မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ

06 May 2012 11:28
ဝင့်ထန်း
မကြာခင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို လာသွားတဲ့အခါ ထူးခြားမှုတစ်ခုကတော့၊ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC)၊ ကုလ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) တို့ရဲ့ အကူအညီနဲ့ လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံတ၀ှမ်း သန်ခေါင်းစာရင်း ကောက်ယူနိုင်တော့မယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။
မြန်မာ့သမိုင်းကိုကြည့်ရင် ညောင်ရမ်းခေတ်မှာ သာလွန်မင်း သန်းခေါင်စာရင်း ကောက်ဖူးတယ် ဆိုတာကလွဲလို့၊ သူ့အရင်ကော နောက်နောင်မင်းတွေလက်ထက်မှာပါ တိုင်းပြည်လူဦးရေကိစ္စ စိတ်ဝင်စားပုံ မရှိခဲ့ပါဘူး။ ဒါတောင် သာလွန်မင်း ကောက်ခဲ့တဲ့ လူဦးရေစာရင်း ဘယ်ရွေ့ဘယ်မျှဆိုတဲ့ မှတ်တမ်းအတိအကျကို မတွေ့ရပါဘူး။ အခြားတိုင်းရင်းသားဒေသတွေရဲ့ လူဦးရေဆိုတာလည်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်သူတွေ ကောက်ယူခဲ့တာ မကြားဖူးသလို၊ ဗမာမင်းတွေလည်း စိတ်မ၀င်စားခဲ့ပါဘူး။
ဒါပေမဲ့ ဗြိတိသျှတို့ အုပ်ချုပ်တဲ့ကာလအတွင်း ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ မြန်မာနိုင်ငံကို ဆယ်နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ပုံမှန် ကောက်ယူခဲ့ပါတယ်။ ဗြိတိသျှတို့ကတော့ ခေတ်သစ်နိုင်ငံအုပ်ချုပ်ရေးမှာ အဓိကအရေးကြီဆုံးအလုပ်က သန်းခေါင်စာရင်း ကောက်ယူရေးဆိုတာကို ကောင်းကောင်း သဘောပေါက်သူတွေ ဖြစ်ပါတယ်။
သူတို့ကောက်ခဲ့တဲ့ မြန်မာတစ်နိုင်ငံလုံး လူဦးရေက ၁၈၉၁ ခုနှစ်မှာ ၇.၇၇၂ သန်း၊ ၁၉၀၁ ခုနှစ်မှာ ၁၀.၅ သန်း၊ ၁၉၁၁ ခုနှစ်မှာ ၁၂.၁၁ သန်း၊ ၁၉၂၁ ခုနှစ်မှာ ၁၃.၂၁ သန်း ရှိပါတယ်။
နောက် အင်္ဂလိပ်က ကြေးတိုင်နဲ့ မြေစာရင်း ဌာနတည်ပြီး မြန်မာနိုင်ငံမြေပုံကို အတိအကျ အချိန်ယူရေးဆွဲတယ်။ အောက်မြန်မာပြည်မှာ စိုက်ပျိုးမြေဧကတွေ ဖော်တယ်။ သူတို့ လိုချင်တဲ့ ထုတ်ကုန်အတွက် ဗမာ့လူဦးရေနဲ့ မလုံလောက်တော့ ချစ်တီးကုလားတွေ အိန္ဒိယက မချလာတယ်။ နောက် ဆန်စက်တွေ တည်ပြီး ကမ္ဘာ့ဆန်စပါး အထွက်ဆုံးနိုင်ငံ ဖြစ်အောင် လုပ်ခဲ့တယ်။ ပြောချင်တာက ကိုလိုနီအစိုးရဖြစ်ဖြစ် ကိုယ်ပိုင်အစိုးရဖြစ်ဖြစ် တိုင်းပြည်အတွက် စီးပွားရေး လူမှုရေး မူဝါဒတွေ ချမှတ်လုပ်ဆောင်ရတဲ့အခါ လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှုက အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး ဖြစ်တယ် ဆိုတာကိုပါ။
