တက်ခနိုကရေစီပညာခေတ်

Sunday, 06 May 2012 04:55
တင်ညွန့်


ဆဲလ်ဖုန်းပညာခေတ်
၂၁ ရာစုစာသင်ခန်းတွေဟာ ကလေးဗဟိုပြုရမှာလား၊ ဆရာဗဟိုပြုရမှာလား ဝါးတားတားဖြစ်သူတွေ ဖြစ်နေချိန်မှာ နည်းပညာဗဟိုပြု (Tech Center) ဖြစ်တဲ့ နိုင်ငံတွေက ဖြစ်ကုန်ပြီ။ ၂၁ ရာစုမှာ စာသင်ခန်းတွေမှာ ဂဏန်းပေါင်းစက်လောက်၊ ပရိုဂျက်တာလောက် သုံးတယ်ဆိုတာ အများကြီးခေတ် နောက်ကျနေပြီပဲ။
ယနေ့ခေတ်က အင်တာနက်ခေတ်။ ကလေးတွေ အင်တာနက် သုံးကုန်ပြီ၊ သိချင်တာဖွေရှာတယ်၊ သိချင်လို့မေးတာ၊ ရရှိထားတဲ့ အချက်အလက်တွေကို ပြန်ပြီး share လုပ်ကြတယ်ဆိုတာ ရိုးတောင်နေပြီ။ ကလေးတွေပါးစပ်ဖြားမှာ ပရောဂျက်ဆိုတာတွေရွတ်ပြီး ရီဆတ် (Research) လုပ်တာကို ပျော်မွေ့နေချိန်၊ ကျောင်းစာသင်ခန်းထဲမှာ တံခါးပိတ်ထားပြီး စာတွေကို နှုတ်တိုက် အလွတ်ကျက်၊ ပြန်ရေး၊ အမှတ်ပေး၊ အတန်းတင်တဲ့နိုင်ငံတွေကလည်း ရှိနေဆဲ ဖြစ်တယ်။
ကလေးတွေက Facebook ကို သုံးတတ်နေပြီ။ Blog တွေကို မွှေနှောက်တတ်နေပြီ။ WiKi ကိုအကြိမ်ကြိမ် ရောက်နေပြီ။ ဆရာတွေက စားပွဲပေါ်မှာ လန့်နိုးတိုင်း ကြိမ်သံတစ်ချက်ပေးပြီး အတန်းထိန်းနေတာတွေ ရှိနေသေးတယ်။
PEW Internet & American Life Project က အမေရိကန် ကလေးတွေကို သုတေသန ပြုလုပ်ကြည့်ရာမှာ ၉၆ ရာခိုင်နှုန်းလောက်သော ကျောင်းသားတွေဟာ (အသက် ၁၂ နှစ်မှ ၁၇ နှစ်အတွင်း)  အင်တာနက်ကို သုံးနေကြတယ်။ ၈၉ ရာခိုင်နှုန်းသော ကျောင်းသားတွေဟာ အင်တာနက် သို့မဟုတ် ဆဲလ်ဖုန်းတွေကို သုံးနေကြကြောင်း သိရတယ်။
အိမ်တွေမှာလည်း ကလေးတွေ အင်တာနက်သုံးနိုင်အောင် မိဘတွေကိုယ်တိုင်က စီစဉ်ပေးလာကြပြီ။ National School Boards Association ရဲ့ လေ့လာသုံးသပ်ချက်အရ ၂ဝဝရ လောက်ကတည်းက ကျောင်းသား ၉၆ ရာခိုင်နှုန်းလောက်ဟာ အင်တာနက်၊ ဆိုရှယ်ကွန်ရက်တွေနဲ့ ဘလော့ဂ်တွေ၊ စာပို့ စနစ်တွေ သုံးနေကြပြီလို့ဆိုတယ်။  အဲဒီအထဲက အများစု ၅၉ ရာခိုင်နှုန်းဟာ ပညာရေးအကြောင်း၊ ကျောင်းသင်ခန်းစာနဲ့ပတ်သက်တဲ့အကြောင်း၊ တက္ကသိုလ်ဝင်ခွင့်အကြောင်းတွေကို လေ့လာကြတယ်။
၂၁ ရာစုမှာ အမေရိကန်ကျောင်းသားတွေ အင်တာနက်သုံးတာကြည့်ပြီး အောင်မြင်တယ်လို့ တစ်ဖက်ကဆိုနိုင်ပေမယ့်၊ အကောင်းနဲ့ အဆိုးဆိုတာ ဒွန်တွဲနေတတ်တာကို သဘောပေါက်ရပါ လိမ့်မယ်။ အင်တာနက်ကြောင့် ကမ္ဘာကြီးနဲ့ နီးစပ်ထိတွေ့နိုင်တယ်ဆိုပေမယ့် လူ့ဘောင်ပြင်ပကို ရောက်သွားတာမျိုး၊ ကိုယ်ကျင့်တရားကို မထိန်းသိမ်း မစောင့်ရှောက်နိုင်တာမျိုးတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကားတိုက်မှာကြောက်လို့ လမ်းတွေပေါ်မှာ ကားမမောင်းရလို့ အမိန့်ထုတ်ခွင့် မရှိပါဘူး။ အများဆုံး အကျိုးပြုနိုင်တဲ့ ရာခိုင်နှုန်းကို တွက်ဆကြရပါလိမ့်မယ်။

