ပျောက်ဆုံးသွားသော ရပ်မိရပ်ဖနှင့် Statesman

Thursday, 02 February 2012 09:29
လှရွှေ

မြန်မာ့ဓလေ့မှာ ရပ်မိရပ်ဖဆိုတာ အင်မတန်မှ သြဇာအရှိန်အ၀ါကြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ရပ်မိရပ်ဖ- မြို့မိမြို့ဖ ဆိုတာ အုပ်ချုပ်ရေးအာဏာပိုင်တွေ ကိုင်တွယ်ဖြေရှင်းလို့ မရနိုင်တဲ့ ကိစ္စရပ်တွေကို ရပ်မိ-ရပ်ဖ၊ မြို့မိမြို့ဖ တွေက ဖြေရှင်းပေး တတ်ကြပါတယ်။
မြန်မာ့ ဓလေ့တွေထဲမှာ လေးစာဖွယ်ရာ ကောင်းတဲ့၊ နှစ်လိုဖွယ်ရော ကောင်းတဲ့ ရပ်မိရပ်ဖ ဓလေ့ဟာ ပျောက်ကွယ်လုနီးပါးရောက် သွားပါပြီ။ ဒါပေမယ့် အခုအချိန်ထိ အဲဒီစကားက ကျန်နေဆဲ ဖြစ်ပါတယ်။ ကျေးလက် တောရွာတွေမှာရော မြို့ပြတွေမှာပါ ရပ်မိရပ်ဖ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်။ အာဏာရှိတိုင်း၊ ငွေကြေး ကြွယ်ဝတိုင်း ဒီဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခွင့် မရနိုင်ပါဘူး။
တလောက ပညာတတ် သူငယ်ချင်းတယောက်နဲ့တွေ့တော့ “ ကျုပ်တို့ ရွာမှာ ရပ်မိရပ်ဖ ဆိုတာမရှိ တော့ဘူး” လို့ပြောလိုက်တာ ကြားဖူးပါတယ်။ “ မဆလ ခေတ်တုန်းက ရပ်မိရပ်ဖ ဆိုတာ အင်မတန်မှ သြဇာရှိတာ၊ ၈၈ နောက်ပိုင်းမှာ ရပ်မိရပ်ဖ ပျောက်သွားတယ်” လို့ပြောဆိုခဲ့ပါတယ်။ ရပ်မိရပ်ဖ ဆိုတာ အုပ်ချုပ်ရေး ဆိုင်ရာရော၊ လူမှုရေး ဆိုင်ရာတွေကိုပါ အကြံပေးတဲ့ ပညာဂုဏ်၊ ရိုးသားမှုဂုဏ်တွေကို ပိုင်ဆိုင်တဲ့ လူကြီး လူကောင်းတွေ ဖြစ်ကြပါတယ်။
၁၉၈၈ ခုနှစ် စစ်တပ်အုပ်ချုပ်ရေး စတင်ကတည်းက စစ်ထောက်လှမ်းရေးတွေ ကြီးစိုးတဲ့ခေတ် ဖြစ်ခဲ့ပါတယ်။ စစ်ထောက်လှမ်းရေးဆိုရင် အသေကြောက်ရတဲ့ ဘ၀ကို ပြည်သူတွေ ကျရောက်ခဲ့ပါတယ်။ မြို့ပြပွဲလမ်းသဘင်တို့၊ ကျေးလက်ပွဲလမ်းသဘင်တို့မှာ ရပ်မိရပ်ဖတွေ ထိုင်ရမယ့် နေရာတွေမှာ အသက်ငယ်ငယ် စစ်ဘက်နဲ့ ရဲဘက်က ၀င်ထိုင်လာပါတယ်။
တခါတုန်းကဆို သူငယ်ချင်း တယောက် မချိတင်ကဲ ပြောဆိုတဲ့ စကားကို ကြားခဲ့ပါတယ်။ “ ကျနော်တို့ မြို့က ရပ်မိရပ်ဖ ထိုင်မယ့် ကုလားထိုင်ပေါ်မှာ အသက်နှစ်ဆယ်ကျော် ထောက်လှမ်းရေး တယောက် ၀င်ထိုင်နေတယ်” လို့ပြောတာကို ကြားဖူးပါတယ်။