လွတ်လပ်ရေး ရပြီးချိန်ကစပြီး အခု ၂၀၁၂ ခုနှစ်အထိ မြန်မာအစိုးရအဆက်ဆက် လက်ထက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း နှစ်ကြီမ်ပဲ ကောက်ယူခဲ့ပါတယ်။ မဆလခေတ် ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တို့ကပါ။
ဒီအရင် ပါလီမန်ဒီမိုကရေစီခေတ်မှာ နိုင်ငံ့ဘဏ္ဍာငွေ အတော်များများ ရှိပေမဲ့၊ ပြည်တွင်းစစ်ကြောင့် မကောက်ယူနိုင်ခဲ့ပါဘူး။ တိုင်းပြည် အတော်တန် တည်ငြိမ်လာပြန်တော့လည်း ၀န်ကြီးချုပ်ဦးနုက ဆဋ္ဌသင်္ဂါယနာတင်ဖို့နဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရေးလောက်သာ အာရုံကျနေတော့က၊ ဒီအလုပ်ကို ခေါင်းထဲ ထည့်ပုံမရဘူး။ ဒီဘက် န၀တ နအဖ ခေတ်ကျတော့လည်း လူဦးရေစာရင်းကိစ္စကို လှေလှော်သဘင်နဲ့ သစ်သီးဝလံပြပွဲလောက် အရေးပါတယ်လို့ကို ထင်ပုံမရဘူး။
၁၉၈၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးစာရင်းကောက်ယူမှုအရ တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၅ သန်းကျော် (၃၅,၄၄၂,၉၇၂) ရှိတယ်လို့ တရားဝင် ဖော်ပြပါတယ်။ အဲဒီနောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူတာ မရှိတော့တဲ့အတွက် ဒီကနေ့ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သန်း ၅၀ လည်းဖြစ်နိုင်သလို၊ သန်း ၆၀၊ ၇၀၊ ၈၀ လည်း ဖြစ်နိုင်ပါတယ်။ ခန့်မှန်းပြီး ကြုံသလို ပြောနေကြရတာပါပဲ။
နောက် လူဝင်မှုကြီးကြပ်ရေးဌာနစာရင်းမှာ မ၀င်ဘဲ မွေးလာကြ သေသွားကြသူတွေဟာ မရေမတွက်နိုင်အောင်ပါပဲ။ အထူးသဖြင့် တောင်တန်းဒေသ၊ လူမျိုးစုဒေသတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ သေသာသွားရော နိုင်ငံသားမဖြစ်လိုက်ရသူတွေ အများကြီးပါပဲ။ တိုင်းပြည်အတွက် အဖက်ဖက်က ဆုံးရှုံးမှုကြီးပါပဲ။


လူအရေအတွက်သက်သက် မဟုတ်
Census ဆိုတဲ့ စကားကို သန်းခေါင်းစာရင်းလို့ မြန်မာမှု ဘယ်သူ စခဲ့လဲတော့မသိပါ။ လူဦးရေစာရင်း ကောက်ယူရတဲ့အခါ ညသန်းခေါင် လူခြေတိတ် အားလုံးအိပ်မောကျချိန်မှာ အလစ်အငိုက် စာရင်းဝင်ကောက်ရတာကြောင့် ဒီစကား ဖြစ်လာပုံရပါတယ်။ အရင်က ဧည့်စာရင်းစစ်သလိုမျိုး လုပ်ခဲ့တာဖြစ်ပါမယ်။ အဲဒီလုပ်ရပ်ကို သာလွန်မင်း ထွင်ခဲ့သလား၊ အင်္ဂလိပ်တွေပဲ လုပ်ခဲ့သလား မဆိုတတ်ဘူး။
