ဘုရားသုံးဆူမြို့တွင် ဖေါက်ထွင်းမှုဖြင့် မသင်္ကာသူတစ်ဦး ဖမ်းဆီးထိန်း သိမ်းခံခဲ့ရာမှ သေဆုံး

ဒီဇင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ်၊ ဖိုးခွါးလေး (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ်အတွင်းရှိ ဘုရားသုံဆူမြို့တွင် ဖေါက်ထွင်းမှုကိစ္စနှင့် ပတ်သက်၍ မင်္ကာသူတစ်ဦးကို သက်ဆိုင်ရာရဲများက ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရာမှ သေဆုံးသွားခဲ့ပြီး ယနေ့တွင် ၄င်း၏ရုပ် အလောင်း ကို ဘုရားသုံးဆူမြို့ရှိ သင်္ချိုင်းတွင် သဂြိုလ်လိုက်ပြီးဖြစ် သည်ဟု သိရသည်။
၎င်းသေဆုံးသူမှာ ဘုရားသုံဆူမြို့ အမှတ် (၁)ရပ်ကွက် တွင် နေထိုင်သူ အသက် ၄၇နှစ်အရွယ်ရှိ ဦးသိန်းမြင့်(ခေါ်) ဦးသားငယ်ဖြစ်ပြီး ၄င်းအား အမှတ် (၂)ရက်မှ ဆင်နှစ်ကောင် ကားပစ္စည်း အရောင်းဆိုင် ဖေါက်ထွင်းမှုနှင့် ပတ်သက်ပြီး မသင်္ကာသူအဖြစ် မြို့ထိန်းရဲများက နိုဝင်ဘာလ ၂၈ရက်နေ့တွင် လာရောက်ဖမ်းဆီး ထိန်းသိမ်း ခဲ့ရာမှ ဒီဇင်ဘာလ ၁ရက်နေ့တွင် ဒဏ်ရာများနှင့် သေဆုံးသွားခဲ့သည်ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးဖြစ်သူ ဦးစံသင်းက ပြောသည်။
“သွေးတိုးဆိုရင် တောရုံတန်ရုံသေမှာမဟုတ်ဘူး။ အခုဟာက ဒဏ်ရာတွေနဲ့ဆိုတော့ လုံးဝအယုံအကြည်မရှိ ဘူး။ အခုလိုမျိုး တို့နေရာဒေသမှာ အာဏာပိုင်ရဲများက ထင်ရင်ထင်သလိုလိုက်လုပ်တာ များနေပြီး တို့ပြည်သူတွေပဲ ခံရတာဖြစ်တယ်”ဟု သူက ကေအိုင်စီကို ပြောသည်။
ထိုမှုခင်းနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးပေးရန် မိသားစုဝင်များက ဘုရားသုံးဆူမြို့ ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ဆက်ဆံရေးသို့ ဒီဇင်ဘာလ ၁ရက်နေ့တွင် တိုင်ကြား စာတစ်စောင်ပို့လာ သည်ဟု ရုံးဒုတာဝန်ခံ ပဒိုစောထဲနေ၏ ပြောပြချက်အရ သိရသည်။
ထိုတိုင်ကြားစာထဲတွင် ပါဝင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပဒိုစောထဲနေက “စစ်ဆေးမေးမြန်းရာမှ အမှုများ မပေါ်ပေါက်သည့်အတွက် ဒီဇင်ဘာလ ၁ရက်နေ့တွင် ဒဏ်ရာနှင့်သေဆုံးသွားခဲ့ပြီး ၎င်းသေဆုံးကြောင်း ကို ရဲများက မိသားစုဝင်ထံ အကြောင်းမကြားခဲ့သလို ၄င်းရုပ်အလောင်းကို မိသားစုဝင်များ ဓါတ်ပုံရိုက်ယူလိုပေ မယ့် မြို့နယ်မှူးက တားမြှင့်ခဲ့တယ်။ အဖြစ်အပျက်ကို မေးမြန်းသည်အခါ ၎င်းလူနာသည် သွေးတိုးရော ဂါကြောင့် သေဆုံးတယ်လို့ ပြောတယ်” ဟု ကေအိုင်စီကို ပြောသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး ဘုရားသုံဆူမြို့ နယ်ထိန်းရဲတဦးကို ကေအိုင်စီမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ဒီဖြစ်ရပ်ကို နှစ်ဦးနှစ်ဖက် သံသယမဖြစ်မိအောင် ဆရာဝန်များ၊ တာဝန်ရှိလူကြီးများ မိသားစုဝင်များ အကျိုး အကြောင်းဖြေရှင်းမှုများ ပြုလုပ်ခဲ့ပြီးပြီ ဖြစ်တယ်” ဟုသူ ကဆိုသည်။
ဘုရားသုံးဆူမြို့တွင် ဖောက်ထွင်းခိုးယူမှု အပါအ၀င် လူသတ်မှု၊ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ပြန်ပေးဆွဲမှုနှင့် ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

0 comments:

Post a Comment