ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့်က ဘန်ကောက်ပို့စ်ကို ပြော

http://www.bangkokpost.com/news/local/287924/myanmar-ex-pm-claims-he-saved-suu-kyi-s-life
ဒီပဲယင်းလူသတ်ပွဲ ဖြစ်ပွားစဉ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို သူ့ရဲ့ ပုဂ္ဂလိကဆုံးဖြတ်ချက်နဲ့ ကယ်တင်လိုက်ကြောင်း ထိုစဉ်က ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့် (ယခု ဦးခင်ညွန့်) က ဘန်ကောက်ပို့စ်သတင်းစာကို ပြောကြားလိုက်ပါတယ်။ နေအိမ်အကျယ်ချုပ်က ဇန်န၀ါရီလအတွင်း လွတ်မြောက်လာခဲ့သူ ဦးခင်ညွန့်က ပထမဆုံးအကြိမ် ဘန်ကောက်ပို့စ် သတင်းစာနဲ့ တွေ့ဆုံစဉ်မှာ “သူ့အနေနဲ့ သူ့ရဲဘော်တွေကို စေလွှတ်ကာ ဒေါ်အောင်ဆန်းစုကြည်အား အနီးက ယာယီတပ်စခန်းဆီ ခေါ်ဆောင်ခဲ့ကြောင်း၊ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ညီမလေးလို သဘောထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်လုပ်ကိုင်တဲ့အပေါ်မှာ အစ်ကိုတယောက်အနေနဲ့ လေးစားကြောင်း“ ပြောကြားလိုက်ပါတယ်။ ဒီပဲယင်းလူသတ်ပွဲနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ပြောကြားချက်ဟာ ထိုကိစ္စနဲ့ ပတ်သက်ပြီး လစ်ဟာနေတဲ့ ကွင်းဆက်တခုကို ဖြည့်ပေးလိုက်သလို ဖြစ်သွားပြီး ထိုဖြစ်ရပ်ရဲ့ တရားခံတွေဟာ ဘယ်သူဖြစ်တယ်ဆိုတာကို တိတိကျကျ မီးမောင်းထိုးပြလိုက်သလို ဖြစ်နေတဲ့အပြင် ထို ပြောကြားချက်ဟာ ယခင်ကတည်းက ကျွန်တော်တို့ ကြားသိခဲ့ရတဲ့ သတင်းအချက်အလက်တွေနဲ့ ထပ်တူကျနေတာကိုလည်း တွေ့ရပါတယ်။ မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ကြပြီးနောက် (နောက်ပိုင်းတွင် ထို တွေ့ဆုံပွဲ ဓါတ်ပုံများကို မြန်မာအာဏာပိုင်များက အများပြည်သူ သိရှိရန် ထုတ်ဖော် ပြသခဲ့ပါတယ်။ ထို ဓါတ်ပုံလင့်ခ်များကို သတင်းအဆုံးတွင် ဖော်ပြထားပါတယ်။) ၂၀၀၂ ခုနှစ် မေ ၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပါတယ်။ ထိုကိစ္စကို မြန်မာ့နိုင်ငံရေးတွင် စာမျက်နှာသစ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့ပါတယ်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရ စီမံကိန်းလုပ်ငန်းများအား လှည့်လည် ကြည့်ရှုခဲ့သလို မြန်မာပြည်အနှံ့ကိုလည်း ခရီးထွက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့်ခရီးစဉ် အစောပိုင်းတွင် အစိုးရဘက်က အနှောက်အယှက် မပြုခဲ့သော်လည်း နောက်ပိုင်းမှာ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့ (ကြံ့ဖွတ်) (ထိုစဉ်က ပါတီအဖြစ် မဖွဲ့ရသေးပါ။) နဲ့ စွမ်းအားရှင်များက အနှောက်အယှက် ပြုလာပါတယ်။ အဲဒီနောက် ၂၀၀၃ မေ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျည်ရွာအနီး၌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များကို အစိုးရ ကျောထောက်နောက်ခံပြုသူများ (စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ဖွတ်ဝင်များ၊ စွမ်းအားရှင်များလို့ ယူဆရပါတယ်။) က ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ကြရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု - ဥက္ကဋ္ဌ ဦးတင်ဦးဟာ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်မောင်းက လူအုပ်အတွင်းမှ အတင်း မောင်းပြေးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အသက်ချမ်းသာခဲ့ရပါတယ်။ ထိုသို့ လူစုလူဝေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များအား ၀ိုင်းဝန်း ရိုက်နှက် သတ်ဖြတ်ခြင်းကို ထောက်လှမ်းရေးတပ်ဖွဲ့များက သဘောမတူခဲ့ကြောင်း၊ ထိုကိစ္စကို စီစဉ်သူများဟာ ထိုအချိန်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေအား ခြေဆုတ်လက်နယ် ပြုလုပ်သူ အပါအ၀င် ယခုအထိ အစိုးရအဖွဲ့တွင်း တာဝန်နေသူများ ပါဝင်ခဲ့ကြောင်း အတည်မပြုရသေးတဲ့ သတင်းများအရ သိထားခဲ့ပါတယ်။ ထိုကိစ္စ ဖြစ်ပျက်ပြီးနောက် ဗိုလ်ချုပ်ခင်ညွန့်က ထိုစဉ်က ဒု - ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မောင်အေးကို အသိပေးကာ စစ်အစိုးရ ချုပ်နှောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလအထူးကိုယ်စားလှယ် မစ္စတာရာဇာလီတို့ တွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။ (ထိုသတင်းကို ကျွန်တော်တို့ မေးမြန်းဖြစ်တဲ့ ပုဂ္ဂိုလ်နှစ်ဦးက အတည်ပြုပါတယ်။) ထိုကိစ္စတွေ ဖြစ်ပျက်ပြီးနောက်မှာ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ ဆက်ဆံရေး တင်းမာခဲ့ရာက နောက်ဆုံး ဗိုလ်ချုပ်ခင်ညွန့်နဲ့ ထောက်လှမ်းရေး အကြီးအကဲများကို ထောင်ချလိုက်ကာ ထောက်လှမ်းရေးတပ်တခုလုံးကို ဖျက်သိမ်းခဲ့ကြောင်း ထိုစဉ်က အဆင့်မြင့်ရာထူး ထမ်းဆောင်ခဲ့သူတွေရဲ့ သတင်းရပ်ကွက်များက ပြောပြပါတယ်။ ထိုစဉ်က အစိုးရသတင်းများတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား ချုပ်နှောင်ထားခြင်းဟာ သူ့ရဲ့ အသက်အန္တရာယ်ကို အကာအကွယ်ပေးခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ယခု ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများက စွမ်းအားရှင်များဟာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီနဲ့ မပတ်သက်ကြောင်း ပြောဆိုထားမှုတွေ ရှိတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား အင်အားသုံး ရန်ပြုခဲ့သူများနဲ့ ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ အများပြည်သူကို ထုတ်ဖော် မပြောကြားပေမယ့် သက်ဆိုင်ရာပုဂ္ဂိုလ်များ အသိုင်းအ၀ိုင်းမှာတော့ ကောင်းကောင်းကြီး သိရှိနေကြပုံရကြောင်း သုံးသပ်မိပါတယ်။
 http://www.burmatoday.net/news.php?news_ID=242

0 comments:

Post a Comment