ဧရာဝတီ မြစ်ဆုံရေကာတာ ပြန်စရန် CPI စည်းရုံး

08 May 2012
KNG

ရပ်ဆိုင်းထားသည့် ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းအား ဆက်လက်လုပ်ဆောင်ရန် CPI ကုမ္ပဏီမှ အရာရှိတစ်ဦးက ရွှေ့ပြောင်းခံရသော မြစ်ဆုံဒေသခံပြည်သူများအား စည်းရုံးပြောကြားခဲ့သည်။

စည်းရုံးတွေ့ဆုံပွဲကို ပြီးခဲ့သည့်လ ဧပြီ ၁၈ ရက်နေ့တွင် စီမံကိန်းအထဲမှ ရွာသားများကို အစိုးရ ပြန်လည် နေရာချပေးသည့် အောင်မြင်သာ စံပြကျေးရွာတွင် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (China Power Investment Corporation, CPI) မှ အရာရှိ တစ်ဦးက ရွာသားအချို့နှင့်တွေ့ဆုံ ပြုလုပ်ခြင်းဖြစ်သည် ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)မှ စားဂျီးက ပြောသည်။

၎င်းတွေ့ဆုံပွဲတွင် CPI မှ အရာရှိက တရုတ်ဘာသာဖြင့် စည်းရုံးပြောကြားချက် ဗီဒီယိုမှတ်တမ်းကို KDNG မှ မြန်မာဘာသာ ပြန်ဆိုခဲ့ပြီး မေ ၇ ရက် တနင်္လာနေ့က ဖြန့်ချီလိုက်ခြင်းဖြစ်သည်။

ဗီဒီယိုမှတ်တမ်းတွင် CPI အရာရှိက “မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးဟာ လုံးဝ စိတ်ချရပါတယ်လို့ ဒီနေရာမှာ အာမခံပါတယ်။ ဒီစီမံကိန်းပြီးသွားရင် မြစ်အထက်ပိုင်းမှာရေကန်ကြီးဖြစ်လာလို့ အရင်ကထက် ရှုခင်းပိုလှလာပါလိမ့်မယ်။ အဲဒီအချိန်ကြရင် ကမ္ဘာလှည့် ခရီးသည် တွေ အများကြီး လာပါလိမ့်မယ်။ ဒေသခံတွေရဲ့ လူနေမှုအဆင့် အတန်းမြင့်လာပါ လိမ့်မယ်။ ခရီးသွားလာရေးပိုကောင်းလာပါ လိမ့်မယ်။” ဟု ပြောဆိုထားသည်။

သူကဆက်ပြီး “ကျွန်တော်ဘရာဇီးကနေ ရေကာတာစီမံကိန်းတခုလေ့လာပြီးပြန်လာတာပါ။ အီတိုင်ပု လို့ ခေါ်တဲ့ရေကာတာပါ။ သရီးဂျော့(ရှ်) ရေကာတာမရှိခင်က အီတိုင်ပုရေကာတာဟာ ကမ္ဘာ့အကြီးဆုံးပေါ့။  ဘရာဇီးနိုင်ငံရဲ့အနောက်တောင်ဘက်မှာရှိပြီး စီမံကိန်းမစတင်ခင်က အဲဒီနားကရွာဟာ အလွန်ပင်ပန်းဆင်း ရဲပြီး လူဦးရေ တစ်သောင်းပဲရှိတဲ့ရွာ ပါ။  ရေကာတာဆောက်ပြီးတဲ့နောက်မှာတော့ ဘရာဇီးရဲ့အချမ်းသာ ဆုံးမြို့ဖြစ်လာပြီး လူဦးရေ သုံးသိန်းထိတိုးလာတယ်။” ဟု CPI အရာရှိက ပြောထားသည်။

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ယခင်နှစ် စက်တင်ဘာလ ၃၀ ရက်တွင်  သမ္မတဦးသိန်းစိန် အမိန့်ဖြင့် ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

မြစ်ဆုံရေကာတာ ဆိုင်းငံကြောင်းကြေညာပြီးတဲ့နောက်ပိုင်း CPI ကုမ္မဏီမှ မြန်မာနိုင်ငံရဲ့ ဒု- သမ္မတနဲ့တွေ့ပြီး ပြောင်းရွှေ့ခံရသည့် အောင်မြင်သာရွာကို ရေ၊ မီးထောက်ပံ့ပေးဖို့ ဆွေးနွေးပြောဆိုခဲ့သော်လည်း ၎င်းကိစ္စကို အစိုးရက တာဝန်ယူဆောင်ရွက်ပေးမယ်လို့ ဒု-သမ္မတကပြောခဲ့ကြောင်း တွေ့ဆုံပွဲတွင် CPI အရာရှိကပြောကြား ထားသည်။ KDNG ဗီဒီယို - CPI မှ ရေကာတာ ပြန်ဆောက်ရန် ရွာသားများကို စည်းရုံးခြင်း

0 comments:

Post a Comment