ဆယ်ကျော်သက်အရွယ် ကလေးငယ်နှစ်ဦး သံလွင်မြစ်တွင် ရေနစ်သေဆုံး

Monday, 30 April 2012 10:35

“ကျမတို့ နှစ်ခြင်းကျောင်းမှာ စာသင်တော့ နေ့လည်ဆို ထမင်းပြန်လာစားတယ်လေ။ ထမင်းပြန်လာစားပြီးတော့ သူတို့က သောက်ရေခပ်ရတယ်။ သောက်ရေခပ်ရတော့ သူတို့က အဖွဲ့နဲ့ ခပ်ရတယ်။ သူက ကရင်စာ သိပ်မတတ်တော့ အခုဆုံးတဲ့ ကောင်လေးနဲ့ တတန်းတည်းပဲ ထင်တယ်။ အတူတူ သွားခပ်တာလေ။ ခပ်တော့ ရေထဲမှာ နစ်တယ်” လို့ ဘယ်နဒဲတာရဲ့ မိခင် ဒေါ်နော်မူအေးက ပြောပြပါတယ်။
သမီးဖြစ်သူ ဘယ်နဒဲတာဟာ ရေနစ်သွားသော စောရိုးလဲလ်အား လိုက်ဆယ်ရင်း လိုက်ပါနစ်သွားတယ်လို့ ဒေါ်နော်မူအေးက ပြောပါတယ်။
“သူ့နဲ့ အတူတူခပ်တဲ့ ကောင်လေးက အရင်ဆုံး ခပ်တယ်။ ခပ်တော့ အဲကောင်လေးက ရေပုံးက မျောသွားတယ်။ အဲကောင်လေးက လိုက်တော့ အဲကောင်လေး နစ်တော့ သူက အဲကောင်လေးကို သွားဆယ်တယ်လေ။ ဆွဲလိုက်တာ သူပါနစ်သွားတယ်” လို့ ပြောပါတယ်။
နှစ်ခြင်းဘုရားကျောင်းမှာ နွေရာသီ ကရင်စာ သင်နေသော အသက် ၁၀ နှစ်အရွယ် စောရိုးလဲလ်(ခ) ရိုးလိုမိုးနဲ့ အသက် ၁၄ နှစ်အရွယ် ဘယ်နဒဲတာ တို့နှစ်ဦးဟာ နေ့လည်စာစားပြီး ရေဆင်းခပ်ရာမှ ဧပြီလ ၂၇ရက်နေ့ နေ့လည် ၁ နာရီ ၀န်းကျင်မှာ ရေနစ်သွားခြင်း ဖြစ်ပါတယ်။
သံလွင် တဖက်ကမ်းမှ မြင်ရသော ဖာဆောင်းမြို့(ဓါတ်ပုံ-ကေတီ)
“ရေမြုပ်သွားတယ်တဲ့ ကောင်လေးတယောက် ကျနော်တို့ သွားဝိုင်းကြည့်တာပေါ့။ ကျနော်ကလည်း ရေမကူးတတ်ပါဘူး။ သွားကြည့်မယ်ဆိုတော့ သွားတော့ ၁၅မိနစ်လောက်တော့ ကြာသွားပြီ။ တွေ့တော့ ကားနဲ့ ဆေးရုံသွားပို့လိုက်တယ်။ ဆေးရုံသွားပို့တဲ့ချိန်မှာ ဆရာမတွေကြည့်တော့ မရတော့ဘူး။ တအောင့်နေတော့ တခါ ကောင်မလေး ထပ်တွေ့ပြီဆိုတော့ ကားလာခေါ်တယ်။ ကားလာခေါ်တယ်။ ကျနော်လာတော့ သုံးဘီးကားနဲ့ သယ်သွားတယ်” လို့ ကားဆရာ တဦးက ပြောပါတယ်။
ရေနစ်ပြီး သေဆုံးသွားသော စောရိုးလဲလ်မှာ မောင်နှမ ၄ဦးရှိတဲ့အနက် အထွေးဆုံးသား ဖြစ်ပြီး ဘယ်နဒဲတာမှာ မောင်နှမ သုံးဦးရှိတဲ့အနက် အကြီးဆုံး သမီး ဖြစ်ပါတယ်။
သေဆုံးသွားသော ကလေးငယ်နှစ်ဦးဟာ ဖားဆောင်းမြို့နယ် တောင်ပိုင်းရပ်ကွက်က အိမ်နီးနားချင်း ဖြစ်ကြပါတယ်။ ထိုကလေးနှစ်ဦး ရေနစ်တဲ့နေရာဟာ ၁၇ပေခန့်ရှည်လျားတဲ့ဝါးတချောင်းစာနက်ပြီး ရေမစီးပဲ ရေ၀ဲနေတဲ့ နေရာ ဖြစ်ပြီး ထိုနေရာမှာ ယခင်ကလည်း ရေနစ်ပြီး သေဆုံးခဲ့ဖူးသူများ ရှိတယ်လို့ သိရပါတယ်။

0 comments:

Post a Comment