တိမ်တွေလို ပြယ်လွင့်သွားခဲ့တဲ့ တချိန်က ငြိမ်းချမ်းရေး မျှော်လင့်ချက်များ


" ငြိမ်းချမ်းရေး ရရင် ကော့ကရိတ်ကို သွားလည်မယ်။ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတွေကိုလည်း ၀င်တွေ့သွားချင်တယ်။ ငြိမ်းချမ်းရေး မြန်မြန်ရရင် သိမ့်ကောင်းမှာပဲနော်" ဆိုပြီး သူ့ရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက် အိမ်မက်ကို ရင်ဖွင့်ပြလာသူကတော့ ရဲဘော် စောပို့ယိုပါ။

ဒီ မျှော်လင့်ချက် တွေကို၂၀၀၄ခုနှစ် ဗိုလ်ချုပ်မြရဲ့ ရန်ကုန်ငြိမ်းချမ်းရေး ခရီးစဉ်ကနေ စတင် ရရှိလာခဲ့တယ်လို့ ဆိုရမှာပါ။ ဒီလိုမျှော်လင့်ချက်မျိုး စောပို့ယိုတို့လို ကရင်တော်လှန်ရေး သမားတွေ ပုံစံအ မျိုး မျိုး နဲ့  တောင့် တ မျှော်လင့် နေခဲ့ကြ ပါတယ်။ စောပို့ယို ရဲ့ မျှော်လင့်ချက်လေး ကတော့ ရိုးရှင်းတယ်လို့ အပြင်ပန်းကြည့်ရင် ထင်ရပေမယ့်လည်း သူ့အတွက်ကတော့ အလွန်ပဲ ကြီးကျယ်ခန်းနား နေပါလိမ့်မယ်။.

ဒေါနတောင်ခြေမှာ မွေး အဲဒီနယ်မြေကနေ လွဲပြီး မြို့ဆိုလို့ ဘယ်မြို့ကိုမှ မရောက်ဖူးတော့ သူနဲ့ ဆက်စပ်မှုရှိတဲ့ ကော့ကရိတ်မြို့ကို အလည်သွားဖို့ ဆိုတာ သူ့အတွက် အလွန် ကြီးကျယ်ခန်းနား လွန်းလှပါတယ်။ တချိန်က ထမင်းတအိုးထဲ အတူစားခဲ့ဖူးတဲ့ ဒီကေဘီအေနဲ့ ကေပီအက်ဖ် (ဟောင်သရော အထူးဒေသ) ရောက် သူငယ်ချင်းတွေကိုလည်း စောပို့ယို အလွန် ပြန်တွေ့ချင်ခဲ့ပါတယ်။ ဒေါနတောင်ခြေက ရွာငယ်လေးတရွာမှာ မွေးပြီး အပေါင်းအသင်းဆိုလို့ တပ်ထဲ ရောက်မှ ရလာတဲ့ စောပို့ယိုဟာ သူငယ်ချင်းတွေအပေါ် အလွန်ပဲ သံယောစဉ်ရှိပြီး ရဲဘော်ရဲဘက်စိတ် အပြည့်အ၀ ရှိခဲ့ပါတယ်။

လူတိုင်း စစ်ကို မလိုလားကြပါဘူး။ စောပို့ယိုတို့လို လက်နက်ကိုင်တဲ့ သူတွေဆို ပိုလို့ပင် စစ်ကို မုန်းတီးကြပါလိမ့်မယ်။ စစ်ဖြစ်ရင် ဒဏ်ရာရတယ်၊ ထိခိုက်တယ်၊ နောက်ဆုံး အသက်ပင်ပေးကြရတယ် မဟုတ်ပါလား။ ဒါကြောင့်လည်း ဗိုလ်ချုပ်မြ ငြိမ်းချမ်းရေး ခရီးစဉ်က အပြန် ငြိမ်းချမ်းရေး အသီးအပွင့်တွေ စတင် ခံစားရတော့မှာလား ဆိုပြီး ယခုလို သူ့ရဲ့ မျှော်လင့်ချက်တွေကို ထုတ်ပြောလာခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း စောပို့ယိုတယောက် သူ့ရဲ့ ဆန္ခတွ မျှော်လင့်ချက်တွေက မပြည့်ဝခဲ့ပါဘူး။ စိတ်စေတနာ မှန်ကန်မှု မရှိတဲ့ စစ်ဘီလူးတွေကြောင့် ငြိမ်းချမ်းရေး တည်ဆောက်နေစဉ် ကာလအတွင်း စစ်အင်အားတွေ တိုးချဲ့ပြီး စစ်ရေး လှုပ်ရှားမှုတွေ ပိုလုပ်လာတာကြောင့် မလိုလားအပ်တဲ့ သေနတ်သံတွေ ထပ်မံ ပေါက်ကွဲလာရကာ စောပို့ယိုရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေကလည်း အဲဒီပေါက်ကွဲသံတွေ ကြားထဲမှာ ပြယ်လွင့် ပျောက်ကွယ် သွားခဲ့ရပါတယ်။