ဒါပေမဲ့ ဒီကနေ့ခေတ် Census ကောက်ယူတဲ့အခါ လူဦးရေစာရင်းတင် မကတော့ဘဲ၊ နိုင်ငံ့နယ်နမိတ်အတွင်းရှိ ဒေသအသီးသီးက လူမျိုးပေါင်းစုံရဲ့ demography ကိုပါ စာရင်းယူရတာ ဖြစ်တော့ ညသန်းခေါင်မှာတင် လုပ်လို့ရတာမျိုး မဟုတ်တော့ဘူး။
demography ဆိုရာမှာ ဒေသအသီးသီးက လူမျိုးတွေရဲ့ အသက်အရွယ်၊ ပျမ်းမျှသက်တမ်း၊ နှစ်စဉ်မွေးဖွားမှုနှုန်း၊ အရွယ်မတိုင်မီ သေဆုံးမှုနှုန်း (infant mortality rates) သေဆုံးမှုနှုန်း (death rates)၊ လူဦးရေ အတက်အကျ၊ လူငယ်ဦးရေ၊ သက်ကြီးရွယ်အို ဦးရေ၊ မှီခိုသူဦးရေ၊ မသန်စွမ်းသူဦးရေ၊ စာတတ်မြောက်သူဦးရေ၊ ဘွဲ့ရဦးရေ၊ အလုပ်လက်မဲ့၊ လက်လုပ်လက်စား၊ လယ်ယာလုပ်ကိုင်သူ၊ လယ်ပိုင်သူ၊ အိမ်ပိုင်ခြံပိုင်ရှိသူ၊ တစ်ဦးချင်းဝင်ငွေ၊ ၀င်ငွေအချိုးအစား ကွာဟမှု၊ ဒေသအလိုက် နေထိုင်သူဦးရေ အချိုးအစား၊ လူမျိုးစုများ၊ အလုပ်အကိုင်အမျိုးအစား၊ လယ်ယာစွန့်ခွာပြီး မြို့ပြရွှေ့ပြောင်းသူ ဦးရေ၊ နိုင်ငံရပ်ခြားထွက်ခွာသူဦးရေ စတဲ့ အချက်အလက်တွေ ပါဝင်အောင် ကောက်ယူရတာ ဖြစ်ပါတယ်။
အဲဒီ လူဦးရေနဲ့ demography စာရင်းတွေပေါ် အခြေခံပြီးမှ မူဝါဒရေးဆွဲသူတွေက ကိုယ့်တိုင်းပြည်ဒေသ၊ လူမျိုးအခြေအနေတွေနဲ့ ကိုက်မယ့် ဖြစ်နိုင်ခြေရှိမယ့် စီမံကိန်းတွေ ချမှတ်ရပါတယ်။ census မှာ ဖော်ပြတဲ့ အချက်အလက်တွေကို အမြဲကိုင် စဉ်းစားပြီးမှ သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေ၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ဈေးကွက်၊ ဘဏ်လုပ်ငန်း၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် စာတာတွေကို အသေးစိတ် သူ့နေရာနဲ့သူ ရွေးချယ်ပြီး မူဝါဒတွေချမှတ် ဆောင်ရွက်ရပါတယ်။
အဲဒီကမှ တိုင်းပြည်အမျိုးသားဝင်ငွေ၊ စုစုပေါင်း ပြည်တွင်းထုတ်ကုန် တို့ဆိုတဲ့ အမျိုးသားကြီးပွားမှု ပုံမှန်ဖြစ်နေအောင် တာဝန်ယူသူတွေက စီမံရပါတယ်။ နောက် census ကပေးတဲ့ အချက်လက်ဒေတာတွေပေါ်ကနေမှ စီးပွားရေး၊ ပညာရေး စီမံကိန်းတွေ၊ ကျန်းမားရေးစတဲ့ social welfare လုပ်ငန်းတွေနဲ့ လူထု လုံခြံမှုရှိရေးအတွက် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။
