ဆွေးမြေ့နေတဲ့ ရှားတော-လွိုင်ကော် တံတားပျက်စီးကျိုးကျ

တံတားက လွိုင်ကော်မြို့နဲ့ ရှားတောမြို့သွားတဲ့ ကားလမ်းမပေါ်က တံတားတစင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ ရက်က အဲဒီပျက်စီးနေတဲ့တံတားကို ပါလောင်းကျေးရွာက ဒေသခံရွာသားတချို့နဲ့ ဒေါတယုတ်ရွာက ဒေသခံတို့ကနေပြီး ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်နေကြတာကို တွေ့ရပါတယ်။

ပျက်စီးနေသည့်တံတားကို ပြုပြင်နေသည့်ဒေသခံများတွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
တံတားကို ပြုပြင်ကူညီပေးနေတဲ့ အသက်လေးဆယ်ကျော်အရွယ်ရှိ ပါလောင်းကျေးရွာက ဦးလေးတဦးက အခုလိုရှင်းပြပါတယ်။ “တံတားက တော်တော်ဟောင်းနေပြီ ပျက်စီးနေတာတွေက ရှိပြီးသားပါ။ အဲဒါတံတားက ပေါက်ပြဲနေတော့ ကားတစီးအရိုန်နဲ့ ဖြတ်သွားအပြီးမှာဘဲ ပျက်ကျသွားတာပါ” လို့ ပြောပါတယ်။
တံတားပျက်စီးပြီးချက်ချင်းမှာဘဲ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ ဆောက်လုပ်ရေးဌာနကိုလည်း အကြောင်းကြား ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီမှာ လူအင်အားစုစုပေါင်း နှစ်ဆယ်ကျော်လောက်က လာပြီးလုပ်နေကြရတာပါ။
၎င်းက “နှစ်ရွာစလုံးကလူတွေနဲ့ လာပြီးကိုယ့်ဘာသာကိုယ် လာလုပ်ကြတာပါ။ သက်ဆိုင်ရာ လူကြီးတွေကိုလည်း ပြောပြထားပါတယ်။ ဘာမှတော့ပြန်မပြောပါဘူး။ အခုတော့ ကျနော်တို့ဘာသာကျနော်တို့ လုပ်နေတာ ပြီးတော့မှာပါ။ ဒီလောက်လုပ်အားနဲ့လုပ်တာ မနက်ဖြန်ဆို ပြီးလောက်ပါပြီ” လို့ ပြောပါတယ်။
ကုန်ကားတွေ ထော်လဂျီတွေနဲ့ ရှားတောသွားတဲ့ လိုင်းကားတွေအပါအဝင် လမ်းလွှဲကနေ သွားနေကြတာကို တွေ့ရပါတယ်။

ပါလောင်းကျေးရွာနှင့် ဒေါတယုတ်ရွာ နားမှ ပျက်စီးနေသည့်တံတားကို ပြုပြင်နေသည့်ဒေသခံများတွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ဆောက်လုပ်ရေးဌာနမှ ဝန်ထမ်းတဦးက “ဌာနဆိုင်ရာဘက်ကလုပ်ရင်လည်း အလုပ်သမားခေါ်ရမှာဆိုတော့ ဒီဘက်က တခြားလူကို ခေါ်စရာမလိုတော့ဘဲ ဒီလိုဒေသခံတွေ လာလုပ်တယ်ဆိုရင် သူတို့ကို လုပ်အားခပေးရမှာပါ။ လုပ်အားခတွေကို တခြားလူတွေဆီ မရောက်တော့ဘူးပေါ့ သူတို့အနေနဲ့လည်း လုပ်အားခက သူတို့ဆီကို ရောက်သွားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

0 comments:

Post a Comment