လွိုင်ကော်မြို့မှာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ပထမဦးဆုံးအကြိမ်ကျင်းပ

 Monday, 13 August 2012 12:46

လွိုင်ကော်မြို့ကက်သလစ် ဓမ္မာရုံမှာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့လူငယ်များနေ့ရဲ့ ရည်ရွယ်ချက်များထဲမှာ လာမည့်အနာဂါတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အာဆီယံ လူငယ်ဖိုရမ်များအတွက် တိုင်းရင်းသားဒေသမှ လူငယ်များအနေနဲ့လည်း အထောက်အပံ့ကောင်းများ ဖြစ်ပေါ်လာနိုင်ဖို့ ဆိုတဲ့အချက်ကို တွေ့ရပါတယ်။
"ကျနော်တို့ ဒီလူငယ်ထဲမှာ အဖွဲ့အစည်း အမျိုးမျိုး ရှိတယ်ဆိုတော့ သူတို့ရဲ့ လုပ်ဆောင်ချက်၊ သူတို့ရဲ့ ရည်ရွယ်ချက်တွေ သူတို့ ပြောပြတယ်။ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်ကိုလည်း ပြောပြတယ်။ ဗဟုသုတတွေလည်း အများကြီးရခဲ့ပါတယ်" လို့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို တက်ရောက်ခဲ့ တဲ့ လူငယ် ခွန်းယို ကပြောပါတယ်။
ကန္တာရဝတီ လူငယ်အဖွဲ့နဲ့ ကေ့ထျိုးဘိုး လူငယ်အဖွဲ့တို့ဦးဆောင်ပြီး ကျင်းပပြုလုပ်တဲ့ အခမ်းအနားကို ကရင်နီပြည်တွင်းမှာ ရှိတဲ့ လူငယ်အဖွဲ့အစည်း အသီးသီးကနေပြီး တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနား ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက် ၇ ချက်မှာ…
•         မြို့ပြ၊ ကျေးလက်ရှိ လူငယ်များသည် အခွင့်အရေး နှင့် တာဝန်ယူခြင်းများ သိရှိလာစေရန်
•         မြန်မာနိုင်ငံရှိ လူငယ်များသည် ကမ္ဘာ့နိုင်ငံ အသီးသီးရှိလူငယ်များ၏ အခန်းကဏ္ဍများ၊ လုပ်ဆောင်မှု နှင့် အားပေးမှုကို သိမြင်လာစေရန်။
•         လူငယ်များအတွက် ပိုမိုရင်နှီးမြုပ်နှံသော မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းအဖြစ် အားကောင်းလာစေရန်
•         လူငယ်များ ကွန်ယက်ဆက်သွယ် လုပ်ဆောင်ရွက်ခြင်းအားဖြင့် အခွင့်အရေး တာဝန်ယူခြင်း အခန်းကဏ္ဍများကို ပိုမိုလုပ်ဆောင်လာစေရန်။
•         မြန်မာနိုင်ငံရှိ လူထု တရပ်လုံးအား ကိုယ်စားပြုသော အဖွဲ့သည် ဒေသအသီးသီးမှ လူငယ်များပါဝင်သော ကိုယ်စားပြု အဖွဲ့ ဖြစ်လာစေရန်
•         မြန်မာနိုင်ငံ ရှိတိုင်းရင်းသားပေါင်းစုံ ပါဝင်သော လူငယ်ညီလာခံ ကျင်းပပြုလုပ်လာနိုင်ပြီး လူငယ်များ၏ လက်ရှိအဓိက လိုအပ်ချက်များကို ဖော်ထုတ်ဆောင်ရွက်နိုင်ရန်။
•         မြန်မာနိုင်ငံ မှ ဦးဆောင်ကျင်းပမည့် အာဆီယံ လူငယ်ဖိုရမ်များအတွက် အထောက်အပံ့ကောင်းများ ဖြစ်ပေါ်လာစေရန် တို့ဖြစ်ပါတယ်။

လူငယ်များနေ့ ဖြစ်ပေါ်လာရခြင်းကတော့ ၁၉၉၈ ခုနှစ် သြဂုတ်လ (၈-၁၂) ရက်နေ့အထိ ပေါ်တူဂီနိုင်ငံ လစ္စဘွန်း မြို့မှာ ကျင်းပခဲ့တဲ့ လူငယ့်ရေးရာဝန်ကြီး ဌာနများ၏ ကမ္ဘာလုံးဆိုင်ရာ ကွန်းဖရင့် မှတဆင့် သြဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ဖို့ ထောက်ခံ တိုက်တွန်းချက်ကို ဆုံးဖြတ်ချက် (၅၄/၁၂၀) နဲ့ ၁၉၉၉ ခုနှစ်မှာ ကျင်းပတဲ့ ၅၄ ကြိမ်မြောက် ကမ္ဘာ့ကုလသမ္မဂ ညီလာခံကနေ လက်ခံ အတည်ပြုခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို တက်ရောက်ခဲ့တဲ့ လူငယ် ခွန်းယိုက "ကျနော်တို့လည်း ရှေ့ဆက်ပြီးတော့ ဒီလိုပဲ လူငယ်တွေ၊ လူငယ်များစွာပေါ့ စုစည်းပြီးတော့ ကျနော်တို့ရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုတွေ၊ လုပ်နိုင်ရင်ပိုကောင်းမယ်လို့ ကျနော်ပြောချင်ပါတယ်"

0 comments:

Post a Comment