စစ်အုပ်ချုပ်ရေး ယန္တးရားက လူငယ်တွေရဲ့ အသက်၊ ပြည်သူတွေရဲ့ ပညာရေး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို သာဖျက်ဆီးခဲ့တာ မဟုတ်ဘဲ မြတ်နိုးဖွယ်ရာ မြန်မာ့ ဓလေ့တွေကိုပါ ဖျက်ဆီး ပစ်ခဲ့ပါတယ်။ ရပ်ရွာ၊ တိုက်နယ်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ နိုင်ငံတွေ အလိုက် ရပ်မိရပ်ဖ (သို့) တိုင်းပြည်ရဲ့ သဘာရင့် ခေါင်းဆောင်တွေ ရှိတတ်ကြပါတယ်။ အဲဒီခေါင်းဆောင်တွေရဲ့ ရိုးသားဖြူစင်မှု၊ ပညာဂုဏ်တွေဆိုတာ တိုင်းပြည်ရဲ့ ကျက်သရေကို ဆောင်ပါတယ်။
ရောမ အင်ပါယာခေတ်မှာတောင် ဘုရင်က တိုင်းပြည်ကို အုပ်ချုပ်မှု မပေးနိုင်တော့ဘူး ဆိုရင် သဘာရင့် မျိုးချစ်နိုင်ငံ့ ခေါင်းဆောင်တွေက တိုင်းပြည်ကို တည့်မတ် ပေးတတ်ကြပါတယ်။
မြန်မာ့နိုင်ငံရေး သမိုင်းမှာ သဘာရင့်နိုင်ငံ့ခေါင်းဆောင်ဆိုတာမျိုး ရှိခဲ့သလားဆိုတာ လေ့လာရသင့်ပါတယ်။ လွတ်လပ်ရေး ရပြီး ဆယ်စုနှစ်တွေမှာ တိုင်းရင်းသားနှင့် ဗမာလူမျိုးတွေ ထဲမှာ မျိုးချစ် သဘာရင့် နိုင်ငံ့ခေါင်းဆောင်တွေ ရှိသင့်သလောက် ရှိခဲ့ပါတယ်။ ၁၉၆၂ နောက်ပိုင်းမှာ ရပ်မိရပ်ဖ၊ သဘာရင့် နိုင်ငံ့ခေါင်းဆောင်တွေ ပျောက်ကွယ်သွားပါတော့တယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတခုဖြစ်တဲ့ ထိုင်းနိုင်ငံကို ကြည့်လိုက်ပါ။ တိုင်းပြည်ကို တည့်မတ်ပေးနေတဲ့ နိုင်ငံ့ဆိုင်ရာ အဖွဲ့အစည်းတွေက အများအပြားတွေ့ရပါတယ်။ Institutions တွေအပြင် နိုင်ငံနဲ့ လူထုအပေါ် သြဇာညောင်းတဲ့ လူပုဂ္ဂိုလ်တွေလဲ ရှိပါတယ်။ အထူးသဖြင့် ဘုရင့်အတိုင်ပင်ခံ ကောင်စီရဲ့ ဥက္ကဌ ပရမ်တင်ဆူလာနွန်ဒါ နဲ့ အာနာန် ပရာချွန် တို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စစ်တပ်က အာဏာသိမ်းတာ နှစ်ခါဘဲရှိခဲ့ဖူးတဲ့ နိုင်ငံပါ။ ဒါပေမယ့် နှစ်ကြိမ်သိမ်းလိုက်တာ စစ်အုပ်ချုပ်ရေးက ရာစုနှစ်ဝက် ကျော်သွားပါပြီ။ ထိုင်းနိုင်ငံဟာ ၁၉၃၂ ကတည်းက စဉ်းမျဉ်းခံ ဘုရင်စနစ် ဖြစ်လာပေမယ့် အရပ်ဘက် အစိုးရကို အာဏာသိမ်းတာ မကြာခဏလို့ တောင်ပြောလို့ရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဘယ်လောက်ဘဲ စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းပစေ သူ့တို့ တိုင်းပြည်ရဲ့ ပင်မအသက် သွေးကြောဖြစ်တဲ့ ဘုရင်စနစ်နဲ့ အင်စတီကျူရှင်း၊ သဘာရင့် နိုင်ငံ့ခေါင်း ဆောင်တွေကို မျိုးဖြုတ်လေ့ မရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ သဘာရင့် နိုင်ငံပြုသုခမိန်လို့ ပြောနိုင်သူက ပရမ်တင်ဆူလာနွန်ဒါ (Prem Tinsulananda) ဖြစ်ပါတယ်။ ယခုအခါမှာ ဘုရင့်အတိုင်ပင်ခံကောင်စီရဲ့ ဥက္ကဌ နေရာကို ရယူထားသူလည်း ဖြစ်ပါတယ်။ အိမ်ထောင်မရှိ လူပျိုကြီး၊ စစ်ဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်ပါတယ်။