ဥပမာ၊ အင်္ဂလန်ဆိုရင် ၁၈၀၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ သန်းခေါင်စာရင်းကို ဆယ်နှစ်တစ်ကြိမ် ပုံမှန်ကောက်လာခဲ့တယ်။ ဒါကြောင့် အင်္ဂလန်ဟာ သူတို့ရဲ့ နှစ်စဉ် မွေးနှုန်း သေနှုန်း၊ လူငယ်ဦးရေ၊ သက်ကြီးရွယ်အို၊ အခွန်ဆောင်သူဦးရေ၊ ကုမ္ပဏီတွေရဲ့ ငွေကြေး စတာကနေ၊ နိုင်ငံမှာနေ့စဉ်ထွက်တဲ့ မော်တော်ကား၊ လေယာဉ်၊ လက်နက်၊ ဇွန်ခရင်း၊ ဆပ်ပြာ၊ အပ်ချောင်း အထိ တစ်ခုချင်းစီကို အတိအကျ စာရင်းတင်နိုင်တယ်။ အဲဒီကမှ ဘတ်ဂျက်ခွဲဝေမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လိုအပ်တဲ့ စီမံကိန်းတွေကို စဉ်းစားနိုင်ကြတယ်။
ပြောရရင် မြန်မာအစိုးရအဆက်ဆက် လုပ်ခဲ့သမျှ စီမံကိန်းတွေ မအောင်မြင်ခဲ့တာက လူထုနဲ့ပတ်သက်တဲ့ အခြေခံစာရင်းအင်းတွေကို ကောက်ယူမှုမရှိတာ၊ မကောက်ယူဘဲ လုပ်ခဲ့တာတွေကြောင့်ပါပဲ။ ဆည်တွေဆောက်တာ ဒေသခံလူထု တကယ်လိုအပ်နေတာလား၊ ကန်ထရိုက်တာ လိုအပ်တာလား ဆာဗေးမရှိဘူး။ ဦးတည်ရာမဲ့ စီမံကိန်းတွေကိုဆိုတာ ပြောလို့မကုန်နိုင်ဘူး။ စာရင်းအင်းဒေတာမရှိ၊ ဆာဗေးမရှိလေတော့ မျောက်လက်ထဲ ဥယာဉ်ခြံရောက်သလိုပဲ၊ စီမံကိန်းလုပ်ဟန်ဆောင်သူနဲ့ လုပ်စားသူတွေကြားမှာ၊ တိုင်းပြည် အခြေအနေ ဆိုးခဲ့ရပြီး၊ လူထုက ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်ပြဿနာကိုယ်ရှင်းပါပဲ။


တရုတ်နဲ့ အိန္ဒိယ သန်းခေါင်စာရင်း
ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ကမ္ဘာ့လူဦးရေအထူထပ်ဆုံး တရုတ်နဲ့ အိန္ဒိယမှာ သန်းခေါင်စာရင်း ကောက်ခဲ့တယ်။ သူတို့ စာရင်းကောက်တဲ့ လုပ်ပုံကိုင်ပုံတွေက စိတ်ဝင်စားစရာဖို့ကောင်းပါတယ်။
တရုတ်မှာ မိသားစု အိမ်ခြေပေါင်း သန်း ၄၀၀ ရှိပါတယ်။ စာရင်းလိုက်ကောက်တဲ့ လူကချည်း ၆ သန်း ရှိပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ကောက်ယူကြတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးမှာ ၆ ကြိမ်မြောက် လူဦးရေစာရင်းကောက်တာဖြစ်ပါတယ်။ ဘယ်သူ့ အကူအညီမှ မယူဘဲ အစိုးရ ဘတ်ဂျက် ဒေါ်လာ ၁၀၄ သန်း အကုန်ခံ လုပ်ခဲ့တယ်။ ၂၀၁၁ ဒီဇင်ဘာ ၃၁ ရက်နေ့ စာရင်းထုတ်ပြန်မှုအရ တရုတ်မှာ လူဦးရေ ၁.၃၄ ဘီလီယံ (သန်း တစ်ထောင့်သုံးရာကျော်) ရှိပါတယ်။
တရုတ် ဒုသမ္မတ ရှီကျင်ပင်း က “လူဦးရေစာရင်းကောက်ခံမှုဟာ တရုတ်ပြည် စီးပွားရေးနဲ့ လူမှုရေးအတွက် သိပ်အရေးကြီးတယ်။ လူဦးရေ demography ရဲ့ ရှင်းလင်းတဲ့ ရုပ်ပုံကားချပ်ရမှ စီမံကိန်းကောင်းတွေ ဆက်ရေးဆွဲနိုင်မယ်။ ပညာရေး၊ ကျန်းမာရေး၊ အိမ်ယာ၊ ပင်စင် စတဲ့ ပြည်သူ့လုပ်ငန်းတွေ ဒီထက် အသက်ဝင်လာအောင် ဆောင်ရွက်ပေးနိုင်မယ်” လို့ စီအင်အင် သတင်းဌာနကို ပြောခဲ့ပါတယ်။