ဒါကြောင့်လည်း စောပို့ယိုဟာ ငြိမ်းချမ်းရေးကို စားပွဲဝိုင်းမှာ ညှိလို့မတဲ့အဆုံး အရင်လိုတဖန် တော်လှန်သူရဲ့ ဘ၀ကို ပြန်လည်ခံယူကာ တော်လှန်ရေး တာဝန်ကို စွမ်းစွမ်းတမံ ပြန်လည် ထမ်းဆောင်ခဲ့ပါတယ်။ ဒီလို တော်လှန်ရေး တာဝန်ကို ပြန်လည်ထမ်းဆောင်ရင်း ၂၀၀၆ခုနှစ်ထဲမှာ မမျှော်လင့်ပဲ မျိုးဖျက် သစ္စာဖောက်တွေတချို့ကြောင့် သူရဲကောင်းပီပီ အသက်ဆုံးရှုံးခဲ့ရပါတယ်။

 သူမျှော်လင့်တောင့်တခဲ့တဲ့ ငြိမ်းချမ်ရေးကြီး မမြင်တွေ့ရခင် ယခုလို အသက်ပေးရတဲ့အတွက် အတိုင်းမသိပင် ၀မ်းနည်းခဲ့ရပါတယ်။ ငြိမ်းချမ်းရေး ရဖို့ ခေါင်းဆောင်တွေ အဆက်ဆက် အရင်ကလည်း အကြိမ်ကြိမ် ကြိုးပမ်း လုပ်ဆောင်ခဲ့ပြီး ယခုလည်း ထပ်မံ ကြိုးပမ်းလုပ်ဆောင်လာခဲ့ကြပြန် ပါပြီး။ ယခုတဖန် ကြိုးပမ်းလုပ်ဆောင်လာကြတဲ့ ငြိမ်းချမ်းရေးကိုဖြင့် တမလွန်ဘ၀ရောက် စောပို့ယိုတယောက် အရင်လိုမျိုးပဲ မျှော်လင့်ချက်တွေ ထားနိုင်ပါ့အုံးမလားဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါချေ။

ကျနော်သိတဲ့ စောပို့ယို
 ၂၀၀၄ခုနှစ် ဇွန်လဖြစ်ပြီး ကေအဲန်ယူ တပ်မဟာ ၆လက်အောက်ခံ တပ်ရင်း ၁၈ရဲ့ ရှေ့တန်းနယ်မြေက ဖြစ်ပါတယ်။ တပ်ရင်း ၁၈ဟာ ကော့ကရိတ်မြို့ တောင်ဘက်ခြမ်းမှာ လှုပ်ရှားနေပြီး ကော့ကရိတ်မြို့နဲ့ တမိုင်သာ ဝေးတဲ့ တမိုင်ကုန်းရွာအထိ တပ်ဖွဲ့ဝင်တွေ လှုပ်ရှားနိုင်ခဲ့တဲ့ နယ်မြေပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ရေတွက်လို့ မရအောင်ပင် မှိုလို ပေါက်နေတဲ့ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်က  မြန်မာစစ်တပ်တွေ နယ်မြေ မစိုးမိုးနိုင်ရတာဟာ လူထု ထောက်ခံမှု မရှိလို့ပဲ ဆိုတာ သက်သေ ပြနေလျက်ရှိပါတယ်။

တပ်ရင်း ၁၈ ရှေ့တန်းဌာနချုပ်ကို ဟောင်သရော မြစ်ကမ်းနှဘေးက သမိုင်းဝင် သုံးဆယ်သုံးဆူရွာမှာ အခြေချပြီး ငြိမ်းချမ်းရေး တည်ဆောက်စဉ် ကာလအတွင်း စစ်ရေး သတိ နိုင်ငံရေး သတိရှိရှိနဲ့ လှုပ်ရှားနေခဲ့ကြပါတယ်။ နွေပိုင်း ဒေသခံတွေအတွက် အကျိုးပြု လုပ်ငန်းတွေဖြစ်တဲ့ လမ်းဖောက်လုပ်ခြင်း၊ တပိုင်တနိုင် မီးစက်ကြီးတွေဖြင့် မီးရရှိအောင် မီးတိုင်တွေစိုက် မီးသွယ်တန်းမှုတွေ ကို သက်ဆိုင်ရာ ရွာအလိုက် ကိုယ်ထူကိုယ်ထဖြင့် တပ်ဖွဲ့ဝင်တွေက ၀ိုင်းဝန်း လုပ်ဆောင်ပေးခဲ့ပါတယ်။

