ကျမ၏ စာအုပ်စင်

ခင်နှင်းစိုး

ဆယ်ကျော်သက်အရွယ်မှာ စာအုပ်များကို စွဲစွဲမြဲမြဲ စဖတ်ခဲ့တုန်းက ကျမစာအုပ်စင်မှာ ကျောင်းသုံးဖတ်စာအုပ်များ၊ အင်္ဂလိပ်နှင့် မြန်မာ ၀တ္ထုစာအုပ်တချို့လောက်သာ ရှိခဲ့သည်။
အချိန်တွေ ကြာလာသည်နှင့်အမျှ၊ ကျမစာအုပ်စင်မှာ စာအုပ်အမျိုးအစားတို့ ပိုစုံလင်လာခဲ့သည်။ တချို့စာအုပ်တွေက နှစ် နှစ်ဆယ်ကျော်သည်အထိ ကျမနှင့်အတူရှိနေကြသလို၊ အတော်များများကတော့ မရှိကြတော့။ အချိန်တွေနှင့်အတူ ကျမ အကြိုက်လည်း ပြောင်းလဲခဲ့သည်။
ကျမ လေး - ငါးတန်း အရွယ်မှာ စဖတ်ခဲ့တာကတော့ ကျမအမေ ဖတ်လေ့ရှိသော မိုးမိုး (အင်းလျား) နှင့် မစန္ဒာ၏ ၀တ္ထုတို၊ ၀တ္ထုရှည်ပေါင်းချုပ်တို့ ဖြစ်သည်။ ငယ်ရွယ်သော၊ ဘ၀ကို သက်တောင့်သက်သာ ဖြတ်သန်းနေရသော ကျမအတွက် သူတို့၏ ဘ၀သရုပ်ဖော် ၀တ္ထုတွေက (ထိုအချိန်က) ဇာတ်လမ်းဆန်နေခဲ့သည်။
သို့သော် သူတို့အရေးအသားကို ခုချိန်ထိ ကျမနှစ်သက်မိဆဲ။ သူတို့ရေးတာတွေ ဖတ်လိုက်တိုင်း၊ အတွေးတခု၊ ခံစားချက်တမျှင် ကျန်ရစ်စမြဲ။ မစန္ဒာ၏ “ဂျီဟောသူ” “ငယ်သူမို့ မသိပါ” “သူတို့မြန်မာပြည်မှာ နေကြသည်” တို့ ကျမစာအုပ်စင်မှာ နေရာယူထားစမြဲပါ။
ကျမ ဆယ်ကျော်သက်အရွယ်ကစပြီး အင်္ဂလိပ်ဝတ္ထုတွေရော မြန်မာဝတ္ထုတချို့ပါ ဖတ်ဖြစ်ခဲ့သည်။ အရာရာကို ရင်ခုန်တတ်တဲ့ နှစ်ဆယ်ကျော်စအရွယ်ထိတော့ အချစ်ဝတ္ထုတွေက ကျမစာအုပ်စင်တွင် နေရာယူထားခဲ့ကြသည်။ လမင်းမိုမို၊ လွန်းထားထား၊ ဂျူး၊ Danielle Steel, Virginia Woods, Emily Bronte, Charlotte Bronte တို့ရေးသော အချစ်ဇာတ်လမ်းများ၊ မင်းလူ နှင့် နီကိုရဲတို့၏ ဟာသဇာတ်လမ်းများ၊ Agatha Christie ၏ စုံထောက်ဇာတ်လမ်းများ၊ Sidney Sheldon, John Grisham, James Patterson နှင့် Lois Duncan တို့၏ သည်းထိတ်ရင်ဖိုဇာတ်လမ်းများတွင် ပျော်မွေ့ခဲ့သည်။
အချစ်ကို ဖော်ကျူးသောစာသားများတွင် ဂျူး၏ “ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့” နှင့် Charlotte Bronte ၏ “Jane Eyre” တို့မှ စာကြောင်းများက ကျမအတွက် ဂန္တ၀င်အမြောက်ဆုံး ဖြစ်သည်။ (ခုချိန်ထိ) ဘယ်အချိန်ဖတ်ဖတ် မငြီးငွေ့နိုင်။
