ကုလားတန်မြစ်ကြောင်း စီမံကိန်းနှင့် ပတ်သက်၍ EIA ၊ SIA ကို လက်ရှိအချိန်အထိ ပြုလုပ်ထားခြင်းမရှိသေး မြန်မာနိုင်ငံဘက်ခြမ်းတွင် မကြာမီ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရ




Wednesday, 09 May 2012 10:04
မြန်မာ-အိန္ဒိယနှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ပို့ဆောင်ရေးစီမံကိန်းနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ ပြုလုပ်ထားခြင်း မရှိသေးသော EIA၊ SIAကို မြန်မာနိုင်ငံဘက်ခြမ်းတွင် မကြာမီ ပြုလုပ်သွားဖွယ်ရှိကြောင်း သတင်းရရှိပါသည်။
ကုလားတန်စီမံကိန်းတွင် အပိုင်းသုံးပိုင်းပါဝင်ပြီး ပင်လယ်ကူးသင်္ဘောကြီးများနှင့်သင်္ဘောအများအပြား ဆိုက်ကပ်နိုင်ရန် စစ်တွေဆိပ်ကမ်းကို အဆင့်မြှင့်တင်ခြင်း၊ စစ်တွေဆိပ်ကမ်းမှ ချင်းပြည်နယ်ပလက်ဝအထိ ကုလားတန်မြစ်ကြောင်း သောင်တူးခြင်းနှင့် ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်စပ်အထိ ကားလမ်းဖောက်လုပ်ခြင်းတို့ဖြစ်ပြီး စီမံကိန်းကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလမှစတင်ကာ အကောင်အထည် ဖော်လျက်ရှိသည်။

သို့ရာတွင် အဆိုပါစီမံကိန်းနှင့် တိုက်ရိုက်ပတ်သက်မှုရှိသည့် မြို့နယ်လေးမြို့နယ်ဖြစ်သည့် စစ်တွေမြို့၊ ကျောက်တော်မြို့၊ ပုဏ္ဍားကျွန်းမြို့နှင့် ပလက်ဝမြို့များတွင် EIA၊ SIA ကို ပြုလုပ်မှုများ မရှိသေးကြောင်း သိရသည်။

''လက်ရှိမှာတော့ ကုလားတန်မြစ်ကြောင်း စီမံကိန်းနဲ့ပတ်သက်ပြီး စစ်တွေဆိပ်ကမ်း ဆောက်လုပ်မှုတွေပဲ ရှိပါတယ်။ ပလက်ဝဘက်မှာ တံတားတည်ဆောက်ဖို့ မြေနေရာရွေးတာတွေနဲ့ မြေသားပြုပြင်တာတွေ၊ မြေနေရာ လျော်ကြေးပေးတာတွေ လုပ်ပြီးပါပြီ။ ဒီဒေသတွေရဲ့ EIA၊ SIA တွေကိုတော့ အိန္ဒိယနိုင်ငံဘက်က မကြာခင် လုပ်သွားမှာပါ''ဟု ကုလားတန်မြစ်ကြောင်း စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည့် စီမံကိန်းကြီးများတွင် ယင်းစီမံကိန်း ပြုလုပ်ရာ ဒေသ၊ သက်ရောက်နိုင်ခြေရှိသည့် ဒေသများအတွင်း သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု လေ့လာဆန်းစစ်ချက်(Environmental Impact Assessment-EIA) နှင့် လူမှုဘ၀များအပေါ် သက်ရောက်နိုင်မှု လေ့လာဆန်းစစ်ချက်(Social Impact Assessment-SIA) စသည်တို့ ပြုလုပ်ရပြီး ယင်းတွေ့ရှိချက်များ ပေါ်တွင် မူတည်ကာ စီမံကိန်းအား လုပ်ဆောင် သင့်သည်၊ မသင့်သည်ကို ဆုံးဖြတ် လုပ်ကိုင်လေ့ရှိကြသည်ဟု သိရသည်။

ထိုသို့ ပြုလုပ်ရာတွင်လည်း နိုင်ငံတကာအသိအမှတ်ပြု ပညာရှင်များ၊ အဖွဲ့အစည်းများက တာဝန်ယူ လုပ်ကိုင်လေ့ရှိကြသည်ဟု သိရှိရပါသည်။
''အိန္ဒိယဘက်ခြမ်းက ဒီစီမံကိန်း မစခင်ကတည်းက သူတို့ဘက်ကို သူတို့ EIA ၊ SIA လုပ်ပြီးသားပါ။ ကျွန်တော်တို့ သိရသလောက် မကြာခင်က အိန္ဒိယသံအမတ်ကြီးနဲ့တွေ့တော့ EIA ၊ SIA ကို မကြာခင်မှာ လုပ်သွား မယ်လို့ ပြောပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် တောင်ကိုရီးယားကုမ္ပဏီ တစ်ခုကို ငှားထားတယ်လို့ သိရတယ်။ ဒါပေမယ့် တစ်ခုရှိတာက မြန်မာဘက်ခြမ်းကို EIA ၊ SIA လုပ်မှာ စီမံကိန်းတစ်လျှောက်လုံး မဟုတ်ဘူး။ အိန္ဒိယနယ်စပ်ကနေ ဒီဘက်ပလက်ဝအထိပဲ လုပ်မှာ။ ပလက်ဝကနေ စစ်တွေအထိက ကျန်နေမှာ။ EIA ၊ SIA လုပ်တာဟာ ဒေသခံတွေအတွက် ဘာတွေထိခိုက်နိုင်လဲ။ ဘာတွေ မထိခိုက်နိုင်ဘူးလဲဆိုတာကို သိလာစေနိုင်ပါတယ်။ ဘယ်လို စီမံနိုင်မလဲသိနိုင်တယ်။ ဒါပေမယ့် EIA ၊ SIA သည် အဖြေ မဟုတ်သေးပါဘူး။ အဖြေရှာဖို့ လမ်းစပဲ ရှိပါသေးတယ်''ဟု Gender and Development Initiative-Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးဆလိုင်းအိုက်ဇက်ခင်က ပြောပြခဲ့သည်။
ကုလားတန်မြစ်ကြောင်းဆိုင်ရာ စီမံကိန်းလျာထားချက်များ
(၁) စစ်တွေဆိပ်ကမ်းသို့ တန်ချိန် ၆၀၀၀ ရေယာဉ်များ ၀င်၊ ထွက် ဆိုက်ကပ်နိုင်ရေးအတွက် လုံလောက်သော ရေအနက်ရရှိစေရန် သောင်တူးခြင်း။
(၂) စစ်တွေဆိပ်ကမ်းသို့ တန်ချိန် ၂၀၀၀၀ ရေယာဉ်ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း တည်ဆောက်ခြင်း။
(၃) တန်ချိန် ၃၀၀ မြစ်တွင်း သွားရေယာဉ်ခြောက်စင်း တည်ဆောက်ခြင်း။
(၄) စစ်တွေနှင့် ပလက်ဝတို့တွင် တန်ချိန် ၃၀၀ မြစ်တွင်းသွားရေယာဉ်များ ဆိုက်ကပ်ရန် ဆိပ်ခံတံတားနှစ်စင်း တည်ဆောက်ခြင်း။
(၅) စစ်တွေမှ ပလက်ဝအထိ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပြအမှတ်အသားများ ပြုလုပ်တပ်ဆင်ခြင်း။
(၆) ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ် အဝေးပြေး မော်တော်ကားလမ်း ဖောက်လုပ်ခြင်း။
http://www.news-eleven.com

0 comments:

Post a Comment