အပစ်ခတ်ရပ်ကိစ္စအပေါ် စိတ်ချမှုမရှိသော်လည်း အပြောင်းအလဲအတွက် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနေ

ကူးဒူ

မြန်မာပြည် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရရဲ့ အပစ်အခတ်ရပ်စဲရေး ကမ်းလမ်းမှုတို့အပေါ် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအနေနဲ့ ခိုင်မာစိတ်ချရတဲ့ အနေအထားမျိုး မတွေ့ရသေးပေမယ့် ပြုပြင်ပြောင်းလဲရေးအတွက် အစမ်းသဘောမျိုးနဲ့ တွေ့ဆုံဆွေးနွေးနေကြတာဖြစ်တယ်လို့ တိုင်းရင်းသားအင်အားစုကဆိုပါတယ်။
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားအင်အားစုတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနေကြတဲ့ အချိန်အတောအတွင်းမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ ယခုဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သတင်းစားရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။
“တဖက်ကပြောင်းလဲလာ မှုအပေါ်မှာ ကျနော်တို့ကလည်း အခွင့်ကောင်းတရပ်အနေနဲ့ ဒါကို အသုံးချပြီးတော့မှ အပြောင်းလဲဖြစ်သွားဖို့ဆိုတဲ့ဟာကို ကျနော်တို့ကလည်း အတတ်နိုင်ဆုံး လိုက်လျောပြီးတော့မှ ဒါက အဲဒီအပြောင်းအလဲကို တကယ့်အပြောင်းအလဲ အကောင်းဖက်ကိုပြောင်းလဲဖို့အားဖြစ်သွားအောင် ကျနော်တို့က ၀ိုင်းဝန်းပြီးတော့မှ တချို့နေရာမှာ ၀င်ပြီးတော့ညှိနှိုင်းတယ် ဆွေးနွေးတယ် ဒါကဒီအကွက်ကောင်းကို တဖက်ကပြောမယ်ဆိုရင်တော့ကျနော်တို့က စမ်းသပ်ရင်းနဲ့ တဖက်ကတကယ့်အပြောင်းအလဲဖက်ကို ရောက်သွားနိုင်မလားဆိုပြီးတော့မှ သတိနဲ့ပေါ့နော ကျနော်တို့က၀င်ပြီးတော့မှ ဒီတွေ့ဆုံဆွေးနွေးရေးကိစ္စအပေါ်မှာ ၀င်ပြီးမှလုပ်ဆောင်တာဖြစ်တယ်” လို့ UNFC မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

UNFC သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓါတ်ပုံ-ကေတီ)
ယခုလောလောဆယ် ရှမ်း၊ ကရင်၊ ချင်းနဲ့ မွန်ပြည်နယ်ဘက်တွေမှာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြပါပြီး ကျန်နေတဲ့ ကချင်၊ ကရင်နီနဲ့ ရခိုင်တို့ကတော့ မထိုးရသေးပါဘူး။ “ကျနော်တို့ တိုင်းရင်းသားတွေက အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ ကျနော်တို့က ကျနော်တို့ အခွင့်အရေးအတွက် တိုက်နေတာ ဖြစ်တယ်။ ဗမာနိုင်ငံမှာ ၁၉၄၈ ခုနှစ်က လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကစပြီး ဗမာလူမျိုးနဲ့ ဗမာလူမျိုး မဟုတ်တဲ့ သူတွေ အကြားမှာ ကြီးတဲ့ပြဿနာတခုဖြစ်ခဲ့ပါတယ်။ ဒီကနေ့အထိ အရေးကြီးဆုံးအရာ ဆက်ဖြစ်နေတာက ဆက်ဆံရေးပဲ။ ဆက်ဆံရေး ဆိုတာက တန်းတူမှုပါ။ ဗမာလူမျိုးနဲ့ ဗမာလူမျိုး မဟုတ်တဲ့ အကြားမှာ တန်းတူမှု မရှိဘူး။ အဲဒါကြောင့် ဒီပြသာနာက ဒီအထိဆက်ဖြစ်နေတာဖြစ်တယ်။ အနာဂါတ်မှာ ဒီပြသာနကို ကျနော်တို့ တိုင်းရင်းသားတွေက ငြိမ်းချမ်စွာ ဖြေရှင်းချင်ပါတယ်။”
တိုင်းရင်းသားနဲ့ဗမာစစ်တပ်တို့အကြားမှာ အဓိကဖြစ်ပျက်နေတဲ့ ပြဿနာကို သတင်းစာရှင်းလင်းပွဲမှာ UNFC ဒု-ဥက္ကဌ ခွန်းအေဘယ်ဒွိက ရှင်းပြသွားတာပါ။
လတ်တလောဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အဓိကပြောသွားတာကတော့ အစိုးရနဲ့ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းရေးမှာ အပစ်ခတ်ရပ်ရေးထက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကို အဓိကလုပ်ဆောင်သွားဖို့ လိုတယ်ဆိုတဲ့ အချက်တွေဘဲဖြစ်ပါတယ်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် နိုင်ငံရေးနဲ့လက်နက်ကိုင်နည်းလမ်းတွေနဲ့ စုပေါင်းပြီး ခုခံကာကွယ်နိုင်ရန် UNFC အဖွဲ့ကို ၂ဝ၁၁ ခု ဖေဖော်ဝါရီလမှာ ကချင်၊ချင်း၊မွန်၊ ရခိုင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ပအိုဝ်း၊ လားဟူ၊ ပလောင်စတဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

0 comments:

Post a Comment