သူရဲ့ ကိုယ်ရေး ရာဇ၀င်မှာ “ အမှန်တရားကို ယုံကြည်သူ၊ လောဘမ ရှိသူ၊ ရာထူးဌာနန္ဒရ ကိုမမက်သောသူ၊ ရာထူးဌာနန္ဒရကို ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် အသုံးမပြုခြင်း၊ စစ်စည်းကမ်း အတိုင်းနေထိုင်ခြင်း၊ ဘယ်သောအခါမှ ဘုရင်နှင့် နိုင်ငံအပေါ် သစ္စာ မဖေါက်ခြင်း၊ ထိုင်းပြည်သူများ အပေါ် မိမိ ဆွေမျိုးရင်း ရှာကဲ့သို့ ချစ်ခင်ကြောင်း တင်ပြထားပါတယ်။ တရားမျှတမှုက ထိုင်းပြည်သူတွေ အားလုံးအတွက် ဖြစ်တယ်။ ထိုင်းဘုရင့် နိုင်ငံတော် ပျက်စီးစေမယ့် မိသားစု အကျိုးစီးပွားဘက်လိုက်မှုမှ လွတ်ကင်းကြောင်း တင်ပြထားပါတယ်။
၁၉၈၁ ခုနှစ်က စစ်တပ်က အာဏသိမ်းတော့ ထိုင်းဘုရင်နှင့် မိသားစုကို ရဟတ်ယဉ်နဲ့ တင်ဆောင်ပြီး နခေါင်ရက်ချမား ဒေသကို ခေါ်ဆောင်သွားခဲ့ပြီး စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပါတယ်။ အဲဒီဒေသကနေ ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုဟာ ကျန်းမာစွာဖြင့် သူနဲ့ အတူ နေထိုင်နေကြောင်း ရေဒီယိုကနေ ထုတ်လွှင့်ခဲ့ပါတယ်။ နောက်ဆုံး စစ်တပ်က အာဏာသိမ်းခေါင်းဆောင်တွေကို ဘုရင့်ဆီ အရောက်ခေါ် ပြီးလက်နက်ချခိုင်းတဲ့အထိ တန်ပြန်ထိုးစစ် ဆင်နိုင်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်မျိုး ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းမှု ပြီးသွားတဲ့ အချိန် ဘန်ကောက်နန်းတော် ပြန်ရောက်တော့ ဘုရင်ကြီးရဲ့ ပရမ်တင်ဆူလာနန်ဒါအ ပေါ်ယုံကြည်ကိုးစားမှုကို ရုပ်သံကနေ ထုတ်လွင့်တဲ့ပြကွက်တခု ရှိခဲ့ပါတယ်။
ဘုရင်ကြီးဟာ ရေကန်ဘေးမှာ လမ်းလျှောက်နေတုန်း ပရမ်တင်ဆူလာနန်ဒါလည်း နောက်ကနေ လိုက်ပါလာပါတယ်။ ပရမ်တင်ဆူလာနန်ဒါဟာ ရေကန်ထဲ ပေါက်နေတဲ့ ကြာပန်းကို ဆွတ်ခူးပြီး ဘုရင်ကြီးဆီကို ဆက်သပါတယ်။ ဘုရင်ကြီးက တချက်နမ်းကြည့်ပြီး ပရမ် ဆီကို ပြန်ပေးပါတယ်။ ဘုရင်ကြီးရဲ့ သဘောက တိုင်းပြည်ကို ဗိုလ်ချုပ်ကြီး ပရမ်ကို ပြန်အပ်တဲ့ သဘောဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းတော့ ဒီပြကွက်ကို ထုတ်လွှင့်ပြသသွားပါသေးတယ်။