အဲဒါရဲ့ အသီးအပွင့်အနေနဲ့ နွေအကုန် မိုးဝင်ခါစအချိန်မှာ ရှေ့တန်း တပ်ဖွဲ့ဝင်တွေကို ဒေသခံတွေကနေ မိုးခိုဖို့ သူတို့ရဲ့ အိမ်တွေမှာ တည်းခိုခွင့် ပေးခဲ့ကြပါတယ်။ အဲဒီဒေသက ရွာအများစုဟာ ရွာတန်းရှည်တွေ ဖြစ်ပြီး အိမ်အများစုဟာ ခြေတံရှည် သွပ်မိုးနဲ့ သစ်အိမ်တွေ ဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်တွေ အများစုကတော့ အိမ်အောက်မှာပဲ ပုခက်တွေ ချည် တည်းခိုကြပြီး ချက်ပြုတ်စားသောက် ခဲ့ကြကာ မိုးရာသီကို ကျော်ဖြတ်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

အဲဒီအထဲမှာလည်း စောပို့ယိုလည်း အပါအ၀င်ပါ။ သူဟာ တပ်ရင်း ၁၈ရဲ့ လက်နက်ကြီး တပ်ခွဲက သာမာန်ရဲဘော်လေး တယောက်ဖြစ်ပြီး မိမိတို့ တည်းတဲ့ အိမ်ကို ကိစ္စတခုနဲ့ လာရာကနေ သူနဲ့ စတင်သိကျွမ်းခဲ့ရတာ ဖြစ်ပါတယ်။ သိကျွမ်းခွင့်သာ ရှိခဲ့ပြီး ရင်းရင်းနှီးနှီးတော့ မရှိသေးပါဘူး။

သူနဲ့ ရင်းရင်းနှီးနှီး စတင် သိကျွမ်းခဲ့ရတာက ခရီးစဉ် တခုမှာ ဖြစ်ပါတယ်။ တပ်ရင်းရဲ့ ရုံးပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှု ပညာ၊ စာရင်းအင်း ပညာအတွက် တပ်ရင်း ကိုယ်စား သင်တန်းသွားရောက်တက်ရောက်မယ့် ခရီးစဉ်အတွင်း စတင်သိကျွမ်းခဲ့ရတာ ဖြစ်ပါတယ်။ ဒူးပလာရာ ခရိုင်မှ ဖွင့်မယ့် သင်တန်းသို့ ၅ရက်တာ သွားရတဲ့ ခရီးစဉ်အတွင်း သူနဲ့ နှီးနှီးကပ်ကပ်နဲ့ ထိတွေ့ ဆက်ဆံခွင့် ရခဲ့ရတာ ဖြစ်ပါတယ်။

တကယ်တော့ သူဟာ စစ်ဘီလူးတွေရဲ့ ဥပဒေမဲ့ အနိုင်ကျင့် ဖိနှိမ့် မှုတွေကနေ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးမှ ခံစားချက်နဲ့ ကရင့်တော်လှန်ရေးထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က သူဟာ စစ်သက်တမ်း ၂နှစ်သာ ရှိပါသေးတယ်။ တခြားရဲဘော်တွေထက် စကား အလွန်းနည်းပါးပြီး မြန်မာသံစဉ်ကို ကူးယူပြီး ကရင်လို ပြန်ဆိုထားတဲ့ ပိုးကရင်အဆိုတော် တိုက်မူးနောင်သီချင်းကို အရမ်းကြိုက်တဲ့ သူ ဖြစ်ပါတယ်။

သူ့မိတ်ဆွေ တယောက် လက်ဆောင်ပေးခဲ့တဲ့ ကက်ဆက်ဟောင်း အသေးလေး တလုံးနဲ့ တိုက်မူးနောင် သီချင်းကို နားထောင်ပြီး အပန်းဖြေတတ်တဲ့ သူပါ။ သူဟာ စကောကရင် မျိုးနွယ်စုက မွေးဖွားလာသော်လည်း ပိုးကရင် မျိုးနွယ်စုဒေသတွေမှာ တာဝန်ထမ်းဆောင်ရသဖြင့် ပိုးကရင်စကားကိုလည်း ကောင်းကောင်းမွန်မွန် ပြောနိုင် ဆိုနိုင်ပါတယ်။

