ကျောင်းသားဗဟိုပြုသင်ယူမှုစနစ်

တင်ညွန့်

ကျောင်းသားဗဟိုပြုသင်ယူမှုစနစ်ကို (Student-centered Learning) ဟုခေါ်ဆိုပါသည်။ သင်ကြားမှု သင်ယူမှုဖြစ်စဉ်တွင် ကျောင်းသား၏ အတွေ့အကြုံကို ဗဟိုပြုသည့်သင်ယူမှုဟုဆိုနိုင်သည်။ အပြောဖြင့် သင်ကြားနည်းမဟုတ်၊ အလုပ်ဖြင့် သင်ကြားသည့်စနစ်ဟူ၍လည်း ဆိုနိုင်ပါသည်။
ကလေးဗဟိုပြု ချဉ်းကပ်မှု (Child-centered Approach) ဖြင့် အော်ခဲ့ပြီး ဆရာ၏ ထိန်းကြောင်းညွှန်ပြ သွန်သင်မှုကို ခံခဲ့ကြရသော ပညာရေးကိုသာ အစဉ်အလာအနေဖြင့် လက်ခံကျင့်သုံးနေကြဆဲဖြစ်သည်။ ကျောင်းသား သို့မဟုတ် ကလေးကို ဗဟိုမပြုနိုင်သေးသည့် အကြောင်းတရားများစွာရှိပါသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကျောင်းသား၊ ဆရာ၊ စာသင်ခန်းပြဿနာများကြောင့် အချိုးအစားမမျှသဖြင့် အကောင်အထည် မဖော်နိုင်ခြင်းကများသည်။ အထူးသဖြင့် ဆရာများကလည်း သင်ကြားမှုဗဟိုပြုရာတွင် မပြောင်းလဲချင်သေးသည့် သဘောထားများကိုလည်း တွေ့ရသည်။ ကလေး သို့မဟုတ် ကျောင်းသားကို ဗဟိုပြုလိုက်လျှင် ဆရာ၏အလုပ်၊ စွမ်းဆောင်ရမှု၊ အားထုတ်ရမှုပိုသွားသည်။ တစ်နည်းအားဖြင့် အပင်ပန်းမခံချင်ကြသောကြောင့်သာ ဆရာကိုဗဟိုပြုစေပြီး သင်ကြား နေကြခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
 ဆရာဗဟိုပြု ချဉ်းကပ်မှု