လိုကယ်မှ ဂလိုဘယ်သို့
ယနေ့ခေတ်မိဘတွေကလည်း သားသမီးတွေကို ခေတ်နဲ့အပြိုင် ရင်ဘောင်တန်းစေချင်ကြတယ်။ တစ်နည်းပြောရရင် local ထက် global ဖြစ်ရေးကိုပိုပြီး ဦးစားပေးလာကြတယ်။ ဒါကြောင့်လည်း နည်းပညာလေးတစ်ခုခုကို ကျောင်းတွေကမပေးလည်း ပေးတဲ့ဆီမှာ မရ ရအောင်နည်းလမ်းတွေရှာပြီး လေ့လာသင်ယူခိုင်းထားတတ်ကြ တာများပါတယ်။
ကျောင်းတွေမှာ အိမ်စာပေးတယ်။ အိမ်စာတွေကို အွန်လိုင်းမှာ ဖွေရှာတယ်။ ရထားတာတွေကို သူငယ်ချင်းတွေနဲ့ share လုပ်တယ်။ ဒါတွေက သူတို့ဆီမှာ ရိုးလို့တောင်နေပြီ။ ကျောင်းသုံး ပြဋ္ဌာန်းတွေကို ဒစ်ဂျစ်တယ်လုပ်လိုက်တော့ အွန်လိုင်းပေါ်မှာ သင်ခန်းစာတွေအားလုံးရတယ်။ ကျောင်းလာတယ်ဆိုတာ စာအုပ်တွေတစ်ပုံတစ်ပင်ကြီးနဲ့ မဟုတ်တော့ဘူး။ ဆဲလ်ဖုန်းတစ်လုံး၊ တက်ဘလက်တစ်လုံး၊ လက်ပ်တော့တစ်လုံးလောက်ပါလာရင်ကို အဆင်ပြေနေတာ။
အမေရိကန်မှာ ကျောင်းကို ဆဲလ်ဖုန်းယူလာရင် ပိတ်ပင်တားမြစ်တာမျိုးတွေနည်းလာပြီ။ ဆဲလ်ဖုန်း တစ်လုံးဆိုတာ ကွန်ပျူတာလည်း ဟုတ်တယ်၊ ဂဏန်းပေါင်းစက်လည်းဟုတ်တယ်၊ မီဒီယာလည်း ဟုတ်တယ်၊ သတင်းအချက်အလက်တွေကို ရယူစုဆောင်းနိုင်တဲ့ အကောင်းဆုံး အဖိုးနည်းဝန်ပါ ပစ္စည်းတစ်ခုဖြစ်လာတယ်။
ဒါကြောင့် ဆရာက ရှေ့ကနေ အကြောင်းအရာတစ်ခုကို ပြောနေပေမယ့်၊ ကျောင်းသားက အင်တာနက်မှာ ဆဲလ်ဖုန်းကတစ်ဆင့် ကြိုတင်ရှာနေတာတွေ၊ မသိရင် လှမ်းမေး တာတွေ လုပ်ချင်လုပ်နေလိမ့်မယ်။ ဆရာဆိုတာက သတ်မှတ်ချက် သို့မဟုတ် ပြဋ္ဌာန်းချက်တစ်ခုခုကို ကြေညာပေးလိုက်ပြီးရင်၊ ရှာဖွေဆန်းစစ်မှုနဲ့ သုံးသပ်ဝေဖန် အဖြေထုတ်မှုတွေက ကျောင်းသား အပိုင်းဖြစ်သွားပြီ။ နောက်မှ ကျောင်းသားရဲ့ အနေအထားကို ပိုင်းဖြတ်ရမှာက ဆရာ့အလုပ် ဖြစ်လာတယ်။
ဆဲလ်ဖုန်းတွေ အတန်းထဲမှာ သုံးလာတာနဲ့အမျှ ပညာရေးနဲ့ ပတ်သက်တဲ့ ဆဲလ်ဖုန်းမှာအသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲတွေလည်း ထွက်လာတယ်။ ဆဲလ်ဖုန်းနဲ့ အင်တာနက်သုံးတဲ့ကျောင်းသားတွေကို ကျောင်း တွေက Poll Everywhere (www.polleverywhere.com)  ဆိုတဲ့ application တွေကို တင်ခိုင်း တတ်ကြတယ်။ ဒီဆော့ဖ်ဝဲက SMS နဲ့ပို့တဲ့စာတွေ၊ အသုံးပြုတဲ့ web တွေကို မှတ်တမ်းတင်ပေး ထားတယ်။ အထူးသဖြင့်တော့ အင်တာနက် အသုံးပြုသူနဲ့၊ အသုံးပြုတဲ့စစ်တမ်းတွေကို ပြုစုထားပေး နိုင်တာဖြစ်လို့ ကျောင်းတွေမှာ အသုံးပြုကြတယ်။ Foneshow (www.foneshow.com) မှာလည်း အသံသွင်းထားတဲ့ အချက်အလက်တွေကို download ချယူနိုင်တယ်။
အထူးသဖြင့်တော့ podcast တွေ၊ သင်ခန်းစာပို့ချချက်တွေအပြင် ကျောင်းအသီးသီးက တစ်ပတ်အတွင်း ကျောင်းအုပ်ကြီးတွေရဲ့ မိန့်ခွန်းတွေကိုတောင်တွေ့နိုင်တယ်။ ပညာရေးမှာ ဖုန်းတစ်လုံးနဲ့ အသုံးဝင် နေပုံတွေကတော့ အံ့မခမ်း ပါပဲ။

