အပစ်ရပ်တွေ့ဆုံဆွေးနွေးရေး နေ့ရက်သတ်မှတ်မှု နှစ်ဦးသဘောထားယူသင့်ဟု KNPP ပြောကြား

နှောင်းလှိုင် Monday, 20 February 2012 15:46


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီတဲ့ အဆင့်ကို ရောက်ဖို့ အစိုးရအနေဖြင့် ကြိုးပမ်းလျက်ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီကိုတော့ လာမယ့်မတ်လ ၁ ရက်နေ့မှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ အစိုးရကိုယ်စားတွေနဲ့ KNPP ကိုယ်စားလှယ်တို့က လာမယ့် မတ် ၁ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ကြောင်း ပြည်ပအခြေစိုက်လွတ်လပ်တဲ့ အာရှအသံက ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့စွဲနဲ့ သတင်းထုတ်လွင့်ထားပါတယ်။
“ကျနော်တို့နဲ့ တရားဝင် တွေ့ဆုံတုန်းက နောက်တကြိမ်တွေ့ဆုံဖို့ နေ့ရက်ကို သူကိုင်တိုင် အတိအကျမပြောခဲ့ပါဘူး။ ဒီလို အတိအကျမပြောခဲ့ဘဲနဲ့ မတ်လ ၁ ရက်နေ့လို့ ပြောလိုက်ခြင်းအားဖြင့် သူတို့ အစိုးရသဘောထားမရိုးဘူးဆိုတာ ပြသလိုက်ရာ ရောက်ပါတယ်” လို့ KNPP အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာ KNPP အတွင်းရေးမှူး ၁ ခူဦးရယ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရမှ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ဟာ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အပစ်ခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ် ရေးထိုးကြတဲ့အဆင့်ထိရောက်ဖို့ နောက်ဆက်တွဲတွေ့ဆုံဖို့ သဘောတူထားကြပေမယ့် နေ့ရက်အတိအကျကို မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။
“ဦးအောင်မင်းအနေနဲ့ မတ်လ ၁ ရက်နေ့မှာ ကေအဲန်ပီပီ အပစ်ရပ်လက်မှတ်ရေးထိုးမယ်လို့ ပြောလိုက်တာဟာ အပြည်ပြည်ဆိုင်ရာက သူတို့ အစိုးရကို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အပစ်ခတ်ရပ်စဲရေး ကိစ္စဆောင်ရွက်နေတာ အောင်မြင်နေပြီလို့ အထင်ရောက်အောင် အမှတ်ယူပြောဆိုနေတယ်လို့ဘဲ မြင်ပါတယ်” လို့ ခူဦးရယ်က ထပ်လောင်းပြောဆိုပါတယ်။
KNPP အပါအ၀င် တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်ပြီးနောက်
နိုင်ငံရေးသဘောတူညီချက်များ တိုင်ပင်ဆွေးနွေးရေး၊ နေရာပြန်လည်ချထားရေးအစီအစဉ်နဲ့ ပါလီမန်တွင်း အထူးညီလာခံ ကျင်းပကာ တိုင်းရင်းသားအဖွဲ့အသီးသီးတို့နဲ့ ရေရှည်သဘောတူညီချက်များ အခိုင်အမာ လုပ်ဆောင်သွားဖို့ သမ္မတဦးသိန်းစိန်မှ ချမှတ်ထားကြောင်း သိရပါတယ်။
KNPP နဲ့ စစ်အစိုးရတို့ အကြားမှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး န၀တ၊ နအဖ စစ်အစိုးရတို့ တာဝန်ယူခဲ့တဲ့ ကာလများက တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့ပါ။

0 comments:

Post a Comment