လူဦးရေစာရင်းသစ်ကနေ တရုတ်အစိုးရအတွက် စဉ်းစားစရာတွေ အများကြီးရှိလာတယ်။ ပြီးခဲ့တဲ့ နှစ် ၃၀ က တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း ချမှတ်ခဲ့တာကြောင့် ၂၀၅၀ ခုနှစ်ကျရင် သက်ကြီးရွယ်အိုတွေ ပိုများနေမယ်။ နှစ်စဉ် လူ ၁၀ သန်းကျော်က ကျေးလက်တွေကို စွန့်ခွာပြီး မြို့ပြတွေကို ပြောင်းရွှေ့နေတယ်။ တိုင်းပြည်ချမ်းသာလာပေမဲ့ ဆင်းရဲ ချမ်းသာ၊ မြို့ပြနဲ့ ကျေးလက်၊ ကမ်းရိုးတမ်းနဲ့ အတွင်းပိုင်း ကွာဟမှုတွေ ရှိနေတယ်။ နောက်သန်းခေါင်စာရင်းကောက်တာကို အခွန်ကောက်ဖို့လို့ ယူဆပြီး ထွက်ပြေးရှောင်နေကြတဲ့ အခက်အခဲတွေလည်း ကြုံရတယ်။
၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက် စာရင်းအရ အိန္ဒိယလူဦးရေကလည်း ၁.၂၁ ဘီလီယံ (သန်း တစ်ထောင့်နှစ်ရာကျော်) ရှိနေတယ်။ အိန္ဒိယက လူဦးရေ ထိန်းချုပ်မှုမရှိတဲ့အတွက် ၂၀၃၀ ခုနှစ်မှာ တရုတ်ကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်လာမယ်။ သန်းခေါင်စာရင်းကောက်သူ ၂.၇ သန်းက အိန္ဒိယ မြို့ပေါင်း ၇ ထောင်နဲ့ ကျေးရွာ ၆ သိန်းကျော်ကို ကွင်းဆင်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယရဲ့ ပြဿနာကတော့ ယောက်ျားလေးဦးရေက မိန်းကလေးထက် များတာ (မိန်းကလေးမွေးရင် သတ်ပစ်တာ)၊ စာမတတ်သူ အရေအတွက် များနေသေးတာ၊ အိမ်ခြေမဲ့တွေ များပြားနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးနှစ်နိုင်ငံရဲ့ သန်းခေါင်စာရင်းအသစ်တွေက စီးပွားရေးမှစပြီး လူမျိုးရေး၊ ဘာသာစကားတွေအထိ ရှေ့အနာဂတ် စီမံကိန်းသစ်အတွက် အထောက်အကူ အများကြီးရမှာ သေချာတယ်။


ဝေဖန်သူတွေလည်း စာရင်းအင်းလို
အခု မြန်မာနိုင်ငံမှာ ၂၀၁၄ ဧပြီလမှာ စပြီး ၃၁ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာ စံချိန်စံနှုန်းမှီ သန်းခေါင်စာရင်း ကောက်ယူမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA)နဲ့ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC) တို့က အကူအညီပေးတာ ဖြစ်ပါတယ်။
အဲဒီ သန်းခေါင်စာရင်းသစ်က မြန်မာနိုင်ငံသားအားလုံးအတွက် အရေးကြီးသလို၊ နောက်နောင် အစိုးရတွေရဲ့ စီမံကိန်းများအတွက် အရေးပါနေလိမ့်မယ်။ အတိုက်အခံ နိုင်ငံရေးပါတီများအဖို့လည်း census က ဖော်ပြတဲ့ စာရင်းအင်း အချက်အလက်သစ်တွေကနေ အစိုးရ စီမံကိန်းတွေရဲ့ အားသာချက် အားနည်းညံ့ဖျင်းချက်တွေကို ပိုပြီးစနစ်တကျ ဝေဖန်ထောက်ပြလာနိုင်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment