ခေတ်ဘယ်လောက် ပြောင်းပြောင်း အမျိုးသမီးဘ၀ မလွတ်မြောက်နိုင်သေး

 နှောင်းလှိုင် 

ပြည်ပရှိ အမျိုးသမီးတွေဟာ အမျိုးသမီးထုအတွက် တိုက်ပွဲဝင်နေကြပေမယ့် ပြည်တွင်းမှာ ရှိတဲ့ အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုမှာ ယနေ့အထိ အားနည်းနေသေးတယ်လို့ ပြည်တွင်း အမျိုးသမီးအစည်းအရုံးက ပြောပါတယ်။
မတ်လ ၈ ရက်နေ့က ကျရောက်တဲ့ ၁၀၁ ကြိမ်မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်း အမျိုးသမီး အစည်းအရုံးမှ ဒေါ်ဇီးနာက အခမ်းအနားမှာ အခုလိုပြောဆိုတာ ဖြစ်တယ်လို့  မူဒေါရစ်က ပြန်လည်ပြောပြပါတယ်။
“လက်ရှိ အမျိုးသမီးများ ဘ၀ဟာ ခေတ်ဘယ်နှစ်ခေတ်ပဲပြောင်းပြောင်း တိုးတက်ပြောင်းလဲမှုတွေ ဘယ်လောက်ပဲရှိရှိ အမျိုးသမီးတို့ ဘ၀က ဖိနှိပ်မှုတွေကနေ မလွတ်မြောက်နိုင်ခဲ့သေးပါဘူး”  လို့ သူမက ပြောပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ကို ပြည်တွင်း အမျိုးသမီး အစည်းအရုံးက ကမကထ ကျင်းပပြုလုပ်ခဲ့ပြီး ကရင်နီပြည်နယ်တွင်းမှာနေထိုင်တဲ့ ကယား၊ ကယန်း၊ ကယော၊ မနော၊ ပအို့ဝ်၊ ပကူး၊ ရှမ်းနဲ့ ဗမာ စတဲ့တိုင်းရင်းသား မျိုးနွယ်စုများမှ လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။  
ကရင်နီပြည်နယ်မှ အမျိုးသမီးတွေဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ အကြောင်းနဲ့ပတ်သက်လို့ မသိသေးတဲ့သူတွေ များပြားတဲ့အတွက် သူတို့ကို ပညာပေးခြင်း အစီအစဉ်တွေလုပ်ဖို့ လိုသေးကြောင်း ဆက်ပြောပါတယ်။
“တချို့ အမျိုးသမီးတွေတော့ သိရပေမယ့်အရမ်း အားနည်းသေးတဲ့အတွက် နောက်နှစ်တွေမှာ ဖြစ်နိုင်မယ်ဆိုရင် မြန်မာအမျိုးသမီးရေးရာတွေနဲ့ ပူးပေါင်းပြီး ပြည်နယ်အဆင့် အားလုံးပူးပေါင်းပါဝင်နိုင်အောင် ကြိုးစားကြမယ်လို့ ပြောသွားတယ်” လို့ ဒေါ်ဇီးနာက ပြောပါတယ်။
နိုင်ငံတကာအမျိုးသမီးများနေ့ကို လာမယ့်နှစ်တွေမှာလည်း ကရင်နီပြည်နယ်မှာ ဆက်လက်ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။


မတ်လ ၈ ရက်နေ့က ကျရောက်တဲ့ ၁၀၁ ကြိမ်မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ် (ဓါတ်ပုံ - ဒေါရစ်)
နိုင်ငံတကာ အမျိုးသမီးများနေ့အကြောင်းနဲ့ ဖြစ်ပေါ်လာပုံသမိုင်း၊ အလုပ်ချိန်လျော့ချရန်နဲ့ လုပ်အားခတိုးမြှင့်ရေးကို အမေရိကန်နိုင်ငံမှ စတင်ကာ အမျိုးသမီးများနိုင်ငံရေး၊ စီးပွားရေးမှာ တန်းတူအခွင့်အရေးရရှိရန် တောင်းဆိုလာခဲ့ရခြင်းအကြောင်းကို အမျိုးသမီး အစည်းအရုံး ဒေါ်ကနော်က ပြောကြားသွားတယ်လို့ မူဒေါရစ်က ပြောပါတယ်။ ၁၉၀၈ ခုနှစ်က အမျိုးသမီးပေါင်း ၁၅၀၀၀ တို့ဟာ အမေရိကန်နိုင်ငံ နယ်ယူးယောက်ခ်မြို့နယ်အတွင်းမှာ ချီတက်ပြီး အလုပ်ချိန်လျှော့ပေးဖို့၊ လစာပို့ ရရှိဖို့နဲ့ မဲပေးပိုင်ခွင့် ရရှိကြဖို့ စတင်တောင်းဆိုခဲ့ကြရာမှကမ္ဘာတ၀ှမ်း ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့တဲ့ လှုပ်ရှားမှုတွေမှတဆင့် ၁၉၇၅ ခုနှစ်မှာနိုင်ငံတကာ အမျိုးသမီးများနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

0 comments:

Post a Comment