  • ဆရာသည် ဗဟုသုတ ဟင်းလေးအိုးကြီး ဖြစ်နေသည်။ သူသိ၊ သူတတ်၊ သူနားလည် ဖြစ်နေပြီး ပညာရယူနိုင်မှုတွင် ဆရာကသာ လမ်းညွှန်ခြင်း၊ ထိန်းချုပ်ခြင်းများကို ပြုလုပ်သည်။ ဘာကိုလေ့လာရမည်ဆိုခြင်းကို ဆရာကသာ အဆုံးအဖြတ်ပေးသည်။
  • ကျောင်းသားဆိုသည်မှာ "မပြည့်အိုး" အသွင် သဘောထားခြင်းခံရသည်။ ထို့ ကြောင့် ဖြည့်မှပြည့်၊ ပေးမှရ၊ သင်မှတတ် ဆိုသည့်သဘော သတ်မှတ်ခြင်းခံနေရသည်။
  • ကျောင်းသား ယခင်က သင်ယူခဲ့မှု၊ ကျွမ်းကျင်တတ်မြောက်မှု၊ အတွေ့အကြုံ ဗဟုသုတများကို လုံးဝလျစ်လျူရှုထားသည်။ ထို့ကြောင့် သင်တိုင်း တတ်မြောက်ရမည်ဟု မှတ်ယူထားသည်။ ကျောင်းသား၏ အားနည်းချက် နှင့် အမှားကို လက်မခံ။ "ဒါလေးတောင် မတတ်ဘူးလား" ဆိုသည့် မမျှမတ ပိုင်းဖြတ်မှုကို ခံနေရသည်။ "ဒီအတန်း ရောက်လျှင် ဒီစာကို သိကိုသိရမည်" ဆိုသည့် သတ်မှတ်ခြင်းကိုခံရသည်။
  • သင်ကြားခြင်းသည် အရှိန်မြှင့်ခြင်းဟု သဘောထားနေသဖြင့် သာမန်ကျောင်းသားလည်း တော်သည့်ကျောင်းသားနည်းတူ တစ်တန်းတစ်စားတည်း သတ်မှတ်ကာ မောင်းနှင်ခြင်းခံရသည်။
  • - ကျောင်းသား၏ တတ်မြောက်မှုကို အစဉ်အလာနည်းဖြစ်သည့် "စာမေးပွဲ" ဖြင့်သာ ပိုင်းဖြတ်သည်။ ကျောင်းသား၏ ခံယူနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းကို အလေးမထားသဖြင့် တစ်မျိုးတစ်စားတည်းမေးခွန်းထုတ်ကာ တစ်တန်းတည်းသတ်မှတ်ပြီး ပိုင်းဖြတ် ခြင်းခံရသည်။ ကျောင်းသား၏ နောက်ခံကို ပစ်ပယ်ကာ အမှတ်ဖြင့် ပိုင်း ဖြတ်ခြင်းဖြစ်သည်။
  • သင်ရိုးမာတိကာနှင့် သင်ရိုးညွှန်းတမ်းများသည် စည်းကမ်းနှင့် ရလဒ်ကိုအခြေခံသည့် ပြဋ္ဌာန်းသတ်မှတ်ချက်များ ဖြစ်နေသည်။ အသိဉာဏ်ဆိုသည်မှာ အဆင့်ဆင့် မြင့်တက်လာသည့်သဘောဟု လက်ခံထားကြသည်။ ထို့ကြောင့် အမှားအယွင်း အတိမ်း အစောင်းကို လက်မခံခြင်းဖြစ်သည်။ ကျောင်းသား၏ အချက်အလက် ရယူစုဆောင်းမှုကို ဆရာက "အသိပညာ" ဟု လွဲမှားစွာ ကောက်ချက်ချခြင်း ခံရသည်။
 ဆရာဗဟိုပြုခြင်းကြောင့် ရလာသည့်အကျိုးတရား
  • စည်းကမ်းတင်းကြပ် ချုပ်ကိုင်မှုကို ခံရပြီး နှုတ်တိုက်အာဂုံဆောင်ကာ ရွတ်ဆိုပြ၊ ရေးသားပြနိုင်မှ လူတော်အဖြစ် သတ်မှတ်ခြင်း ခံရသည်။
  • တွေးတောဆင်ခြင်မှုကို ဦးစားမပေးသည့် သင်ကြားမှုကို ခံရသဖြင့် ကျောင်းသားသည် ကိုယ်ပိုင်အစွမ်းအစဖြင့် ဖော်ထုတ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖွင့်ဆိုနိုင်ခြင်းမရှိတော့။  ပါဝင်သည့်အချက်အပေါ်တွင် အမှတ်ပေးကာ များများရ များများပေး၊ လူတော်ရွေး အအောင်ပေးခြင်းခံရသည်။