လူမှုရေးကွန်ရက် ကျောင်းအတွက်လား
ဒီနေ့ခေတ်လူငယ်မျိုးဆက်ကို Facebook မျိုးဆက်လို့ခေါ်ကြတယ်။ Facebook ထဲဝင်တာ၊ ပုံတွေ၊ စာတွေ မျှဝေနေကြတယ်ဆိုတာ အဆန်းတော့မဟုတ်ပါဘူး။ လူမှုရေးကွန်ရက်တိုင်းမှာလိုလို ပရိုဖိုင်း (profile) လို့ခေါ်တဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းတာရယ်၊ ကျေနပ်စွာ ဖော်ထုတ်ပေးနေတာ တွေလည်း နှစ်ဦးနှစ်ဖက် နားလည်မှုတွေ ဖြစ်နေကြတယ်။
အထူးသဖြင့်တော့ MySpace (www.myspace.com) လို နေရာမျိုးမှာ ဝင်နေကြတဲ့ ကျောင်းသားတွေလည်း နည်းတာမှ မဟုတ်တာ။ Ning.com (www.ning.com) မှာဆိုရင်လည်း အလွန်လွယ်ကူတဲ့ ကျောင်းသင်ခန်းစာတွေ၊ တင်ထားတဲ့သူတွေနဲ့ ဆက်သွယ်နိုင်တဲ့လိပ်စာတွေ၊ အခြား ပညာရပ်ဆိုင်ရာ မျှဝေချင်သူတွေရဲ့နေရာ တွေကို အများကြီးဖော်ပြထားတယ်။ Ning ဟာ အသက် ၁၃ နှစ် ကနေ ၁၇ နှစ်ပိုင်းကို အဓိကထားတဲ့ ပညာရေးအစီအစဉ်တွေကို လုပ်နေပြီ။ သူတို့က အဲဒါကို ‘‘နံရံမဲ့ စာသင်ခန်း’’ လို့တောင် အမည် ပေးထားကြတယ်။ ကျောင်းသင်ခန်းစာတွေကို ဆရာတွေနဲ့ တိုက်ရိုက် ဆွေးနွေးနိုင်တဲ့ အစီအစဉ် တွေစဉ်ထားတယ်။
ဆရာတွေဟာ ကိုယ်သင်ချင်၊ ပြောချင်တာတွေကို ကိုယ့်ကျောင်းသားအတွက်သာမဟုတ်ဘဲ အခြား ကျောင်းသားတွေအတွက်ပါ ပြောပြလာနိုင်တယ်။ Blog တွေ post တွေရေးနိုင်တယ်။ Forum တွေ မှာ ဝင်ရေးနိုင်တယ်။ Ning က အားလုံးအတွက် လမ်းဖွင့်ပေးထားတယ်။ ယခင်တစ်လမ်းသွား ပညာရေးစနစ်ဟာ ကျောင်းသားအတွက် မိဘကအကြံပြုဆွေးနွေးတာတွေကိုလည်းတွေ့နိုင်မယ်၊ ဆရာကအကြံပြုတာတွေလည်းတွေ့ရမယ်။
ကျောင်းသားတွေရဲ့ ပြန်လည်တုံ့ပြန်မှုတွေကိုလည်း မြင်တွေ့နိုင်မယ်။ သုံးဖက်မြင် စနစ်သစ်ပညာရေးရဲ့ အကြံပြုဆွေးနွေးချက်တွေကို အွန်လိုင်းလောက် စုံလင်အောင် ဘယ်နေရာမှာမှ ရနိုင်မယ် မထင်ဘူး။ Danah Boyd ဆိုသူက ‘‘လူငယ်တွေ ဟာ network ရဲ့ ပြည်သူပြည်သား၊ နိုင်ငံသားတွေဖြစ်လာပြီ။ တစ်နေရာတည်းမှာ ပေါင်းစုံလာရင် သူတို့ကို ဘယ်လိုအကူအညီပေးရ မယ်ဆိုတာ အားလုံးသိလာနိုင်လိမ့်မယ်’’ လို့ဆိုလာပါတယ်။