ထိုင်းဘုရင်ကြီးနဲ့ တော်ဝင်မိသားစုကသာ ဗိုလ်ချုပ်ကြီးရဲ့ ရိုးသားဖြူစင်မှု၊ အာဂတိကင်းမှု၊ တိုင်းပြည်အပေါ် ချစ်မြတ်နိုးမှုကို လေးစားတာမဟုတ်ဘဲ စစ်တပ်နဲ့ ဒီမိုကရေစီ ဘက်တော်သားသာမက ပြည်သူလူထုကလည်း ကြိုက်နှက်သက်တဲ့ သဘာရင့် မျိုးချစ်ခေါင်းဆောင် ဖြစ်ပါတယ်။ ဒီလို Statesman ခေါင်းဆောင်မျိုး မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရကတည်းကနေ မရှိခဲ့ဘူးလို့ ပြောလို့ရနိုင်မယ် ထင်တယ်။ တိုင်းရင်းသားတွေနဲ့ ဗမာလူထုတွေ ကြားမှာ ယုံကြည်မှု အပြည့်အ၀ရှိတဲ့ ခေါင်းဆောင်မျိုး မရှိခြင်းဟာ စစ်တပ်အုပ်ချုပ်ရေးကို မရပ်တန့်နိုင်ခြင်း၏ အချက်တချက် ဖြစ်မယ်ထင်ပါတယ်။
ဒီလိုသဘာရင့် နိုင်ငံ့ခေါင်းဆောင်တွေဟာ နိုင်ငံအခက်အခဲ ရင်ဆိုင်လာရပြီဆိုရင် ကြားဝင် ဖြန်ဖြေပေးလေ့ ရှိတတ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ သဘာရင့် မျိုးချစ်နိုင်ငံ့ခေါင်းဆောင် တဦးကတော့ အာနန်ပရာချွန် ဖြစ်ပါတယ်။ လူထုရော စစ်တပ်ကပါ ရိုသေလေးစားတဲ့ အရပ်ဘက်က နိုင်ငံ့ခေါင်းဆောင် တဦးဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းတော့ စစ်တပ်ခေါင်းဆောင်တွေဟာ ဘုရင်နဲ့ပြည်သူ၊ နိုင်ငံတကာက ထောက်ခံမှုရဖို့အတွက် အာနန်ပရာချွန် ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ကိန်းဘရစ် တက္ကသိုလ်ထွက် အာနန်ပရာချွန်ဟာ ထိုင်းနိုင်ငံရေး မတည်မငြိမ် ဖြစ်လာတိုင်း ၀န်ကြီးချုပ် အဖြစ် နှစ်ကြိမ် ခန့်အပ်ခြင်း ခံခဲ့ရတဲ့ အရပ်ဘက်လာတဲ့ နိုင်ငံချစ် သဘာရင့် နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ အခုလည်း ထိုင်းတောင်ပိုင်း မငြိမ်မသက်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေမှာ ဂိုဏ်းဂဏ ပါတီစွဲမရှိဘဲ ပါဝင်နေဆဲ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြောင့် အမျိုးသားစည်းလုံးမှု ပျက်ပြားခြင်း၊ ပညာရေးပျက်စီးခြင်း၊ လူမှုရေးပဋိဥည် တွေပျက်စီးခြင်း၊ စီးပွားရေးပျက်သုန်းခြင်း၊ ပြည်သူတွေရဲ့ အခြေခံ ကိုယ်ကျင့်တရား ပျက်ပြားခြင်း စတဲ့ ပျက်စီးခြင်းတွေ အပြင် နိုင်ငံကို တည်မတ်ပေးနိုင်တဲ့ ရပ်မိရပ်ဖ (သို့) သဘာရင့် နိုင်ငံခေါင်းဆောင် (Statesman) တွေကိုပါလက်လွတ် ဆုံးရှုံးလိုက်ရကြတယ် လို့ခံစားမိပါတယ်။
ဖထီး (ကျောင်းဆရာ- ကော်သူလေး)

0 comments:

Post a Comment