  • အချက်အလက်များကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ များများမှတ်မိလေ အောင်မြင်လေဖြစ်သည်။
ဆရာဗဟိုပြုသင်ကြားရာတွင် ဗျူဟာနှစ်ခုကိုသာ အဓိကကျင့်သုံးကြောင်းတွေ့ရသည်။
  • အုပ်စုလိုက်သင်ကြားခြင်း၊ အုပ်စုထဲမှ ပျမ်းမျှကိုသာ ရွေးထုတ်ခြင်း
  • အချက်အလက်များကို စုဆောင်းခြင်း၊ သင်ပြခြင်းသည် ဆရာ့အလုပ်ဟုသာ ခံယူထားသည်။ ထို့ကြောင့် ဆရာက သင်ကြား၊ ကျောင်းသားက နားထောင်၊ စာအုပ်ထဲ ပါတာဖတ်စနစ်ဖြစ်သည်။
 ဆရာဆိုသည်မှာ
  • ကျောင်းသားအစုအဝေးတစ်ခုကို မိမိသိ ထားသမျှ ပြောဆိုညွှန်ပြ သွန်သင်ပြသူ။
  •  အသိဉာဏ်ဂိတ်တံခါးတွင် တံခါးစောင့်။ သူဖွင့်မှဝင်နိုင်၊ သူခွင့်ပြုမှ ရနိုင်သည်။
  •  ငါမပါ ပညာရေးသည် မပြည့်စုံဟုထင်နေသည်။
 ကျောင်းသားဆိုသည်မှာ
  • ဆရာပေးမှ ရ၊ ဆရာသင်ပြမှ တတ်၊ ဆရာမသင် မအောင်မြင်ဆိုသည့် အတွေး ဝင်လာသည်။
  • ပညာကို ဆရာကသင်မှသာရမည်ထင်လာသဖြင့် ကိုယ်ပိုင်အစွမ်းအစများနည်းလာသည်။
  • နားလည်သည်ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ မှတ်ထားသမျှ ဖော်ထုတ်ပြနိုင်မှသာ အောင်မြင်မှုရမည်ဟု ထင်မှတ်နေကြသည်။
 သင်ယူမှုဝန်းကျင်
  • စာသင်ခန်းအတွင်း အတန်းလိုက် ထိုင်ရသည်။
  • ဆရာဟောပြောပို့ချချက်များကို နားထောင်ကြရသည်။ ဆရာဖတ်ခိုင်းသည့် စာအုပ်ကိုပဲဖတ်ရသည်။ ကန့်သတ်ချက်၊ တားမြစ်ချက်များဖြင့် နေထိုင်ကြရသည်။
 ကျောင်းသားဗဟိုပြူချဉ်းကပ်မှု
  • ကျောင်းသားကို မပြည့်သည့်အိုးတစ်လုံး အဖြစ် မည်သည့်အခါမျှ မသတ်မှတ်ပေ။ သူတို့သည် သူတို့ဘဝ၊၊ သူတို့အမြင်၊ သူတို့ ခံယူချက်၊ သူတို့ အတွေးအမြင်များဖြင့် ကြီးပြင်းလာခဲ့ကြသည်ဟု လက်ခံထားသည်။
  • ဘာကိုသင်ရမည်ဟု အလေးအနက်မထား၊ ဘယ်လိုထိရောက်အောင်သင်ရမည်ကို အဓိကထားပြီး သင်ယူမှု ဖြစ်စဉ်ကို တိုးတက် မြင့်မား သွားစေရန် ရည်ရွယ်ထားသည်။
  • ကျောင်းသား၏လေ့လာသင်ယူနေမှု အပေါ် ဆရာကစိတ်ပါဝင်စားပြီး ဘာထပ်လုပ်ပေးလျှင်ကောင်းမည်နည်းဟု အစဉ် တွေးပေးနေရမည်။ ဆရာဆိုသည်မှာ သူတို့ အတွက် စိတ်ဖိစီးစရာတစ်ရပ်အနေဖြင့် ရှိမနေစေရန် သတိပြုရမည်။ ကျောင်းသားကို အသင့်စားသုံးနိုင်ရန် မစီစဉ်ပေးရ။ လမ်းညွှန်ပြသသူသာဖြစ်ရမည်။
