ဖားကန့်တွင် လက်နက်ကြီးကျ၍ ဒေသခံ ၁ ဦးသေ ၇ ဦးဒဏ်ရာရ

15 September 2012
KNG


မြန်မာအစိုးရတပ်များတပ်ချထားသော ရွာအနီးနေရာတ၀ိုက်တွင် လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နောက်ဗုံးပေါက်ကွဲမှုနှင့် သေနတ်များဆက်တိုက်ပစ်ဖောက်လာချိန်အဆိုပါဒေသခံ ၇ ဦးကိုထိခိုက်ပြီး ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန် (Ja Seng Ing) ကိုအမြောက် ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေတစ်ဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
“ကျောင်းဆင်းချိန်ဖြစ်တယ်။ သေနတ်သံတွေအရမ်းမြည်လာတော့ ဝပ်ပြီးနေကြသေးတယ်။ ဒါမယ့် ဂျာဆိုင်းအိန် (Ja Seng Ing) ကိုကျည်ဆံလာထိမှန်သွားတော့ သေသွားတယ်။ ဆရာမ ၂ ယောက်က ဂျာဆိုင်းအိန် (Ja Seng Ing) ရဲ့ ရုပ်အလောင်းကိုသယ်ခဲ့တာ။”
အဆိုပါသေဆုံးသွားသော ကျောင်းသူမလေးသည် ဆွတ်ငိုင်ယန်ရွာ (Sut Ngai Yang Mare) တွင် နေထိုင်သောကျောင်းသူဖြစ်ပြီး ၄င်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်သွားသူများမှာ ဦးယာကုတ် (Yaku) အသက် (၃၆) ကလေးကျောင်းသွားကြိုချိန် ခြေဖနှောက် နှစ်ခုတွင် ဗုံးစများထိမှန်ပြီး မဆိုင်းပန် (Seng Pan) ဆိုသူသည် ခြေတလုံးတွင်ထိမှန်ကာမိခင်ဖြစ်သူ ဒေါ်ဂျာနန် (Ja Nan) ကိုနားတွင် ထိမှန်သွားခဲ့ကြောင်း သိရသည်။
ထို့အတူမှော်ဝှမ်းရပ်ကွက်နေ ဦးလဘူခွန်ဆိုင်း (Labu Hkun Seng) အသက် (၃၁)နှင့် သမီးဂျာလုအောင် (Ja Lu Awng) သည် ဖိနပ်သွားဝယ်ချိန် မျက်နာတည့်တည့်တွင် ဗုံးပေါက်ကွဲလာပြီး ပါး၊ မျက်စိ နှင့် ရင်ဘတ်၊ ပေါင်တွင် ထိမှန်ကာသမီးဖြစ်သူမှာ ညာဘက်လက်နှင့်ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထိုအတူ ၁၀ တန်းကျောင်းသူ အသက် ၁၈ နှစ် မဂျာရိန် (Ja Ring) နှင့် အသက် ၂၄ နှစ်ရှိသော ကိုဇုန်းခေါင် တို့ကို ထိမှန်ခဲ့ကြောင်းသိရသည်။
လက်နက်ကြီးများပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသောသူများသည် ယခုချိန်ဖားကန့်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ၄င်းတို့အားကူညီပေးနေသူ KNG ကချင်သတင်းဌာနသို့ပြောသည်။
ထိုသို့ ဒေသခံများရှိသည့်နေရာများသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် မည်သည့်တပ်ဘက်မှ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မသိရှိရသေးပေ။
အဆိုပါပေါက်ကွဲမှုသည် ထိုညနေတွင် မြန်မာအစိုးရတပ်သားများ အရက်သေစာများ သောက်စားမှုးယစ်ပြီး ပြန်လာချိန် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်လာပြီးနောက် ထိုကဲ့သို့လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများ ဖြစ်ပေါ်လာကာ ဆက်တိုက်ပစ်ခတ်လာခဲ့ခြင်းဖြစ်ကြောင်း မှော်ဝှမ်းနှစ်ခြင်းဒုက္ခသည်စခန်းမှ သိရသည်။
ထိုသို့ လက်နက်ကြီးများပေါက်ကွဲမှုဖြစ်ပွားရာတွင် မြန်မာအစိုးရတပ်မှ တပ်သား ၃ ဦးထိ ခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယခုချိန် မြန်မာအစိုးရတပ်သည်လည်း ဒေသခံများ၏ နေအိမ်အတွင်းသို့ အဓမ္မဝင်ရောက်ပြီးပိုက်ဆံများ၊ ပစ္စည်းများလုယက် လျက်ရှိနေကြောင်း လက်စွပ်လုယူခံသွားရသောဒေါ်အာနမ် KNG ကချင်သတင်းဌာနသို့ပြောသည်။
ကျောက်စိမ်းထွက်ရှိရာဖားကန့်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရတပ်ကြား တင်းမာမှုများ အရှိန်မြင့်နေချိန် နှစ်ဖက်တိုက်ခိုက်ရန်အသင့်နေယူထားချိန်ဖြစ်သောကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ပြီး ဒေသခံများလည်း သွားလာရန်ကြောက်လန့်နေကြသည်။

0 comments:

Post a Comment