သူ့ရဲ့ စကောကရင် လေသံဝဲ၀ဲနဲ့ ပိုးကရင်လို ကျနော့ကို ပြောပြခဲ့တဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေက ယခုထက်ထိပင် ပြန်လည် ကြားယောင် မိပါသေးတယ်။ " ငြိမ်းချမ်းရေးရရင် ကော့ကရိတ်ကို သွားလည်မယ်။ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတွေကိုလည်း ၀င်တွေ့သွားချင်တယ်။ ငြိမ်းချမ်းရေး မြန်မြန်ရရင် သိမ့်ကောင်းမှာပဲနော် " ဆိုပြီး သူအရမ်းကြိုက်တဲ့ သုခိတာ ဆေးပေါလိပ်ကို ရှိုက်ရင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။ မှတ်မှတ်ရရ သူပြောခဲ့တဲ့နေရာကတော့ ခရီးစဉ်အတွင်း ခရီးတထောက် ညအိပ်နားခဲ့ကြတဲ့ လမ်းဖာရွာ(လင်ဖာ)မှာ ညပိုင်း ကင်းစောင့်တဲ့ အချိန် ပြောသွားခဲ့တာ  ဖြစ်ပါတယ်။

ဒီလိုနဲ့ စောပို့ယိုနဲ့ ကျနော်ဟာ ခရီးစဉ် အပြီးမှာ တယောက် တနေရာဆီ ဖြစ်သွားခဲ့ပါတယ်။ သူဟာ နယ်စပ်က နောက်တန်း စခန်းတခုမှာပဲ တာဝန်ကျပြီး သူနေတဲ့ နေရာကို နှစ်နာရီလောက် လမ်းလျှောက် သွားရင် ရောက်ပါတယ်။ ဒီလိုနဲ့ တခါတလေ သူတို့စခန်းဆီကို အလည်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီစခန်းမှာ ရဲဘော် များများစားစားတော့ မရှိပါဘူး။ စောပို့ယိုနဲ့ တခြား ရဲဘော် နှစ်ဦးသာ နေထိုင်ခဲ့ကြပါတယ်။

တခါတလေတော့လည်း အခြေအနေတခုကြောင့် လအတော်ကြာ မသွားလည် ဖြစ်ခဲ့တာလည်း ရှိပါတယ်။  တိုက်တိုက်ဆိုင်ဆိုင် အလုပ်များလို့ သွားမတွေ့ ဖြစ်လိုက်တဲ့ အချိန်မှာပဲ မမျှော်လင့်တဲ့ သတင်းဆိုးကြီးတခု ကြားလိုက်ရပါတယ်။ ၂၀၀၆ခုနှစ်  ---လမှာ ဖြစ်ပြီး စောပို့ယို အခြေချတဲ့နေရာမှာပဲ ပစ်သတ်ခံလိုက်ရတယ် ဆိုတဲ့ သတင်းဆိုးကြီးပဲ ဖြစ်ပါတယ်။ အဲဒီသတင်းကို ဆက်သွယ်ရေးစက်ကနေ ရရှိပြီး ကျနော်တို့ကို လာပြောပြသွားသူကတော့ ရဲဘော် စောဖာ့ဂေါင်းပဲ ဖြစ်ပါတယ်။

ရဲဘော် စောဖာ့ဂေါင်းဟာ စောပို့ယိုနဲ့အတူ အဲဒီနောက်တန်း စခန်းမှာပဲ တာဝန်ကျသူ ဖြစ်ပြီး သူ့ဇာတိရွာမှာ ရဟန်းပြန်ခံဖို့ ခွင့်ယူအပြီး ပြန်တက်လာတဲ့အချိန်မှာ အခုလို သတင်းဆိုးကြီးကို စက်သွယ်ရေး စက်ကနေ ကြားသိခဲ့ရတာ ဖြစ်ပါတယ်။ စောဖာ့ဂေါင်း ခွင့်ယူသဖြင့် စခန်းအတွင်းမှာ စောပို့ယိုနဲ့ တပ်ကြပ်ကြီး ကိုစိုးတို့ နှစ်ယောက်ပဲ ရှိပါတယ်။ အဲဒီနေ့ တပ်ကြပ်ကြီး ကိုစိုးဟာ အမဲလိုက်ဖို့ တောထဲသွားပြီး စောပို့ယိုက စခန်းစောင့်ကာ ထမင်းချက်တဲ့အချိန် ကေပီအက်(ဟောင်သရော အထူးဒေသ) တပ်ဖွဲ့ဝင် နှစ်ယောက်က လာရောက် ပစ်သတ် သွားခဲ့တာ ဖြစ်ပါတယ်။