မိုက်ခရိုဘလော့ဂ်များနှင့် အဆင့်အတန်း
လူမှုရေးကွန်ရက်တွေထဲမှာ နောက်ထပ်ရေပန်းစားလာတာက microblog လို့ခေါ်တဲ့ ကိုယ်တိုင်ရေးဖွဲ့ လွတ်လပ်တဲ့ site လေးတွေ ဖြစ်ပါတယ်။ အထူးဖြင့်တော့ Twitter တွေမှာ စာလုံးရေ ၁၄ဝ လောက်နဲ့ SMS အနေနဲ့ ပို့နိုင်လာတယ်။ ရင်ဖွင့်နိုင်တယ်ပေါ့။
၂ဝဝ၆ ခုနှစ် ဝန်းကျင်ကပေါ်လာတဲ့ Twitter ဟာရေပန်းစားလာပြီး ၂ဝဝ၉ ခုနှစ်မှာ နာမည်ကျော် မိုက်ခရိုဘလော့ဂ် ထိပ်တန်း ၅ဝ စာရင်းမှာ  Twitter ဝင်လာတယ်။ Twittrer ထဲဝင်ပြီးတော့ ကောလိပ်က ဆရာ ဆရာမတွေပါ လက်စွမ်း ပြလာကြတယ်။ အထက်တန်းကျောင်းတွေက ဆရာတွေလည်း ပူးပေါင်းပါဝင်လာကြတယ်။ ဒီလိုနဲ့ Twitter ကို ကျောင်းတစ်ကျောင်းလို အသုံးချသူတွေကလည်း အသုံးချလာကြတယ်။
အချို့ကျောင်းဆရာတွေက Twitter ကို ကျောင်းသားတွေနဲ့ ဆက်သွယ်ရာမှာ အသုံးပြုလာကြတယ်။ အထူးသဖြင့်တော့ ဘယ်နေ့မှာ ဘာလုပ်မယ်၊ ဘာတွေကြိုတင်ပြင်ဆင်ခဲ့ဆိုတာတွေ လမ်းညွှန် သတင်းအနနေနဲ့ ပို့လေ့ရှိတယ်။ ၂ဝဝ၉ ရွေးကောက်ပွဲကာလတုန်းကဆိုရင် ကျောင်းသားတွေ ကိုယ်တိုင် သမ္မတလောင်း ဘားရက်အို ဘားမားနဲ့ တိုက်ရိုက် Tweet တာတွေတောင် အတော်လေး ရေပန်းစားခဲ့တယ်။ ပြောချင်တာကတော့ Danah Boyd ပြောသလို တစ်နေ ရာတည်းမှာ ပေါင်းစုံလာနိုင်အောင် လူစုမိဖို့လိုတာပါ။ လူစုံရင် ပြောချင်တာတွေ၊ အကောင်အထည် ဖော်ချင်တာတွေကို လုပ်လို့ရသွားပါပြီ။

