ဖိလစ်ပိုင်မှာ Call Center လုပ်ငန်းများ ဆန်းပွင့််

Monday, 30 April 2012 08:54
ဝင့်ထန်း

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း  call center လုပ်ငန်းဟာ ဖိလစ်ပိုင်နိုင်ငံမှာ အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာပြီး၊ VXi က အဲဒီထဲက အောင်မြင်တဲ့ call center တစ်ခု ဖြစ်ပါတယ်။
VXi ရဲ့ ရုံးခန်းတွေမှာ ၀န်ထမ်းတွေက ခေါင်းမှာ နားကြပ်ဖုန်းတပ်ပြီး၊ မိုင်ပေါင်းများစွာ ဝေးတဲ့ နေရာတွေက ခေါ်ဆို မေးမြန်း အကူညီ တောင်းတာတွေကို ဖြေဆိုပေးနေပါတယ်။ လူငယ်ဝန်ထမ်းတွေက နာမည်ကြီး အမေရိကန်ကုမ္ပဏီအချို့ရဲ့ ဖောက်သည်တွေကို နည်းပညာ အကြံဥာဏ်တွေနဲ့ ရောင်းဝယ်မှု ၀န်ဆောင်မှုတွေ အချိန်ပြည့်ပေးနေကြပါတယ်။
လက်ရှိ ဖိလစ်ပိုင်ရဲ့ call center လုပ်ငန်းဟာ ဒေါ်လာ ၁၁ ဘီလီယံ တန်ဖိုးအထိ ကြီးထွားလာပြီး၊ ၀န်ထမ်း ၆ သိန်း ကျော် ရှိပါတယ်။ call center လုပ်ငန်းမှာ နာမည်ကြီးလွန်းတဲ့ အိန္ဒိယထက်ကို ကျော်လွန်သွားပါတယ်။
ဖိလစ်ပိုင်ဟာ ထုတ်ကုန်လုပ်ငန်းနဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်းလို စီးပွားရေးတွေ တိုးတက်လာအောင် အမြဲ ကြိုးစားနေရစဉ်မှာ၊ မထင်မှတ်ပဲ call center စီးပွားရေးလုပ်ငန်းတွေ အရမ်းအောင်မြင်လာပါတယ်။
ဒီအောင်မြင်မှုက အမေရိကန်နဲ့ သမိုင်းကြောင်း ဆက်ဆံရေးရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အင်္ဂလိပ်စားပြောတဲ့ လူထုကြီး ရှိနေတယ်။ အမေရိကန် လေယူလေသိမ်းကို ထမင်းစားရေသောက် ပြောဆိုနိုင်ကြပြီး၊ အမေရိကန်တွေရဲ့ နားထဲ ထုတ်ချင်းပေါက် ပြောနိုင်တာကြောင့် ဖိလစ်ပိုင်တွေ ကြီးပွားချိန်တန်လာတာ ဖြစ်ပါတယ်။
နောက် ဖိလစ်ပိုင်နိုင်ငံသား အများစုက ရုပ်ရှင်တွေ သီချင်းတွေကနေ အစားအစာအထိ အမေရိကန် ယဉ်ကျေးမှုနဲ့ ရင်းနှီးကျွမ်းဝင် ပြီးသားပါ။ အဲဒီလို နှစ်နိုင်ငံရဲ့ နောက်ခံနီးစပ်မှုကြောင့် အခု ဖိလစ်ပိုင်အလုပ်သမားတွေ နိုင်ငံခြားသားတွေနဲ့ ဖုန်းပြောဆို ရတဲ့အခါ အခက်အခဲမရှိ ဖြစ်စေပါတယ်။
အိန္ဒိယသားတွေ ပြောတဲ့ အင်္ဂလိပ်စကားထက်၊ ဖိလစ်ပီနိုတွေ ပြောတဲ့ အင်္ဂလိပ်စကားကို အမေရိကန်တွေ ပိုသဘောတွေ့ပါတယ်။ နောက် ဖိလစ်ပိုင်တွေရဲ့ ယဉ်ကျေးဖော်ရွေမှုက ဖုန်းနဲ့ ပြောဆိုဆက်ဆံရတဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
စီးပွားရေးမျက်နှာစာကကြည့်ရင် call center မှာလုပ်တဲ့ ဖိလစ်ပိုင် ၀န်ထမ်းတစ်ယောက်ဟာ တစ်လ ဒေါ်လာ ၄၇၀ ၀န်းကျင် ရပါတယ်။ အမေရိက၊ ဥရောပတို့က လစာနဲ့ယှဉ်ရင် မပြောပလောက်ပေမဲ့ ဖိလစ်ပိုင်သားတစ်ဦးအတွက် လစာ အတော် ကောင်းပါတယ်။ အလုပ်လက်မဲ့ ၇ ရာခိုင်နှုန်းရှိတဲ့ နိုင်ငံမှာ လူ ၆ သိန်းကျော်ကို အလုပ်အကိုင်ကောင်းတွေ ပေးထားနိုင်ပါတယ်။
အခု လူဦးရေ သန်း ၉၀ ကျော် ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံကို နိုင်ငံရပ်ခြားက outsource လုပ်ငန်းတွေ ဒလဟော ၀င်လာပါတယ်။ ပြင်ပလုပ်ငန်းတွေ မျက်စိကျနေတဲ့ အဓိကအကြောင်းက ဖိလစ်ပိုင်လူထုရဲ့ အင်္ဂလိပ်စကား ရေလည်မှုနဲ့ အစိုးရရဲ့ ပညာရေး တိုးမြှင့် ဆောင်ရွက်မှုတွေကြောင့် ဖြစ်ပါတယ်။

0 comments:

Post a Comment