လက်နက်တွေ ထားတဲ့ နေရာကို ပြသဖို့ စောပို့ယိုကို ခြိမ်းခြောက် ပြောဆိုခဲ့သော်လည်း စောပို့ယိုဟာ သူ့ရဲ့ အဖွဲ့အစည်း၊ သူ့ရဲ့ တော်လှန်ရေးနဲ့ အမျိုးသားတွေအပေါ်မှာ သစ္စာတရားကို ရင်ဝယ်ထားပြီး မပြသခဲ့တာကြောင့် ယခုလို ပစ်သတ်ခံလိုက်ရတာ ဖြစ်ပါတယ်။  အဆိုပါ လူသတ်သမား နှစ်ဦးဟာ စောပို့ယိုရဲ့ သေနတ်တလက်ကိုသာ ရပြီး ထွက်ပြေးရာကနေ သေနတ်သံကြားလို့ အပြေးပြန်လာတဲ့ တပ်ကြပ်ကိုစိုးနဲ့ တခြားအနီးအနားက တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ လူသတ်သမား နှစ်ယောက်ထဲက တယောက်ကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

ကျန်လူသတ်သမား တယောက်ကိုတော့ နောက်တရက်မှာ ဘာအကြောင်းကြောင့်လဲတော့ မသိပါဘူး။ လက်ဖက်ရည်ဆိုင်တခုမှာ ဒီကေဘီအေက သွားရောက် ပစ်သတ်လိုက်တယ် ဆိုတဲ့ သတင်းကိုလည်း နောက်ဆက်တွဲ ကြားလိုက်ရပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ကျိုးကြည့် အတ္တဆန်ပြီး အမျိုးသား သစ္စာဖောက်တွေ အသတ်ခံရတာလောက် နှမြောတသဖြစ်ပြီး ၀မ်းနည်းကြေကွဲမှုတွေ မခံစားလိုက် ရပေမယ့်လည်း စောပို့ယိုတို့လို တိုင်းပြည်နဲ့ လူမျိုးအပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးမှ ယခုလို အသတ်ခံလိုက်ရတာကတော့ အလွန်ပဲ နှမြောတသဖြစ်ကာ ၀မ်းနည်းကြေကွဲခဲ့ရတာတော့ အမှန်ပါပဲ။

မိမိတို့ လူမျိုးအပေါ် အနိုင်ကျင့် ဖိနှိမ့်မှုတွေကို မခံမရပ်နိုင်တဲ့ အဆုံး တော်လှန်ရေးထဲ ၀င်ရောက်ခဲ့သူဖြစ်ပြီး တဖက်မှာလည်း ငြိမ်းချမ်းရေး အသီးအပွင့်ကိုလည်း ခံစားချင်ခဲ့တဲ့သူပါ။ တကယ်တော့ သူဟာ တော်လှန်ရေးတပ်ထဲကို ရထားဂိတ် ကားဂိတ်တွေကနေ ဖမ်းပြီး အတင်းသွတ်သွင်းကာ တော်လှန်ရေးထဲ ရောက်လာ သူမဟုတ်၊ မျိုးရိုးစဉ်ဆက်နဲ့ တော်လှန်ရေး လုပ်လာခဲ့သူလည်း မဟုတ်၊ ချမ်းသာ ကြီးပွားချင်လို့လည်း တော်လှန်ရေးထဲ ၀င်ရောက်ခဲ့သူမဟုတ်၊ တပ်သားသစ် ခွဲတမ်းကြီးနဲ့လည်း အုတ်ရောရော ကျောက်ရောရော တော်လှန်ရေးထဲ ရောက်လာခဲ့သူ မဟုတ်ပဲ ဖော်ပြလို့ မရနိုင်တဲ့ ရင်တွင်း ခံစားချက်တွေကနေ တော်လှန်ရေးထဲ ရောက်ရှိလာခဲ့ရတယ်ဆိုတာ အုပ်စိုးသူ အဆက်ဆက်က နားလည် ခဲ့ကြမယ်ဆိုရင် စောပို့ယို လိုလားတဲ့ ငြိမ်းချမ်းရေးတွေဟာ ပြယ်လွင့် ပျောက်ကွယ်သွားခဲ့မှာ မဟုတ်ပါဘူး။

စောပို့ယို ကောင်းရာ သုကတိ လားပါစေ။

အဲခေါင်သောင့်
မေလ ၂၈ရက်၊ ၂၀၁၂ခုနှစ်

0 comments:

Post a Comment