  • ကျောင်းသားကို ဆရာကြိုက်သည့်နည်းလမ်း၊ သတ်မှတ်ပြဋ္ဌာန်းချက်နည်းလမ်း အတိုင်းလေ့လာသင်ယူနေစေ ခြင်းထက် ကျောင်းသားကြိုက်သည့်နည်းလမ်းကိုလည်း ရွေးချယ်ခွင့်ပေးရမည်။ တစ်ဦးချင်း ဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ ဖော်ထုတ်ဝေဖန် သုံးသပ်နိုင်ခွင့်ကို ဦးစားပေးရမည်။ ဤ နည်းမှာကျောင်းသား၏ တီထွင်ဖန်တီးချင်စိတ်ကို အားပေးအားမြှောက် ပြုရာရောက်သည်။
  • သင်ယူမှုဖြစ်စဉ်သည် လှုပ်ရှားတက်ကြွ စိတ်ထက်သန်ပြင်းပြနေရမည်။ အချက်အလက်ပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံ၊ အတွေးပေါင်းစုံ၊ ချဉ်းကပ်မှုနည်းမျိုးစုံဖြင့် သက်ဝင်နေရမည်။ တစ်ခုမအောင်မြင်လျှင် အခြားတစ်ခုဖြင့် ချဉ်းကပ်နိုင်စေရန် အားပေးအားမြှောက်ပြုနေရမည်။ ကျောင်းသား နှင့်ဆရာ အပြန်အလှန် ဆွေးနွေး ခြင်း၊ ကျောင်းသားအချင်းချင်း အပြန်အလှန်ဆွေးနွေးခြင်း၊ တစ်ဦးချင်း၊ အုပ်စုလိုက် အပြန်အလှန် ဝေဖန်ဆန်းစစ် ငြင်းခုန်ဆွေးနွေး ဝေဖန်မှုများကို အားပေးရမည်။ ဤနည်းသည် ကျောင်းသားဗဟိုပြုသင်ယူမှုကို အရှိန်မြင့် စေပါလိမ့်မည်။ အစဉ်အလာပညာရေးသည် ကျောင်းသားကို ဝေဖန်ဆွေးနွေးခွင့် မပေးထားသဖြင့် အကြံတုံး၊ ဉာဏ်တုံး များဖြစ်ခဲ့ရသည်။ ဆရာသည် ကျောင်းသားကို အမြင်အယူအဆ မတူလျှင် အပြစ်မြင်မည့်အစား၊ အားပေးအားမြှောက်ပြုနိုင်ရမည်။
  • ကျောင်းသားသည် ပြောဆိုခြင်း၊ နားထောင်ခြင်း၊ ရေးသားခြင်း၊ ဖတ်မှတ်ခြင်းတို့တွင် ကိုယ့်စိတ်တိုင်းကျ စိတ်ပါမှလေ့လာ၊ စိတ်ပါမှသင်ယူ၊ စိတ်ပါသည်ကိုလုပ်ဆောင် နိုင်ရန် အားပေးရမည်။ "ကျောင်းသားမသိ ချင် လျှင် ဘာကိုမျှ သင်၍မရနိုင်" ဆိုသည့် သဘောတရားကို နားလည်ထားရမည်။
  • ယခင် ကျောင်းသားကို ပိုင်းဖြတ်ရာတွင် အမှတ်အရေအတွက်သာဖြစ်သည်။ အမှတ်ဖြင့် ပိုင်းဖြတ်ခြင်းထက် ပြဿနာကို ဖြေရှင်းပုံ ဖြေရှင်းနည်းအား ဦးစားပေးသင့်ပါသည်။ ဆရာနှင့်ကျောင်းသားဆိုသည်မှာ တစ်လှေ တည်းစီး၊ တစ်ခရီးတည်းသွားနေသည့် သဘောမျိုး သက်ရောက်နေရမည်။ ဆရာသည် ပဲ့ကိုင်၊ ကျောင်းသားကို လှေဝမ်းထဲ ထိုင်ခိုင်းထားရုံဖြင့် ဘာမျှတတ်ကျွမ်းလာမည် မဟုတ်ပါ။
  • သင်ရိုးညွှန်းတမ်းများနှင့် သင်ရိုးမာတိကာများသည် တစ်သမတ်တည်း ပြဋ္ဌာန်းချက်များ မဖြစ်စေရ။ အကြောင်းအရာ အချက် အလက်များသည် အမြဲရှင်သန် ပြုပြင် ပြောင်းလဲနိုင်ရမည်။ ဖတ်စာဆိုသည်မှာ ကျောင်းသားတစ်ဦးတည်းဖတ်ရန်မဟုတ်၊ ကျောင်းသားနှင့်ဆရာ ပူးပေါင်းဖတ်ပြီး အဖြေရှာနိုင်မည့် နည်းလမ်း များကို စုပေါင်း ဆောင်ရွက်မှုမျိုးသာဖြစ်ရမည်။
