ပလက်တီနန် တူးဖော်မှု ဒေသခံ ၂၀၀၀ ကျော် အခက်အခဲဖြစ်

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ မေလ ၈ ရက်၊ ၂၀၁၂ ခုနှစ်။

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ပလက်တီနန် (ရွှေဖြူ) တူးဖော်ရေး လုပ်ငန်းကြောင့် ဒေသခံ တိုင်းရင်းသား ၂၀၀၀ ကျော် စားဝတ်နေရေး အခက်အခဲ ဖြစ်နေသည်။
မိုင်းကိုးကျေးရွာ အုပ်စု အတွင်းရှိ အားရဲ ကျေးရွာအနီး လုပ်ကိုင်နေပြီး ရှမ်း၊ အားခါနှင့် လားဟူ တိုင်းရင်းသားများ၏ လယ်ယာမြေများ ဈေးနှိမ်ဝယ်ယူခြင်း၊ သိမ်းဆည်းခံရခြင်းများ အပြင် အဓမ္မ ရွှေ့ပြောင်းခံရသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း လားဟူ အမျိုးသမီး အစည်းအရုံး LWO က ထုတ်ပြန်သည့် “ရွှေဖြူအတွက် သိမ်းယူခြင်း” အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထို့အပြင် အားရဲ၊ မယ်ကော်ဝမ်းနှင့် မားမိုတာ ကျေးရွာများသည် အားရဲရွာအနီးမှ ချောင်းရေကို အမီပြု နေရပြီး လွန်ခဲ့သည့် (၆) နှစ်ခန့်က အစိုးရမဟုတ်သည့် NGO (World Vision) အဖွဲ့၏ ကူညီမှုဖြင့် အိမ်တိုင်းစေ့ ရေသွယ်ယူနိုင်ခဲ့သည်။
သို့သော် ရွှေဖြူတူးသည့် ကုမ္ပဏီများ ၀င်ရောက်လာချိန်မှ စ၍ သောက်သုံးရေ အခက်အခဲ ဖြစ်နေကြောင်း ယနေ့နံနက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ LWO အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် အေးအေးမြင့်က ပြောသည်။
“ဒီရွှေဖြူလာတူးတဲ့ ကုမ္ပဏီက ဒီရေတွေကို သွယ်ယူတဲ့ ကိစ္စကြောင့် အဓိက မိခင်တွေက ပိုဒုက္ခရောက်တယ်။ ရေကို နာရီဝက်လောက် ဝေးတဲ့နေရာမှာ ပုံးတွေ၊ ၀ါးဗူးတွေနဲ့ သွားခပ်ရတယ်။ အရင်ကဆိုရင် ခလေးအိပ်တဲ့အချိန် ကိုယ့်အိမ်မှာပဲ လျော်လို့ရတယ်။ အခုက အ၀တ်ကတဖက်ကသယ်၊ ကလေးက တဖက်ကပိုးနဲ့ နာရီဝက်လောက် ခရီးကို သွားပြီး လျော်ဖွတ်ရတယ်။”
ထို့အပြင် ရွှေဖြူတူးဖော်သည့် လုပ်ငန်းမှ မြေစာနှင့် အညစ်အကြေးများအား ချောင်း နံဘေးတွင် စွန့်ပစ်ခြင်းကြောင့် ချောင်းရေညစ်ညမ်းရုံမက ရေလမ်းကြောင်း ပိတ်ဆို့မှုများ ကြုံနေရပြီး တနိုင်တပိုင် စိုက်ပျိုးစားသောက်သူများ အတွက်ပင် ခက်ခဲနေကြောင်း အစီရင်ခံစာ က ဆိုသည်။
အလားတူ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်မှစ၍ လုပ်ငန်းကျယ်ပြန့်စွာ ဆောင်ရွက်လာမှုကြောင့် လယ်ယာ စိုက်မြေ ဧက (၂၀၀) ကျော်ကို ထိခိုက်စေခဲ့သလို သစ်တောဧက (၂၀၀) ခန့် ပျက်စီးခဲ့ပြီး သစ်တောထွက် ပစ္စည်းများ ရှားပါးလာသဖြင့် မိသားစု စားဝတ်နေရေးကို အခက်အခဲ ဖြစ်စေသည်ဟု အေးအေးမြင့်က ပြောသည်။
“အရင်တုန်းက ကုမ္ပဏီတွေ မရောက်ခင်မှာ တောထဲက သစ်ဥတွေ သစ်မြစ်တွေ ရှာဖွေ ရောင်းချပြီးတော့ သူတို့ အသက်မွေး ၀မ်းကျောင်းအဖြစ် ကလေးရဲ့ ပညာရေး၊ မိသားစုရဲ့ စားဝတ်နေရေးတွေကို သူတို့က အသုံးပြုနေတယ်။ ဒါပေမယ့် နောက်ပိုင်း သစ်တောတွေ ပြုန်းတီးလာတော့ သစ်ဥသစ်မြစ်တွေက မရှိတော့ဘူး။ အဲဒါကြောင့် အမျိုးသမီးတွေ အတွက် ပိုပြီးမှ အခက်အခဲဖြစ်လာတယ်။”
ထို့အပြင် ရွှေဖြူ တူးဖော်ရေး လုပ်ငန်းကြောင့် ဒေသတွင်း အမျိုးသမီးငယ်များအား လူကုန်ကူးမှုများ ပေါ်ပေါက်လာသလို ကုမ္ပဏီ ၀န်ထမ်းများ၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ အပျော်မယားထားမှုများပိုမို များပြားလာသည့်အပြင် ဒေသတွင်း ခန္တာကိုယ်ရင်း၍ စီးပွားရှာသူများလည်း ပေါများလာကြောင်း အစီရင်ခံစာက ဖော်ပြသည်။
လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်ကစ၍ စိုင်းလောင်ဟိန်း ကုမ္ပဏီက လုပ်ငန်း စတင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် မြင့်ဦးအောင် ကုမ္ပဏီက စမ်းသပ် ရှာဖွေခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ဟိန်းလင်းစံ၊ စံပါရမီနှင့် ၀ဏ္ဏသိန်းသန်း ကုမ္ပဏီ တို့ဝင်ရောက်လာပြီး ထပ်မံ ၀င်ရောက်လာမည့် ကုမ္ပဏီ (၁၀) ခုခန့် ရှိသည်ဟု သိရသည်။
လောလောဆယ် ဒေသတွင်း ကျေးရွာ (၈) ရွာမှ အိမ်ခြေ (၃၉၃) အိမ်ရှိပြီး ရွှေဖြူ တူးဖော်ရေး လုပ်ငန်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ဥယျာဉ် စိုက်ခင်းများအား လျော်ကြေး မပေးသည့်အပြင် ဒေသခံများ ရွှေ့ပြောင်းသွားရန် လုပ်ငန်းရှင်များက ဖိအားပေး ပြောဆိုနေကြောင်း အစီရင်ခံစာက ဆိုသည်။
ထို့အပြင် ၂၀၀၉ ခုနှစ်က ပြောင်းရွှေ့ သွားသည့် မိသားစု (၇) စုအား ခြံမြေ လျော်ကြေးငွေအဖြစ် ကာလပေါက်ဈေး၏ ထက်ဝက်ကိုသာ ပေးခဲ့သည့်အတွက် ဒေသတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများ ရပ်တန့်ပေးရန် LWO အဖွဲ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။
ယခုစီမံကိန်းအား မြန်မာကုမ္ပဏီများက လာရောက် လုပ်ကိုင်ကြပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ တင်ပို့မည်ဖြစ်သည်။

0 comments:

Post a Comment