ဘိလပ်မြေ စက်ရုံ တည်ဆောက်ဖို့ နေရာ ပြောင်းရွှေ့

 Monday, 30 April 2012 10:29

ပကျဲရွာဟောင်းမှာ ဘိလပ်မြေ စက်ရုံ တည်ဆောက်ဖို့ အစိုးရမှ စီစဉ်ထားပြီး မြေတွေကို တိုင်းတာထားပြီး ဖြစ်ပေမယ့် အဲဒီစီမံကိန်းကို ဒေသခံကျေးရွာလူထုတွေက ကန့်ကွက်ကြတဲ့အတွက် ချစ်ကယ်ကျေးရွာအုပ်စုအတွင်းရှိ ဒေါမူးကလတ်၊ ဒေါတခဲနဲ့ ဒေါစော်ဘီး ကျေးရွာ အနီးသို့ ပြောင်းရွှေ့သွားလိုက်တာ ဖြစ်တယ်လို့ ချစ်ကယ်ကျေးရွာအုပ်စုမှ ရွာသားတဦးက ပြောပါတယ်။
အသစ် ပြောင်းရွှေ့သွားတဲ့ နေရာမှာ ဘိလပ်မြေ စက်ရုံ တည်ဆောက်နိုင်ဖို့အတွက် အစိုးရမှ ဆောက်လုပ်ရေး တာဝန်ရှိသူတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)မှ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး ချစ်ကယ်ကျေးရွာအုပ်စုအတွင်းမှ လူထုတွေကို ကျေးရွာ ဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်တွေ ပေးပြီး လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ 
“ဘိလပ်မြေ စက်ရုံ ဆောက်မယ်ဆိုရင် ရွာတွေကို မီးပေးမယ်၊ ရေသွယ်ပေးမယ်၊ လမ်းဖောက်ပေးမယ်၊ ဆေးခန်း ဆောက်ပေးမယ်၊ ကျောင်း ပြန်ဆောက်ပေးမယ်၊ သူတို့ အဲလို ပြောထားတယ်↔လို့ ချစ်ကယ်ကျေးရွာအုပ်စုမှ ရွာသားတဦးက ပြောပါတယ်။
စီမံကိန်း အနီးရှိ ပါလောင်းကျေးရွာမှ ရွာသားတဦးကလည်း  “ဘိလပ်မြေ စက်ရုံ ဆောက်ပြီးရင် ကျောင်းဆောက်ပေးမယ်၊ လမ်းဖောက်ပေးမယ်၊ ဘိလပ်မြေ စက်ရုံ ဆောက်ဖြစ်မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေမယ်၊ နောက်ပြီး ဘိလပ်မြေ စက်ရုံ ဆောက်တာဟာ ရွာသားတွေကို ထိခိုက်စရာ အကြောင်း မရှိဘူး။ ဂျာမနီ ပညာရှင်တွေကို ခေါ်ပြီး ဆောက်မှာ ဖြစ်တဲ့အတွက် အန္တာရယ် မရှိဘူးတဲ့↔လို့ ပြောပါတယ်။