တာရာမင်းဝေ၏ “သင်နှင့်နံနက်ခင်းကိုသာ ၀င်ခွင့်ပြုမည်” ဆိုသော ၀တ္ထုထဲမှာ လူ့ပတ်ဝန်းကျင်မှ ရေပေါ်ဆီလူတန်းစားများ၊ ၀မရှိဘဲ ၀ိလုပ်ချင်သူများကို ဇာတ်ကောင်တုန့်ပြန်လိုက်သော စကားများ၊ ကပ်ပါနေသော အတွေးများကို အလွန်သဘောကျမိသည်။ ဟာသ၀တ္ထုများတွင် မင်းလူကို အကြိုက်ဆုံးဟု ဆိုရမည်။ လူတို့မှာ ဖြစ်လေ့ဖြစ်ထရှိသော အရာများကို သူက ရိုးရိုးလေးနှင့် ဟာသမြောက်အောင် ရေးတတ်သည်။
မစန္ဒာ၏ “သူတို့မြန်မာပြည်မှာ နေကြသည်” ဆိုတာကို ဖတ်တော့၊ ကျမ စင်္ကာပူမှာ မိသားစုနှင့်ပြောင်းရွှေ့နေထိုင်နေပြီ။ မြန်မာပြည်မှ ထိုသို့ ကြည်နူးအားရဖွယ် ဇာတ်လမ်းကိုဖတ်ပြီး၊ မြန်မာဖြစ်ရတာအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့သည်။ ခုချိန်မှာတော့၊ အဲဒီ ဇာတ်လမ်းထဲကလို အခြေအနေ မြန်မာပြည်မှာ ရှိပါဦးမလား မပြောနိုင်။
စာဖတ်သန်သော၊ စာဖတ်မြန်သော ကျမက ၀တ္ထုတော်တော်များများ ဖတ်ခဲ့ဖူးသည်။ တခါတလေ ၀တ္ထုတအုပ်ကို မပြီးမချင်း ထိုင်ဖတ်လေ့ရှိတတ်သည်။ အသက် သုံးဆယ်ပြည့်သောအချိန်တွင်တော့ အရင်က ကြိုက်ခဲ့သောဝတ္ထုများမှ Emily Bronte, Charlotte Bronte, Agatha Christie ၊ မင်းလူ၊ တာရာမင်းဝေ၊ မစန္ဒာ တို့၏ ၀တ္ထုတို့လောက်သာ ဖတ်ချင်တော့သည်။ ကျမအလွန်ကြိုက်ခဲ့သော ဂျူး၏၀တ္ထုများကိုပင် လှည့်မကြည့်ချင်တော့။ ကျမက စာဖတ်တိုင်း ရသဖြစ်စေ၊ ဗဟုသုတဖြစ်စေ၊ တွေးစရာဖြစ်စေ တခုခုကျန်သွားစေမည့် စာမျိုးကိုသာ ဖတ်ချင်လာမိသည်။
စာအုပ်များနှင့်ပတ်သက်လျှင် ကျမတို့ ရွေးချယ်မှုများက ကျမတို့ ဖြတ်သန်းနေရသော အခြေအနေပေါ် အများကြီး မူတည်နေသည်။ ဖတ်စရာအလွန်များသောခေတ်တွင် ကျမအတွက် အကျိုးရှိမည့်စာများကိုသာ အချိန်ပေးချင်သည်။
အခုအခါ ရသပိုင်းအတွက် ဂျပန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ တရုတ်ပြည်၊ စင်္ကာပူက နာမည်ကြီးစာရေးဆရာများရေးသော ၀တ္ထုတွေကို ဖတ်ဖြစ်သည်။ သူတို့အရေးအသား၊ သူတို့ အိုင်ဒီယာများ၊ သူတို့ ဇာတ်လမ်းများတွင် ထင်ဟပ်နေသော လက်တွေ့ဘ၀များက စိတ်ဝင်စားစရာ ကောင်းသည်။
Booker Prize ရသော ဗြိတိသျှစာရေးဆရာ Ian McEwan၊ The Man Asian Literary Prize ရသော ဖိလစ်ပိုင်စာရေးဆရာ Miguel Syjuco တို့၏ ၀တ္ထုများကိုဖတ်တော့ သိပ်အရသာမတွေ့လှ။ ဆုချီးမြှင့်ခံထားရပေမယ့်လည်း စာဖတ်သူတိုင်းအတွက် အကြိုက်မဖြစ်နိုင်။ နာမည်ကြီး Paulo Coelho ၏ “The Alchemist” နှင့် Yann Martel ၏ “Life of Pi” တို့ကိုလည်း အကြိုက်မတွေ့ခဲ့။ လူကြိုက်များသော်လည်း အဲဒီထဲ ကျမ မပါဝင်ခဲ့။

ကမ္ဘာကျော် ဂျပန်စာရေးဆရာ Haruki Murakami ၏ ပို့စ်မော်ဒန်ဆန်ဆန် အရေးအသားတချို့ကို နှစ်သက်မိသည်။ သူ၏ သုတစာပေ (non-fiction) စာအုပ်တို့ဖြစ်သော “The underground”, “What I talk about when I talk about running” တို့ကို ပိုနှစ်သက်မိသည်။ သူ့စာအုပ်တိုင်းလိုလို အင်္ဂလိပ်လို ဘာသာပြန်ပြီး ကမ္ဘာပေါ်တွင် အရောင်းရဆုံး နာမည်ကြီးစာရင်း ၀င်နေသည်။ မြန်မာစာရေးဆရာတွေ ရေးသောစာအုပ်တွေကိုလည်း ကမ္ဘာမှာ ထိုသို့ပြန့်နှံ့စေချင်မိသည်။
တခြား နာမည်ကျော် ဂျပန်စာရေးဆရာများဖြစ်သော Kenzuro oe နှင့် Yoko Ogawa ရေးထားသော စာအုပ်တချို့ကိုလည်း ဖတ်ဖြစ်သည်။ ဂျပန်စာရေးဆရာများ ရေးသောအကြောင်းအရာများက တခါတရံ နားလည်ရခက်သည်။ စိတ်ပိုင်းဆိုင်ရာအရ မှောင်မိုက်သည်။ သူတို့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဇာတ်လမ်းမျိုးရေးတာ သိပ်မဖတ်ဖူးပေ။ သူတို့ ပတ်ဝန်းကျင်ကလည်း အဲလိုပဲ ဖြစ်နေသလားဟု တွေးစရာပင်။
တရုတ်စာရေးဆရာမ Xinran ရေးသော တရုတ်နိုင်ငံမှ (အများအားဖြင့် ကျေးလက်တောရွာတို့မှ) အမျိုးသမီးများ (one child policy နှင့် တရုတ်တို့ အစဉ်အလာအရ သားတွေကသာ မိသားစုနာမည် ဆက်ခံနိုင်ခြင်းတို့ကြောင့်) သူတို့မွေးကင်းစ ကလေး ယောကျာ်းလေးမဟုတ်ခဲ့ရင်၊ သတ်ပစ်ရတာတွေ အကြောင်း၊ Yemen နိုင်ငံက Nujood ဆိုသော ကောင်မလေးက အသက် ၁၀ နှစ်မှာ အိမ်က ပေးစားသော၊ သူ့ထက် သုံးဆလောက် အသက်ကြီးသောလူကို ကွာရှင်းပြတ်ဆဲဖို့ ကြိုးစားတဲ့အကြောင်းတွေ ဖတ်ပြီး၊ သူတို့လို ဘ၀မျိုးမကြုံရတာ အရမ်းကံကောင်းတာပဲဟု တွေးမိသည်။
အများအားဖြင့်တော့ New York Times မှ book reviews များကို ကျမဖတ်လေ့ရှိသည်။ အဲဒီထဲက နှစ်သက်သောစာအုပ်တို့ကို ၀ယ်ဖတ်တတ်သည်။ တချို့က review မှာ ကောင်းသလောက်၊ ကိုယ်တကယ်ဖတ်တော့ အကြိုက်မတွေ့လှ။ အများအားဖြင့်တော့ ကြိုက်တာများသည်။
ခုနောက်ပိုင်း ကျမ၀ယ်ဖြစ်တာလည်း non-fiction စာအုပ်တွေ များသည်။ အရေးအသားအားဖြင့်၊ အိုင်ဒီယာအားဖြင့် အလွန်ကောင်းသော ရသစာအုပ်လောက်သာ ဖတ်ချင်တော့သည်။ ထို့ကြောင့် ကျမစာအုပ်စင်တွင် non-fiction စာအုပ်များ နေရာယူလာသည်။
မြန်မာပြည်နှင့်ပတ်သက်သော စာအုပ်များကိုလည်း စုဆောင်းထားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော “Voice of Hope”, “Letters from Burma”, “Freedom from fear” စသော စာအုပ်များ၊ Zoya Phan ၏ “Little Daughter”, Inge Sargent ၏ “Twilight over Burma: My Life as a Shan Princess” စသော အတ္ထုပတ္တိများ၊ Amitav Gosh ၏ နာမည်ကြီး “The Glass Palace” လို မြန်မာပြည်အကြောင်း အခြေခံထားသော ၀တ္ထုများ၊ Thant Myint-U ၏ “The River of Lost Footsteps”, “Where China meets India” စသော သမိုင်းကို စောင်းပေးထားသော စာအုပ်များ၊ George Orwell ၏ “The Burmese days”၊ Andrew Marshall ၏ “The Trouser People” စသော နိုင်ငံခြားသားများရေးသော မြန်မာပြည်အကြောင်း စာအုပ်များ။
ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးဖြစ်သော “Voice of Hope” ကိုဖတ်ပြီး၊ ပိုတိုး လေးစားမိသည်။ ဘယ်အချိန်ဖတ်ဖတ် inspirational ဖြစ်သည်။ ကျမအကြိုက်ဆုံးစာအုပ်များထဲတွင် အရောင်းရဆုံးစာရင်းဝင် Malcolm Gladwell ၏ စာအုပ်များ၊ ပိုလန်ဂျာနယ်လစ် Ryszard Kapuściński ၁၉၅၇ မှ အနှစ် ၄၀ အတွင်း အာဖရိကနိုင်ငံများသို့ သူသွားခဲ့သော အတွေ့အကြုံများကို ရေးထားသော “The Shadow of the Sun”၊ နာမည်ကြီး ရုပ်ရှင်ဖြစ်သွားသော Khaled Hosseini ၏ “The Kite Runner”၊ Aravind Adiga ၏ “The White Tiger” တို့ ပါဝင်သည်။
ကျမစာအုပ်စင်တွင် ကျန်းမာရေး၊ အားကစား၊ ဟင်းချက်နည်း၊ တက်ကျမ်း၊ လက်ရှိသက်ဆိုင်သော နည်းပညာစာအုပ်များ စသော ဟိုတစ ဒီတစ စာအုပ်များလည်း ရှိသည်။ သူတို့ကတော့ လိုရင်လိုသလိုသာ ဖတ်ဖြစ်သည်။ တခါတရံ သူတို့သည် စာအုပ်စင်ထဲမှ ထွက်ခွင့်ပင်မရရှာကြ။
လူတိုင်းတွင် စာအုပ်စင်တခု (သို့မဟုတ်) စာအုပ်များကို သတ်သတ်မှတ်မှတ်ထားသော နေရာတခု ရှိသင့်သည်ဟု ကျမယုံကြည်သည်။ ဟန်ဆောင်မှုမရှိသော စာအုပ်စင်တခုက လူတယောက်၏ စိတ်နေသဘောထား၊ စိတ်ဝင်စားမှု၊ ဖြတ်သန်းခဲ့ရတာတွေကို ဖော်ပြတတ်သည်။
ကျမစာအုပ်စင်ကို ဖွင့်လိုက်တိုင်း ကျမဘယ်လိုအရာတွေကို စိတ်အားထက်သန်နေသလဲ၊ အချိန်က ကျမကို ဘယ်လို ပြောင်းလဲနေသလဲဆိုတာ ကျမကိုယ်ကျမ မြင်တွေ့နိုင်တာကို နှစ်သက်မိသည်။

0 comments:

Post a Comment