 ကျောင်းသားဗဟိုပြုခြင်းကြောင့် ရလာသည့် အကျိုးတရား
  • နယ်ပယ်တစ်ခုအတွက်သာမက ပညာရပ် နယ်ပယ်ပေါင်းစုံကို အလေးအနက်ထားလာသည်။
  •  ကျောင်းသားသည် သင်ယူမှုတွင် စိတ် ဓာတ်အမြဲတက်ကြွနေမည်။ တွေးခေါ်မှုနှင့် စွမ်းဆောင်ရည်များ မြင့်မားလာမည်။ ဥပမာ ပြဿနာများကို အဖြေရှာတတ်မည်။ ပိုင်းခြားဝေဖန် သုံးသပ်တတ်မည်။ စုစည်း လုပ်ဆောင် အကောင်အထည်ဖော်တတ်လာမည်။ ဆက်သွယ်ပူးပေါင်း အဖြေ ကောင်းမည်ဟု နားလည်သဘောပေါက် လာလိမ့်မည်။
ကျောင်းသားဗဟိုပြုရာတွင် အသုံးပြုသည့် ဗျူဟာများမှာ
  • မည်သို့လေ့လာသင်ယူရမည်ကို ကျောင်းသားနှင့်ဆရာ ပူးပေါင်းအဖြေရှာကြသည်။
  • ကျောင်းသားတစ်ဦးချင်း၏ လိုအပ်ချက်ကို  ဗျူဟာပြောင်းလဲ ကျင့်သုံးနိုင်သည်။
  • အသိပညာကို နယ်ပယ်စုံမှ ရယူပိုင်ခွင့်ရှိသည်။ ဥပမာ စာအုပ်၊ အွန်လိုင်း၊ လူ့ဘောင် အဖွဲ့အစည်းများမှ၊ လူမှုကွန်ရက်များမှရနိုင်သည်။ ရရှိလာသည့် အချက်အလက်များဖြင့် မိမိတို့ပြဿနာများကို ဖြေရှင်းမှုပြုတတ်လာသည်။
 ဆရာဆိုသည်မှာ
ကူညီပံ့ပိုးအကျိုးဆောင်သူဖြစ်သွားသည်။ ကျောင်းသားကို အချက်အလက်များ၊ ဗဟုသုတများ၊ အကြောင်းအရာများ ရရှိနိုင်စေရန် လမ်းညွှန်ပြသူ ဖြစ်သွားသည်။ ဆရာ၏ အလုပ်ကိုနည်းနိုင်သမျှနည်းအောင် လျှော့ချနိုင်ရမည်။ ကျောင်းသားသည် ပြဿနာတစ်ရပ်ကို ကိုယ်တိုင်ဖြေရှင်းနိုင်ရမည်။ ကိုယ်တိုင်မအောင်မြင်လျှင် ပူးပေါင်း ကြံဆဖော်ထုတ်တတ်ရမည်။ အလုပ်ကို ကျောင်းထက် ပြင်ပတွင် အချိန်ယူကာ လုပ်ဆောင်နိုင်ရမည်။ ကျောင်းဆိုသည်မှာ စာလာသင်ရန်မဟုတ်။ ကျောင်းသားကို ပိုင်းဖြတ်ရမည့် နေရာတစ်နေရာဖြစ်လာသည်။
 ကျောင်းသားဆိုသည်မှာ
  • သင်ယူမှုဖြစ်စဉ်ကို တာဝန်ယူတတ်သူတွေ ဖြစ်လာမည်
  • လှုပ်ရှားတတ်ကြွ ဖော်ထုတ်တတ်သူတွေ ဖြစ်လာမည်
  • ဆရာနှင့်ပူးပေါင်း၊ အခြားရနိုင်သမျှ စုဆောင်း၊ အဖြေကောင်းထုတ်နိုင်သူတွေ ဖြစ်လာသည်။
 သင်ယူမှုဝန်းကျင်
  • ကျောင်းသားသည် သင်ယူနိုင်မည့် ရင်းမြစ် အများဆုံးရှိသည့်နေရာတွင် သင်ယူခွင့်ရှိရမည်။ ဥပမာ စာကြည့်တိုက်၊ အင်တာနက်တို့ဖြစ်သည်။
  •  ကျောင်းသားတစ်ဦးချင်း လေ့လာနိုင်မှု ရှိမည်။ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုရှိ လာမည်။ ဆရာက လေ့လာသင်ယူမှုကို ကြီးကြပ်သည့်သဘောသာဖြစ်သည်။
ဗဟိုပြုမှုနှစ်ခုနှိုင်းယှဉ်ချက်
ဆရာဗဟိုပြု

ကျောင်းသားဗဟိုပြု
သင်ကြားသည့်ဆရာသာ အဓိကဖြစ်သည်
ကျောင်းသားရော ဆရာကိုပါ အဓိကထားသည်

ဆရာသည် သူသိထားသမျှကိုသာ သင်ကြားပြသပေးရသည်
ကျောင်းသား၏အနေအထားအလိုက် သင်ယူနိုင်မှုကို လိုက်ပြီး သင်ကြားပေးသည်

ဆရာကပြော၊ ကျောင်းသာကနားထောင်
ဆရာသည် ပုံစံတစ်ခုအနေနှင့်သာ ရပ်တည်နေသည်။ ကျောင်းသားသည် အချင်းချင်း အပြန်အလှန်ပြောဆိုဆွေးနွေးနေမည်။ ဆရာကလည်း ထိုအထဲတွင် ပါဝင် ဆွေးနွေးသူ ဖြစ်ကောင်း ဖြစ်နိုင်သည်

ကျောင်းသားတစ်ဦးတည်းသာ ခိုင်းတာလုပ်နေရသည်
နှစ်ယောက်တွဲ၊ အုပ်စုလိုက်၊ အခြေအနေအရ တစ်ဦးတည်း လုပ်ရမည့်ကိစ္စများတွင်သာ လုပ်ဆောင်သည်။ များသောအားဖြင့် ပူးပေါင်းဆောင် ရွက်မှုကို အလေးပေးသည်

ဆရာကစောင့်ကြည့်၊ မှားလျှင်ပြင်ပေး၊ ကျောင်းသား ၏ အားကိုး အားထားစရာဖြစ်နေသည်
ဆရာမပါလည်း စာသင်ကြားနိုင်သည်။ ဆရာ ဆိုသည်မှာ ပြဿနာတစ်စုံတစ်ရာပေါ်လာလျှင် အမှန် ရောက်အောင် တည့်မတ်ပေးမည်။ တုံ့ပြန်မှုရှိလာအောင် လုပ်ပေးမည်။

ဆရာကမေး၊ ကျောင်းသားကဖြေစနစ်ဖြစ်သည်  
ကျောင်းသားအချင်းချင်း အပြန်အလှန် မေးခွန်းတွေထုတ်ကြသည်။ အဖြေရှာကြသည်။ ဆရာသည် သတင်းအချက်အလက်များရယူနိုင်သည့် နေရာတစ် နေရာအဖြစ် ရပ်တည်ပေးသည်

သင်ကြားရမည့်အကြောင်းအရာကို ဆရာကသာ ရွေးချယ်သည် 
ကျောင်းသားသည် မိမိသင်ယူချင်သည့်အကြောင်း အရာကိုရွေးချယ်ပိုင်ခွင့်ရှိသည်

ကျောင်းသား၏ သင်ယူမှုကို ဆရာကပိုင်းဖြတ်သည်
ကျောင်းသားသည် မိမိသင်ယူမှုကို မိမိဘာသာ ပိုင်း ဖြတ်သည်။ ဆရာသည် အကဲဖြတ်ရုံသာဖြစ်သည်

စာသင်ခန်းသည် တိတ်ဆိတ်ငြိမ်သက်နေတတ်သည်        
စာသင်ခန်းသည် ဆူညံနေပြီး၊ ဝုန်းဒိုင်းကြဲကောင်း ကြဲနေနိုင်သည်

0 comments:

Post a Comment