ဘန်ကီမွန်းပြောတဲ့ သူ့ငယ်စဉ်ဘ၀နှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး
ဘန်ကီမွန်း
ကိုရီးယားစစ်ပွဲကာလမှာ ကျနော် ကလေးအရွယ်ပဲ ရှိသေးပေမဲ့၊ ဆင်းရဲမွဲတေမှုကို ကိုယ်တိုင် ကြုံခဲ့ရပါတယ်။ ကျနော့်် ပတ်လည်မှာ ဆင်းရဲတဲ့ မြင်ကွင်းတွေ နေ့တိုင်း မြင်ခဲ့ရသလို၊ ကျနော်ကိုယ်တိုင်လည်း ဆင်းဆင်းရဲရဲ နေခဲ့ရပါတယ်။
ကျနော့်ငယ်စဉ်ဘ၀ အမှတ်ရစရာတွေထဲကတခုကတော့ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေရာက လွတ်မြောက်ဖို့ ရွှံ့ညွန်တွေဖြတ်ပြီး တောင်တန်းတွေဆီ ပြေးခဲ့ရတာပါ။ နောက်ဘက်မှာ ကျနော်တို့ တစ်ရွာလုံး မီးလောင်ကျန် ခဲ့ပါတယ်။ ရှေ့မှာ ကျနော်နဲ့ ကျနော့်မိသားစုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ရင်တမမပါ။
နောက်ဆုံး အဖြေကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေပါ။ နိုင်ငံပေါင်းစုံက မိတ်ဆွေတွေရဲ့ အကူအညီကြောင့် ကျနော်တို့နိုင်ငံဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ရပ်လာနိုင်ပါတယ်။ ကြောက်မက်ဖွယ် ပဋိပက္ခတွေအပြီး၊ အပျက်အစီးပုံတွေကြားကနေ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ ကိုရီးယားတွေရဲ့ အလုပ်ကြိုးစားလုပ်ကိုင်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် ကိုရီးယား သမ္မတနိုင်ငံဟာ နှစ်ငါးဆယ်တောင်မကြာဘဲ အဆုံးစွန်ဆင်းရဲမွဲတေမှုကနေ ချမ်းသာကြွယ်ဝတဲ့အဆင့်ကို ရောက်ရှိလာပါတယ်။
အခု ကျနော် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုချုပ် ဖြစ်တော့လည်း၊ ငယ်စဉ်က ဇာတ်လမ်းမျိုးတွေနဲ့ ကြုံတွေ့ ရင်ဆိုင်နေရတုန်းပါပဲ။ ကမ္ဘာပေါ်မှာ အဆုံးစွန်ဒုက္ခရောက်နေတဲ့ လူသန်းတစ်ထောင်ရဲ့ ဆင်းရဲမွဲတေမှု ပြဿနာကို ကူညီဖြေရှင်းဖို့ နေ့တိုင်း ကျနော် အလုပ်လုပ်နေရပါတယ်။
အာဖရိကတောင်ပိုင်းက ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေနေတဲ့ မာလာဝီနိုင်ငံက ကျေးလက်တွေ ရောက်သွားတော့ ကျနော်ငယ်စဉ် ကြုံခဲ့ရတဲ့ ဆင်းရဲမွဲတေမှုနဲ့ အခက်အခဲဒုက္ခတွေကို ပြန်အမှတ်ရလာပါတယ်။
မာလာဝီ ကျေးလက်တွေက စိန်ခေါ်မှုတွေကို စုပေါင်းစိတ်ဓာတ်တွေ ညီညွတ်မှုအင်အားတွေနဲ့ ကျော်လွှားဖို့ လုပ်ကိုင်နေရပါတယ်။ အဲဒီလို စည်းလုံးမှုတွေ၊ ဆုံးဖြတ်ချက် ခိုင်ကျဉ်မှုတွေကပဲ ကိုရီးယား ကျေးလက်တွေကို ဆယ်စုနှစ် ငါးခုအကြာမှာ ခေတ်မှီဖွံ့ဖြိုးအောင် လုပ်နိုင်ခဲ့တာပါ။
သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေက လာမယ့် ၂၀၁၅ ခုနှစ်ကျရင် ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှုနဲ့ ရောဂါဘယတွေ တစ်ကမ္ဘာလုံးမှာ လျှော့ချနိုင်ဖို့အတွက် ကတိက၀တ်တွေ ပေးခဲ့ကြတယ်။ အဲဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက ထောင်စုနှစ်ပန်းတိုင် (၈) ခုကို ချမှတ်ခဲ့ပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံး ဒေသတွေမှာ အဲဒီပန်းတိုင်တွေ အောင်မြင်အောင် လုပ်ဆောင်ဖို့ ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုလသမဂ္ဂအရာရှိတွေ စုပေါင်းပြီး 'ထောင်စုနှစ်ကျေးရွာ စီမံကိန်း' ကို စတင်ခဲ့ပါတယ်။
တောင်ကိုရီးယားမှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ခဲ့တဲ့ အတွေ့အကြုံလိုပါပဲ။ အခု အာဖရိကရဲ့ ထောင်စုနှစ် ကျေးရွာတွေမှာလည်း အစားအစာထုတ်လုပ်မှုနဲ့ ကလေးတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို တိုးမြှင့် ဆောက်ရွက်နေပါတယ်။ နောက် ဆင်းရဲမွဲတေမှု ထောင်ချောက်ကနေ ဖောက်ထွက်နိုင်မယ့် လမ်းကြောင်းတွေ ရှာဖွေနေကြပါတယ်။
ဒါပေမဲ့ ၁၉၆၀ ခုနှစ်တွေမှာ တောင်ကိုရီးယား ကြုံတွေ့ခဲ့ရတာနဲ့ ကနေ့ ဖြတ်သန်းမှုတွေမှာ အဓိက ခြားနားချက်တွေ ရှိတာကို ကျနော် သတိထားမိပါတယ်။ အာဖရိက ထောင်စုကျေးရွာ စီမံကိန်းတွေကို ကျနော် ရောက်သွားတော့ နည်းပညာရဲ့ အရေးပါမှုနဲ့ အလားအလာတွေကို သတိထားမိပါတယ်။
အင်တာနက်တွေ၊ မိုဘိုင်းဖုန်းတွေ၊ ခေတ်မှီ စိုက်ပျိုးရေးမျိုးစေ့တွေ၊ စနစ်ကျတဲ့ ရေသွယ်မြောင်းတွေ၊ ငှက်ဖျားနဲ့ အခြားရောဂါကို ချက်ချင်းရှာဖွေနိုင်တဲ့ စမ်းသပ်ကရိယာတွေ၊ ဈေးသက်သာတဲ့ စွမ်းအင်ထုတ် ဆိုလာပြားတွေကို မြင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက စိတ်ကူးတောင် မယဉ်နိုင်ခဲ့တာတွေကို အာဖရိကကျေးရွာတွေမှာ လက်ရှိ အသုံးပြုလာနိုင်ကြတယ်။
ထောင်စုရွာက ကျန်းမာရေးလုပ်သားတွေဟာ တစ်အိမ်ချင်းအလိုက် ငှက်ဖျားကုသဖို့ စမတ်ဖုန်းတွေ သုံးပြီး၊ တိုင်ပင် ဆွေးနွေးနေတာလည်း မြင်ခဲ့ရပါတယ်။ မိုက်ခရိုစကုပ်နဲ့ ဓာတ်ခွဲခန်းတွေ အခက်အခဲရှိတဲ့နေရာမှာ၊ ငှက်ဖျားကို စမ်းသပ် အတည်ပြုပေးနိုင်မယ့် ဈေးပေါတဲ့ ကရိယာသေးသေးလေးတွေကို ကျန်းမာရေး လုပ်သားတွေက အသုံးပြုကြပါတယ်။ နောက် သူတို့ရဲ့ ရောဂါရှာဖွေမှု ရလဒ်ကို ကျွမ်းကျင်တဲ့ ပညာရှင်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အကြံဥာဏ်တွေ ထပ်မံရယူပါတယ်။ ဖျားနာတဲ့ ကလေးတွေကို အချိန်မှီ ဆေးခန်းကို ရောက်အောင် ပို့ပေးလာနိုင်ပါတယ်။
နေ့စဉ်ဘ၀မှာလည်း အပြောင်းအလဲတွေရှိတာ ကျနော် မြင်ခဲ့ရပါတယ်။ တစ်ခါက စားဖို့သောက်ဖို့ အနိုင်နိုင်ဖြစ်ခဲ့ရတဲ့ ကျေးရွာကလေးမှာ အခု ဂျုံတွေ တန်ချီပြီး သိုလှောင်ထားတဲ့ စာပါးကျီ ဂိုဒေါင်ကြီး ရှိလာပါတယ်။ မြေကို စနစ်တကျထွန်ယက်၊ အဆင့်မြင့် မျိုးစေ့တွေသုံးပြီး သီးထပ်သီးညှပ်တွေ စိုက်ပျိုး လာတယ်။ အရင်က ဆာလောင်မွတ်သိပ်လွန်းလို့ ဂျုံလိုက်ဝယ်နေရတဲ့ ရွာသားတွေဟာ အခု ဂျုံစပါး ရောင်းချသူတွေ ဖြစ်လာပါတယ်။
ဒီလို စားဝတ်နေရေး ဖူလုံ နောက်ကျောလုံမှုက ပညာရေးတိုးတက်မှုကို တိုက်ရိုက်ဖြစ်ပေါ်စေပါတယ်။ ရွာရဲ့ မိသားစုတိုင်းက မူလတန်းကျောင်း နေ့လည်ခင်းစာအတွက် လှုဒါန်းမှုတွေ ရှိလာတယ်။ ကလေးတွေဟာ ကျောင်းမှာ အဟာရပြည့်ဝတဲ့ အစားအစာ၊ ယာဂုနဲ့ သစ်သီးတွေ နေ့စဉ် စားသုံးနိုင်လာပါတယ်။
အဟာရပြည့်ဝ ကျန်းမာတဲ့ ကလေးတွေဟာ သူတို့ရဲ့ ကျောင်းစာကို အားအင်အပြည့်နဲ့ တစ်နေကုန် သင်ယူနိုင်ကြပါတယ်။ ကျောင်းတွေမှာ အဟာရပြည့်တဲ့ နေ့လည်စာ ကျွေးနိုင်တာဟာ ကျောင်းသားတွေရဲ့ ပညာရေး တိုးတက်မှုမှာ အကျိုးဖြစ်ထွန်းစေတာကို ရလဒ်တွေက ဖော်ပြနေပါတယ်။
အခု ထောင်စုနှစ် ကျေးရွာစီမံကိန်းဟာ ၂၀၁၅ ခုနှစ် ထောင်စုနှစ်ပန်းတိုင်တွေ (MDGs) ကို ရောက်အောင် ဆောင်ရွက်နေပါတယ်။ အာဖရိကမှာရော တစ်ကမ္ဘာလုံးမှာပါ အစိုးရတွေက ထောင်စုရွာစီမံကိန်းကို အတုယူစရာစံပြမော်ဒယ်အဖြစ် မြင်လာပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက သူတို့ကျေးလက်တွေမှာ ဆင်းရဲမွဲတေမှု လျှော့ချဖို့၊ နည်းပညာအသုံးပြုမှုနဲ့ ကျေးလက်ဒေသ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြပါတယ်။
အာဖရိကက ထောင်စုကျေးလက် စီမံကိန်းဟာ ဆင်းရဲတဲ့ နိုင်ငံတွေအတွက် မျှော်လင့်ချက်နဲ့ စေ့စော်တိုက်တွန်းမှုတွေ ဖြစ်စေပါတယ်။ တနည်းအားဖြင့် ဒီစီမံကိန်းဟာ တစ်ကမ္ဘာလုံး ဆင်းရဲတွင်းထဲက ဖောက်ထွက်နိုင်ဖို့ လက်တွေ့ကျတဲ့ လမ်းပြမြေပုံ တစ်ခုပါပဲ။
စက်တင်ဘာလ ကုလသမဂ္ဂညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ပြီး အရေးကြီးတဲ့ သဘောတူညီမှု ချနိုင်ခဲ့ပါတယ်။ အားလုံး ဆက်လက်ရှင်သန်ရေးအတွက် ဆင်းရဲမွဲတေမှု၊ ဆာလောင်မှုနဲ့ ရောဂါဘယတွေကို ၀ိုင်းဝန်း တိုက်ဖျက်ဖို့ ထပ်မံသဘောတူညီခြင်းပါ။
အဆုံးစွန်ဆင်းရဲမွဲတေမှုဟာ အဟာရချို့တဲ့၊ သောက်သုံးရေမရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ပြီး၊ ပညာရေး ချို့တဲ့ နေတဲ့ လူသန်းပေါင်း များစွာရဲ့ အသက်တွေကို ခြိမ်းခြောက်နေတယ်ဆိုတာ ခေါင်းဆောင်အားလုံး သိမြင်ကြပါတယ်။အဲဒီအန္တရာယ်နဲ့ ခြိမ်းခြောက်မှုတွေဟာ ဝေးလံတဲ့ ကျေးလက်တွေနဲ့ မြို့စွန် ဆင်ခြေဖုန်းတွေမှာ ရှိနေတယ်ဆိုတာကိုလည်း ခေါင်းဆောင်အားလုံး သိကြပါတယ်။
ကနေ့ ဆာလောင်ငတ်မွတ်သိပ်နေတဲ့ နေရာဟာ မနက်ဖြန် အကြမ်းဖက် ဆိုးသွမ်းနေရာ ဖြစ်လာတတ်တာကိုလည်း အားလုံး သတိပြုမိလာကြပါတယ်။
နောက်ဆုံး ကျနော်တို့ဟာ ဆင်းရဲသူဖြစ်ဖြစ်၊ ချမ်းသာသူပဲဖြစ်ဖြစ်၊ ကမ္ဘာ့ဒေသတိုင်းမှာ အဆုံးစွန်ဆင်းရဲမွဲတေမှု ထောင်ချောက်ကနေ ဖောက်ထွက်ဖို့နဲ့ အားလုံး ၀ိုင်းဝန်း လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ လွတ်လပ် ကြွယ်ဝ ချမ်းသာတဲ့ လူ့အဖွဲ့အစည်းတွေ ဖြစ်ဖို့အတွက် ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ပန်းတိုင်တွေကို လက်ဆင့်ကမ်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
0 comments:
Post a Comment