တစ်နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဖယ်ရှားသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး ပြောကြား



Sunday, 29 April 2012 14:16
7309
အီတလီ နိုင်ငံခြားရေးဝန်ကြီး Giulio Terzi
အီတလီ နိုင်ငံခြားရေးဝန်ကြီး Giulio Terzi က မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှုများကို လာမည့်တစ်နှစ်အတွင်း ဖယ်ရှားသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့သည်။
“သိပ်မကြာမီ အနာဂတ်ကာလ မှာ ဒီနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေမှာ ကျေနပ်လောက် စရာတွေ တွေ့ရနိုင်တာကြောင့် လာမယ့် တစ်နှစ်အတွင်း ဥရောပသမဂ္ဂ ရဲ့ ပိတ်ဆို့မှုတွေ ဖယ်ရှားသွားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။
၎င်းက မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ နောက် ပြန်လှည့်မသွားအောင် အီတလီနိုင်ငံ က အပြည့်အ၀ကူညီ ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များ အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အမှန်တကယ် ထိထိရောက်ရောက် လုပ်ဆောင်မည့် အဖွဲ့အစည်းအားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အထူးသဖြင့် ကျန်ရှိနေတဲ့နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ကိစ္စတွေ မှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါ တယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင် ၎င်းက မြန်မာနိုင်ငံသည် ၎င်းတို့ဦးစားပေး ကူညီပေးမည့် နိုင်ငံစာရင်းတွင် ပါဝင်ကြောင်းလည်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ကူညီထောက်ပံ့ပေးမှုတွေက နည်းလမ်းမျိုးစုံနဲ့ စတင်နေပါပြီ။ နောင်ဆိုရင် ဒီထက်ပိုလာဖို့ပဲ ရှိပါတယ်။ အခုဆိုရင် အစိုးရအဖွဲ့အ စည်းတွေ၊ နိုင်ငံတကာ အေဂျင်စီတွေ ဟာ ဖွံ့ဖြိုးမှုဆိုင်ရာစီမံကိန်းတွေမှာ ကူညီဖို့ စိတ်ဝင်စားနေပြီဖြစ်ပါတယ်။ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းခံရတဲ့သူတွေကိုလည်း ကူညီဖို့ အစီအစဉ်တွေရှိ ပါတယ်”ဟု ၎င်းက ဆိုသည်။
မစ္စတာ Terzi သည် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုကို တစ်နှစ်ဆိုင်းငံ့အပြီး သုံးရက်အကြာတွင် မြန်မာနိုင်ငံသို့ ၎င်း၏ ပထမဆုံးခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်သည်။
 http://www.news-eleven.com
 

0 comments:

Post a Comment