Mouse Mischief
ခုဆိုရင် မိုက်ခရိုဆော့ဖ်က Mouse Mischief (www. microsoft.com/mousemischief) ကို စမ်းသပ်ပြီးတင်ထားတယ်။ မကြာမီ အခမဲ့ download ယူနိုင်တော့မယ်။ အဲဒီအစီအစဉ်မှာ မိုက်ခရိုဆော့ဖ်က PowerPoint တွေအများကြီးတင်ထားပေးတယ်။ သူတို့က multiple choice တွေကို PowerPoint နဲ့ စီစဉ်ပေးထားတယ်။
ခေတ်ကပြောင်းလာပြီ။ မေးခွန်းတွေကို မောက်စ်နဲ့ click လုပ် ပြီးဖြေတာထက်၊ ပါးစပ်နဲ့ဖြေတာတွေက ပိုခေတ်စားလာတယ်။ ဆရာနဲ့ကျောင်းသား တိုက်ရိုက်ဆက်သွယ်၊ တိုက်ရိုက်အမေးအဖြေလုပ်၊ တိုက်ရိုက်အကဲဖြတ်နိုင်စွမ်းတွေရှိလာတယ်။ မိုက်ခရိုဆော့ဖ်က ဘယ်လောက်အထိ စီစဉ်ထား သလဲဆိုရင် click တစ်ချက်တည်းနဲ့ အားလုံး ပွဲပြီးရမယ်လို့တောင် ဆိုထားတယ်။ ခုဆိုရင် စာသင်ခန်း တစ်ခန်းစာ မိုက်ခရိုဖုန်း ၄ဝ နဲ့ တစ်ပြိုင်တည်း အမေးအဖြေလုပ်လို့ရအောင်ကို ပါ စီစဉ်နေတယ် လို့သိရတယ်။

သင်ကြားရေးနှင့် တက်ခနိုကရေစီ
မီဒီယာလမ်းကြောင်းကပြောင်းနေပြီ။ သင်ကြားမှုသင်ယူမှုမှာ ဘာကို ဗဟိုပြုရမှန်း ဝေဝါးထွေပြား နေချိန် နည်းပညာဗဟိုပြုဆိုပြီး လုပ်လာတယ်။ ကွန်ပျူတာထက်၊ ဖုန်းလေးတွေနဲ့ အွန်လိုင်းဆိုတာကို ပိုပြီးတော့ စိတ်ဝင်စားလာကြတယ်။ အင်တာနက်ဟာ နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်ချက်ဖြစ် လာတယ်။ စာလုံးရေ ၁၄ဝ လောက်နဲ့ အလုပ်ဖြစ်အောင် ဆက်သွယ်လာနိုင်တယ်။ ပြောချင်တာ တွေကို တိုတို တုတ်တုတ်ပြော၊ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လာကြတယ်။ နည်းပညာ လွတ်လပ်ခွင့်ကို တက်ခနိုကရေစီဆိုပြီး တောင်းဆို လာကြတယ်။
မပိတ်ပါနဲ့ ဖွင့်ပေးပါ။ လွတ်လပ်စွာ သုံးပါရစေ။ မြန်ဆန်စွာသုံးပါရစေ။ ဘာသုံးသုံး၊ ဘာအတွက် သုံးသုံးလိုက်ပြီး မပိတ်ဆို့ပါနဲ့ဆိုတဲ့ အသံတွေက တက်ခနိုကရေစီရဲ့ ဒီရေကို မြင့်တက်စေတယ်။
ပညာရေးဟာ တစ်ဖက်ပိတ်စည်လည်း မဟုတ်ဘူး၊ နှစ်ဖက် ပိတ်စည်လည်း မဟုတ်ဘူး။ ဝင်လို့မရအောင် နှစ်ဖက်ပိတ်ထားလို့လည်း မရဘူး။ တစ်ဖက်ဖွင့် တစ်ဖက်ပိတ်ထားလို့လည်း မရဘူး။ အားလုံးကို ဖွင့်ပေးခိုင်းနေပြီ။ စည်တီးရမယ့်ခေတ်လို့ မယူဆတော့ ဘူး။ Social ကွန်ရက်မျိုးဆက်တွေက လွတ်လပ်စွာ ဖောက်ဝင်၊ ဖောက်ထွက် သူတို့ဦးတည်ချက်နဲ့ သူတို့ရှိနေတယ်။ ဒါကို တက်ခနို ကရေစီလို့ခေါ်မလား။
တင်ညွန့်
Ref: Teachable Tech: Classroom Trends To Watch
By Merry Gordon
How Should Schools be Using Tech to Teach?
By Samantha Cleaver

0 comments:

Post a Comment