၆ကြိမ်မြောက် သြစတြေးလျားနိုင်ငံ လုံးဆိုင်ရာ ကရင်လူငယ်နှီးနှော ဖလှယ်ပွဲ စတင်ကျင်းပ

ဒီဇင်ဘာလ ၂၇ရက်။ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ) သြစတြေးလျားကရင်အဖွဲ့အစည်း(AKO)မှ ကြီးမှူးကျင်း ပသော ၆ကြိမ်မြောက် သြစတြေးလျားနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို သြစတေးလျားနိုင်ငံ အနောက်ဖက်ပိုင်းပြည်နယ်၏ မြို့တော် ပါသ်(Perth)မြို့ရှိ Apex Camp Jurien Bay တွင် ယမန်နေ့က စတင်ကျင်းပခဲ့သည်။
ဒီဇင်ဘာလ ၂၆ မှ ၃၀ ရက်နေ့အထိ ပြုလုပ်မည့် ၎င်းနှီးနှောဖလှယ်ပွဲတွင် ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု နှင့် ပြည်တွင်းပြည်ပရှိ ကရင်လူမျိုးများအခြေအနေ၊ ကရင့်တော်လှန်ရေးသမိုင်းကြောင်းကို မမေ့မပျောက်ဘဲ ပိုမိုသိရှိလာစေရန်နှင့် ကရင်အကျိုးအတွက် လူငယ်များပူးပေါင်းဆောင် ရွက်နိုင်စေရန် စသည့်ရည်ရွယ်ချက်တို့ ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း AKO မှ လူငယ်ခေါင်းဆောင်တာဝန်ခံ စောထူးဆာဝါးက ပြောသည်။
စောထူးဆာဝါးက “သြစတြေးလျားမှာနေနေတဲ့ ကရင်လူငယ်တွေအနေနဲ့ ကိုယ့်အမျိုးသားရေးနဲ့ သမိုင်းကြောင်း တွေကို ပိုသိလာပြီး ကရင်လူမှုအဖွဲ့အစည်းတွေမှာ ခေါင်းဆောင်ကောင်း တွေရှိလာစေဖို့၊ အနာဂတ်မှာလည်း ထူးချွန်ထက်မြတ်တဲ့သူတွေဖြစ်အောင် အားပေးမြှောက်တင်တဲ့အနေနဲ့ပါ” ဟု ပြောသည်။
ယင်းနှီးနှောဖလှယ်ပွဲသို့ သြစတြေးလျား ကရင်အမျိုးသားအဖွဲ့နေရှင်နယ်ဥက္ကဌ စောလွင်ဦး၊ AKO မှဒုဥက္ကဌ မန်းအော်လန်းဒို၊ ဆရာစောနိုးနိုး၊ ဆရာနေးရှား၊ နော်ဘယ်စေး စသည့်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင် များအပါအ၀င် သြစတေးလျားနိုင်ငံရှိ နေရာအနှံ့အပြားမှ ကရင်လူငယ်များပါဝင်ကာ စုစုပေါင်းလူဦးရေ ၈၁ဦး တက်ရောက်ခဲ့သည်။
နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့ကြသည့် ကရင်လူငယ်များကို AKO သမိုင်း၊ ကရင့်သမိုင်း၊ ကရင့် တော်လှန်ရေးသမိုင်း၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု၊ ကရင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း၊ လက်ရှိ ကရင်တမျိုး သားလုံး၏ အခြေအနေတို့ကို ဆွေးနွေးတင်ပြကာ အချင်းချင်းဖလှယ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
AKO အဖွဲ့မှ ယခုနှီးနှောဖလှယ်ပွဲတွင် ကူညီလုပ်ဆောင်ပေးနေသည့် နန့်ဝါ၀ါစိုးသိန်းက “ဒီမှာရောက်နေတဲ့ လူငယ်တွေက စိတ်တွေက အကွဲအပြားလေ၊ အခုလိုမျိုးပေးတွေ့လိုက်တာကြောင့် ရှေ့ဆက်ပြီးလည်း သူတို့တွေချိတ်ဆက်မိပြီး အမျိုးသားရေးတွေမှာ ပူးပေါင်းလုပ်ဆောင်နိုင်ကြမှာပါ”ဟု ပြောသည်။ ထို့အပြင် လက်ရှိကရင်လူထုအကြားဖြစ်ပျက်နေသည့် အခြေအနေနှင့် ပြည်တွင်းပြည်ပရောက် ကရင်ဒုက္ခသည် များအခြေအနေနှင့် ကရင့်အမျိုးသားအစည်းအရုံး-KNU ၏ အခြေအနေများနှင့် ပတ်သက်၍ သြစတြေးလျား ကရင်အမျိုးသားအဖွဲ့ နေရှင်နယ်ဥက္ကဌ စောလွင်ဦးက ကရင်လူငယ်များကို ပြောကြားမည်ဖြစ်ကြောင်း စောထူးဆာဝါးက ပြောသည်။
၎င်းက “ကျနော်တို့ကရင်လူငယ်တွေအနေနဲ့ ကရင့်သမိုင်းကိုလည်း တချို့တ၀က်သိလာမယ်။ နောက် ပြီး ယဉ်ကျေးမှုကိုလည်းထိန်းသိမ်းတက်လာမယ်၊ဘာကြောင့် ကျနော်တို့က တော်လှန်ရေးနဲ့ပတ်သက် လာရတာလည်းဆိုတဲ့ ကရင့်တော်လှန်ရေးသမိုင်းကြောင်းတွေကိုလည်း သိလာပါလိမ့်မယ်” ဟု ပြောသည်။
ယခုနှီးနှောဖလှယ်ပွဲသို့ ကရင်လူငယ်အများစုက တက်ရောက်ချင်သော်လည်း သြစတြေးလျားနိုင်ငံသို့ ရွှေ့ပြောင်းရောက်ရှိခါစဖြစ်သကဲ့သို့ အလုပ်ဝင်စသူများဖြစ်သဖြင့် ခွင့်ယူ၍ မရသောကြောင့် မတက်ရောက်နိုင် သူများလည်း ရှိသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားအရေး၊ ဒီမိုကရေစီရေး၊ မြန်မာ့နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများကို တက်ကြွစွာ လုပ်ဆောင်လျှက်ရှိသည့် သြစတြေးလျားကရင်အဖွဲ့အစည်း(AKO)ကို ၁၉၉၆ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ကရင်လူငယ်နှီးနှော ဖလှယ်ပွဲကို ၂၀၀၂ခုနှစ်မှစ၍ ၂နှစ်တကြိမ် ကျင်းပပေးခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment