ပြည်တွင်းသို့ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်တွေ ပို့ချမည်

Sunday, 30 September 2012 12:12

ကရင်နီ ပညာရေးဝန်ကြီး ဆရာဦးအောင်ဆန်းမြင့်က “တချို့ပြန်ထင်ဖို့ရှိတယ်၊ ကျောင်းကလည်းအဓိက လူ့အခွင့်အရေးဆိုင်ရာတွေ ဒီမိုဂရေစီနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို ပို့ချတာဆိုတော့လေး ဒါတွေကို သူတို့ကနေပြီး တချို့ ပြည်တွင်းကို ပြန်လည်ပို့ချဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

၂၀၁၁-၁၀၁၂ ခုနှစ် SDC ကျောင်းသား၊သူများနှင့် ဆရာ၊ဆရာမများအား မြင်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ယမန်နေ့က ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ ကရင်နီလူမှု ဖွံ့ဖြိုးရေးကျောင်း (Social Development Center) မှာ စီမံခန့်ခွဲမှု ပညာရပ်၊ ခေါင်းဆောင်မှု ပညာရပ်၊ လူ့အခွင့်အရေး ဘာသာရပ် နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်ကိုတွေကို သင်ယူခဲ့ကြတဲ့ ကျောင်းသူ/သားတွေ သင်တန်းဆင်း လက်မှတ်ပေးအပ်တဲ့ အခမ်းအနားကို ကျင်းပခဲ့ အပြီးမှာ ပြောသွားတာ ဖြစ်ပါတယ်။ အဲဒီသင်တန်းသား/ သူတွေထဲကနေပြီး သင်ကြားခဲ့ရတဲ့ ပညာရပ်တွေကို အသုံးပြုပြီးတော့ မိမိတို့ဒေသမှာ ပြန်လည် ပို့ချပေးနိုင်ဖို့ ရည်ရွယ်ချက်ရှိထားတဲ့ မအေးအေးအောင်က ယခုလိုရှင်းပြပါတယ်။
“ကျမအရင်ကတည်းက မျှော်လင့်ထားတာကတော့ ကျောင်းပြီးသွားရင် အဖွဲ့အစည်းတခုခုနဲ့ ကျမဝင်ပြီးတော့ လှုပ်ရှားမယ်၊ တယောက်တည်း မဟုတ်ဘူး၊ ကျမသူငယ်ချင်းတွေနဲ့ အတူတူလှုပ်ရှားမယ်”လို့ ပြောပါတယ်။
အဲဒီသင်တန်းမှာ တခြားဘာသာရပ်တွေ အနေနဲ့ Peace building ၊ Peace education၊ နဲ့ Project Planning စတဲ့ ဘာသာရပ်ကိုလည်း သင်ကြားပေးတယ်လို့ သိရပါတယ်။
ကရင်နီ လူမှုဖွံ့ဖြိုးရေးကျောင်း (SDC) မှ ကျောင်းအုပ် ဆရာမြာရယ်က လူထုတွေ အသိပညာ တိုးတက်လာဖို့အတွက် ပြန်ပြီးဦးဆောင်ပေးနိုင်တဲ့ သူတွေအဖြစ်နဲ့ ရည်ရွယ်ပြီး သင်ကြားပေးခဲ့တယ်လို့ ပြောပါတယ်။
ဆရာမြာရယ်က “တက်ရောက်တဲ့ ဒီသင်တန်းသား၊ သင်တန်းသူတွေ အနေနဲ့ပေါ့နော်၊ ဒီသင်တန်းပြီးသွားလို့ရှိရင် သူတို့က ကျနော်တို့ ဒီလူမှု အသိုင်းအဝိုင်းမှာ ပြန်ပြီးတော့မှ ခေါင်းဆောင်ပိုင်းနေရာမှာပဲ ပြောပြော၊ ပြန်ပြီးတော့  ဦးစီးဦးဆောင်နိုင်ဖို့ အဓိကရည်ရွယ်ချက်လေးနဲ့ပါ” လို့ ရှင်းပြပါတယ်။
လက်ရှိ မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးကာလမှာ ဒီလိုအခန်းကဏ္ဍတွေ အရေးပါတယ်တယ်လို့ ၎င်းသင်တန်းကျောင်းမှာ လုပ်အားပေးနေတဲ့ ကိုလံဘီယာနိုင်ငံ United Network of Young Peacebuilders (UNOY) ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များ ကွန်ယက်အဖွဲ့ မှ အဖွဲ့ဝင် တဦးဖြစ်တဲ့ Paula Ramirez ကနေပြီး အခုလိုရှင်းပြသွားပါတယ်။
“အဓိကအားဖြင့်တော့ မြန်မာနိုင်ငံမှာလိုမျိုး အပြောင်းအလဲတွေ အများကြီး ဖြစ်လာတော့မယ့် နိုင်ငံမျိုးမှာပေါ့။ ပြီးတော့ သူတို့လို လူငယ်တွေက အဲ့ဒီအပြောင်းအလဲတွေ အတွက် တကယ့်ကို တာဝန်ရှိတဲ့လူပဲ။ အဲ့ဒါကြောင့် ဒီအပြောင်းအလဲတွေ တကယ်ဖြစ်လာဖို့ဆိုရင် သူတို့မှာ အဲ့ဒီဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေ ရရှိဖို့ အရမ်းအရေးကြီးပါတယ်။” လို့ပြောပါတယ်။
ဒီသင်တန်းကို ပြီးခဲ့တဲ့ ဧပြီလမှ စတင်ကာ ၆ လကြာဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသူ၊သား ဦးရေ ၁၅ ဦးတက်ရောက်ခဲ့တာဖြစ်ပါတယ်။

0 comments:

Post a Comment