ချစ်ကယ်ကျေးရွာအုပ်စုအတွင်းရှိ ဒေါမူကလတ်၊ ဒေါတခဲနဲ့ ဒေါစော်ဘီး ရွာ အနီးမှာ တည်ဆောက်မယ့် ဘိလပ်မြေ စက်ရုံရဲ့ နေရာ
ဘိလပ်မြေ စက်ရုံ တည်ဆောက်ဖြစ်မယ်ဆိုရင် စက်ရုံ အနီးပတ်ဝန်းကျင်ရှိ ရွာသားတွေများ အလုပ်အကိုင် ရရှိကြမှာ ဖြစ်ကြောင်း အစိုးရက ကျေးရွာလူထုတွေကို စည်းရုံးပြောဆိုထားတယ်လို့ လူထုအကြား ကွင်းဆင်းမေးမြန်းသူ ကရင်နီလူမှုကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေး ပင်မဌာန KSWDC မှ ၀န်ထမ်းတဦးက ပြောပါတယ်။
“သူတို့ ဘိလပ်မြေ စက်ရုံ ဆောက်ထားပြီးရင် ဘိလပ်မြေ အလွယ်တကူ ရရှိမယ်၊ လခ ရတဲ့ အလုပ်ကို လုပ်ရမယ်။ နောက်ပြီး ကယားပြည်နယ်မှာ ဘိလပ်မြေ စက်ရုံ ဆိုတာ စီမံကိန်း အဆောက်အအုံ ရှိလာမယ် အဲလို ပြောတယ်။↔
အခု တည်ဆောက်မယ့် ဘိလပ်မြေ စက်ရုံရဲ့ နေရာဟာ အစိုးရက သူတို့ နယ်မြေလို့ သတ်မှတ်ထားပြီး မြေဧက ၁၀၀ ခန့် ရှိကြောင်း၊ အဲဒီမြေနေရာဟာ အရင်က အစိုးရမှ ကျေးရွာလူထုပိုင် မြေယာတွေကို သိမ်းယူထားတဲ့ နေရာ ဖြစ်ကြောင်း KSWDC ၀န်ထမ်းတဦးက ဆက်ပြောပါတယ်။
“အဲဒီ နေရာဟာ အရင်တုန်းက သူတို့ ရွာသားတွေရဲ့ မြေယာတွေကို သိမ်းယူထားတဲ့ မြေဖြစ်တယ်။ သူတို့ သိမ်းပြီးတော့ ကြက်ဆူပင်နဲ့ စိုက်တယ်။ ကြက်ဆူပင်နဲ့ စိုက်ပြီးတော့ အခု သူတို့ ဘိလပ်မြေ စက်ရုံနဲ့ ပြန်ဆောက်မယ်ပေါ့။↔
ဘိလပ်မြေ စက်ရုံ တည်ဆောက်ရေး စီမံကိန်းကို ပကျဲရွာဟောင်းမှ ဒေါမူကလတ်၊ ဒေါတခဲနဲ့ ဒေါစော်ဘီး ကျေးရွာ အနီးသို့ ပြောင်းရွှေ့လိုက်ပြီလို့ ဆိုပေမယ့် ပကျဲရွာဟောင်းမှာ အစိုးရမှ မြေတိုင်း ၀န်ထမ်းတွေက မြေယာ တိုင်းထွာမှုတွေကို ဆက်လက်ပြုလုပ်ဆဲ ဖြစ်တယ်လို့  ချစ်ကယ်ကျေးရွာအုပ်စုမှ ဒေသခံရွာသားတဦးက ဆက်ပြောပါတယ်။
“အခုက သူတို့ မြေတွေကို လိုက်တိုင်းတယ်။ သူတို့ မြေသွားတိုင်းတာ တရက်ဆိုရင် မြေတိုင်း ၀န်ထမ်း ၃ ယောက်နဲ့ square power group က မန်နီဂျာ နှစ်ယောက် ပါတယ်။
ပကျဲရွာဟောင်းမှာ ဘိလပ်မြေ စက်ရုံ တည်ဆောက်ရေး စီမံကိန်းဟာ ပြောင်းရွှေ့လိုက်ပေမယ့် အဲဒီနေရာမှာ တိုင်းတာထားတဲ့ မြေယာ နေရာတွေကို ဘိလပ်မြေ ထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းတွေနဲ့ ထားမယ်လို့ ဆိုပါတယ်။
ဘိလပ်မြေ စက်ရုံကို Square Power Lt.Co ကုမ္ပဏီမှ တည်ဆောက်သွားမှာ ဖြစ်ကြောင်း၊ စက်ရုံ တည်ဆောက်ပြီးစီးပါက တရက်လျှင် ဘိလပ်မြေ တန်ချိန် ၄၀၀၀ (၈၀၀၀ အိတ်) ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း၊ ဘိလပ်မြေ ထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းတွေကို စက်ရုံ အနီးမှ မိုင် ၅၀ ပတ်လည်အထိ ထုတ်ယူသွားမှာ ဖြစ်ကြောင်း ဒေသခံရွာသားတွေ အဆိုအရ သိရပါတယ်။
အဲဒီဘိလပ်မြေ စက်ရုံ တည်ဆောက်ရေး စီမံကိန်းဟာ အစက ရှမ်းပြည်နယ် အောင်ပန်းမှာ တည်ဆောက်ဖို့ အစိုးရမှ စီစဉ်ထားပေမယ့် ဒေသခံလူထုတွေ ကန့်ကွက်သောကြောင့် ကရင်နီပြည်နယ်အတွင်းသို့ ပြောင်းရွှေ့လာရတာ ဖြစ်တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

0 comments:

Post a Comment