆီကို သွားပြီ” ဟု နာမည်ကြီး လူငယ်တီးဝိုင်းအဖွဲ့တစ်ခု မှ အသက် ၂၈ နှစ်အရွယ် ဂစ်တာသမားတစ်ဦးက ပြောသည်။ သို့သော် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို ခံစားရသည်မှာ ယောက်ျားများတွင်သာမဟုတ် မိမိကွယ်ရာတွင် ဖောက်ပြန်နေသော ခင်ပွန်း၏ ဒဏ်ကို ခံစားနေကြရသော မိန်းမသားများမှာလည်း ဒုနှင့်ဒေး။
“ဒီကိုလာတဲ့ လူ ၁၀ ယောက်မှာ ခုနစ်ယောက်က တစ်မြို့တည်းနေပြီးယောက်ျားကကေတီဗီ၊ မာဆတ်တွေကိုသွားပြီး အဲဒီက သူတွေနဲ့ဖြစ်တာများတယ်။ တချို့ဆိုတကယ့်အရာရှိ ကြီးတွေရဲ့ ဇနီးတွေလည်း လာမေးကြတယ်” ဟု အိမ်ထောင်ရေး ဖောက်ပြန်ရှုပ်ထွေးမှုများကို ယတြာနည်းဖြင့် ဖြေရှင်းပေးနေသော ဗေဒင်လက္ခဏာသုတေသီ ဆရာမ ထက်မြင့်စနီကပြောသည်။
အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် အယောက် ၅၀ ဗေဒင်၊ ယတြာလာရောက် ပြုလုပ်ကြလျှင် ၄၈ ယောက်မှာ မိန်းမများဖြစ်ပြီး နှစ်ယောက်လောက်သာ ယောက်ျားများဖြစ်သည်ဟု ဆိုသည်။ အခြေအနေ၊ အကြောင်းအရာ အမျိုးမျိုးဖြင့် လူမှုရေးဖောက်ပြန်မှုများကြောင့် မိမိတို့နှစ်သက်တန်ဖိုးထားရသော မိသားစုဘ၀များ ပျောက်ဆုံးသွားနိုင်သည်ကို အချိန် မနှောင်းမီ သိရှိနားလည်ထား သင့်သည်။ မိမိတို့၏ စိတ်ဓာတ်ကသာ အဓိကဖြစ်ပြီး အနေဝေးခြင်းနှင့် နီးခြင်းနှင့် မသက်ဆိုင်ဟု အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးတစ်ဦးက ပြောသည်။
“တချို့လည်း တစ်အိမ်တည်း နေပြီးစိတ်ချင်းဝေးနေကြတာပဲ။ တချို့လည်းဝေးနေပေမယ့် ယုံကြည်မှု၊ ခံယူချက်တူတော့ စိတ်ချင်း နီးနေကြတာပဲ”ဟု စာရေးဆရာမမသီတာ (စမ်းချောင်း) က ပြောသည်။ လိုအပ်သည်ထက် ပို၍ အနေနီးစပ်မှုများ၊ မိသားစုစီးပွားရေး အဆင်မပြေ မှုများနှင့် အိမ်ထောင်ရေး ဖောက်ပြန်ရန် အလွယ်တကူ သွားရောက်နိုင်မည့် နေရာများ အတား အဆီးမဲ့ များပြားလာခြင်း၊ မြန်မာ့ယဉ်ကျေးမှုကို လွှမ်းမိုးလာသော ကိုရီးယား ဇာတ်လမ်းတွဲများမှ အိမ်ထောင်ရေး ဖောက်ပြန်မှုများကြောင့် လူမှုရေး ဖောက်ပြန်မှုများကို ယနေ့ ခေတ်ကာလတွင် ပိုမိုမြင်တွေ့လာ ရသည်။
ထို့ကြောင့် မြန်မာ့ဓလေ့ဖြစ်သော တစ်လင်တစ်မယား စနစ်ကို ပိုမိုထိန်းသိမ်းရန် လိုအပ်လာသည်ဟု သုံးသပ် ထားကြသည်။ အိမ်ထောင်ရေး ဖောက်ပြန်မှုများနှင့် ပတ်သက်၍ အထက်တန်း ရှေ့နေဦးခင်ဇော်က “သာယာခြင်းက တစ်ခဏ၊ ပေးဆပ်ရတာ တစ်ဘ၀ပဲ”ဟု ပြောလိုက်သည်။
အောင်ခိုင်၊ ရဲနောင်

0 comments:

Post a Comment