ဒစ်ဂျစ်တယ်ခေတ်နှင့် ပညာရေးကဏ္ဍသစ်

 တင်ညွန့်


တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့အဆင့်မြင့် ပညာရေးစနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံတစ် နိုင်ငံအနေနဲ့ အသိအမှတ်ပြုခြင်းခံထားရတယ်။ အဆင့်မြင့်တယ်ဆိုတာ ပါးစပ်က မြှင့်ခိုင်းလို့လည်းမရ၊ ဆိုင်းဘုတ်ချိတ် ထားလို့လည်းမရပါဘူး။
အဆင့်မြှင့်ချင်ရင် အခြေခံအဆောက်အအုံကစပြီးတော့ ပြင်သင်တာတွေပြင်၊ အစားထိုးသင့်တာတွေ အစားထိုးရပါတယ်။ တောင်ကိုးရီးယားနိုင်ငံကတော့ လက်ရှိ ကျောင်းသုံးဖတ်စာအုပ် တွေနေရ မှာ ဒစ်ဂျစ်တယ်ဖတ်စာအုပ်တွေနဲ့ အစားထိုးဖို့ပြင်ဆင်နေပါပြီ။
ဒစ်ဂျစ်တယ်စနစ်ပြောင်းတယ်ဆိုတာ စာအုပ်ထဲမှာပါတဲ့ စာတွေကို ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာကဲ့သို့ ဆောင်ရွက်ပေးနိုင်တဲ့ပစ္စည်းတွေမှာ စာတွေကို ဖတ်နိုင်စေရန် စီစဉ်ပေးခြင်းလို့ အကြမ်းဖျင်း နားလည် လိုက်ပါ။ ဒီတော့ ကွန်ပျူတာတွေ၊ တက်ဘလက်တွေ၊ e-Reader တွေလိုလာတော့မှာပေါ့။ တစ်ခုကို မြှင့်လိုက်တယ်တယ်ဆိုတာ ကျွဲကူးရေပါဆိုသလိုမျိုး နောက်ဆက်တွဲ လိုက်လာရတော့မှာက အများကြီး ဖြစ်နေပါတယ်။ ဒါကို တောင်ကိုရီးယားနိုင်ငံပညာရေး ကပြင်ဆင်နေပါပြီ။
အမေရိကန် သမ္မတ အိုဘားမားကတောင် “Digital Promise” ဆိုပြီးပြောလာပြီ။ ကမ္ဘာ့ ပညာ ပြိုင်ဘက်တွေကို သတိထားပြီး အမေရိကန်တွေ ပညာရေးမှာ မနိမ့်ကျအောင် လုပ်ဖို့လိုပြီလို့ ပြောလာသလို၊ နိုင်ငံရေးသမားဆိုတော့ လုပ်မယ်ဆိုတဲ့ ကတိတွေလည်း ပေးထားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ နိုင်ငံတော်အစိုးရက တမီးလ် နာဒူးပြည်နယ်ကကျောင်းသားတွေကို လက်ပ်တော့ကွန်ပျူတာ ၆.၈ သန်း အလကားပေးဝေခဲ့တယ်။ ဥရုဂွေးနိုင်ငံကလည်း ကျောင်းကိုလာရင် လက်ပ်တော့ကွန်ပျူတာ ပါလာရမယ်လို့ အမိန့်ထုတ်လိုက်တဲ့ ပထမဆုံးနိုင်ငံဖြစ်နေပြီ။ Apple ကုမ္ပဏီကြီးက ပြည်နယ် အသီးသီးမှာရှိတဲ့ ကျောင်းပေါင်း ၆၀၀ လောက်မှာ သူတို့ကုမ္ပဏီထုတ် iPad တက်ဘလက်ကွန်ပျူတာတွေနဲ့ ဒစ်ဂျစ်တယ်ကျောင်းသုံးဖတ်စာအုပ် (digital textbook) တွေကိုရနိုင်ပြီလို့ဆိုထားတယ်။ Amazon website မှာလည်း ကျောင်းသားတွေကို ဒစ်ဂျစ်တယ်ဖတ်စာအုပ် DT တွေကို ငှားရမ်းပေးတဲ့စနစ် စတင်နေကြပြီ။
တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့အဆင့်မှာ စာအဖတ်ဆုံးနိုင်ငံ ဒုတိယအဆင့်၊ သင်္ချာအတော်ဆုံးနိုင်ငံ စတုတ္ထ အဆင့်၊ သိပ္ပံအတော်ဆုံးနိုင်ငံ ပဉ္စမအဆင့် ရရှိထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့မိသားစု ၀င်ငွေအလိုက် ပညာရေးအတွက် အကုန်အကျအခံဆုံးတိုင်းပြည်စာရင်းဝင် နိုင်ငံလည်းဖြစ်တယ်။ နိုင်ငံရဲ့ ပညာရေးစနစ်ကလည်း အခြေခိုင်တဲ့အပြင် ၁၉၄၅ ခုနှစ်က လူဦးရေရဲ့ ၇၈ ရာခိုင်နှုန်း စာမတတ်ပါဘူးဆိုတဲ့ နိုင်ငံက ခုဆိုရင် ဥရောပနဲ့ အမေရိကန်တွေကို ကျော်လွန်ပြီး ကမ္ဘာ့စာအဖတ်ဆုံးနိုင်ငံစာရင်းဝင်ဖြစ် လာတယ်။
၁၉၈၀ လောက်ကစပြီး တောင်ကိုရီးယားမှာ ကျူရှင်ဆိုတာတွေကို အပြတ်အသတ် ချေမှုန်း လာတယ်။ ၂၀၁၁ ကျမှ ရိုက်နှက်အပြစ်ပေးခြင်းကိုလည်း တားမြစ်လာတယ်။
၂၀၁၅ ခုနှစ်ရောက်ရင် တောင်ကိုရီးယားတစ်နိုင်ငံလုံး ကျောင်းသုံးပြုဌာန်း စာအုပ်တွေဟာ ဒစ်ဂျစ်တယ် ဖြစ်သွားပြီး ကွန်ပျူတာတွေနဲ့သာ အသုံးပြုရပါလိမ့်မယ်။  တောင်ကိုရီးယားနိုင်ငံ ပညာရေး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဂျူ ဟိုလီးက သူ့ပညာရေး ၀န်ကြီးဌာနအနေနဲ့ စမတ်ပညာရေး “Smart Education” ကို ဗျူဟာနဲ့တိုးမြှင့်လုပ်ဆောင်တော့မယ်လို့ ပြောနေပြီ။ ပညာရေးဟာ သင်ယူသူနဲ့ သင်ကြားသူစိတ်ကြိုက် ပညာရေးမျိုးဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးထားတယ်။
ဒီ ပရောဂျက်ကို ယမန်နှစ် နွေရာသီကတည်းက စတင်ခဲ့တယ်။ ကျောင်းတွေမှာ wireless network တွေကိုသုံးနိုင်အောင် လိုက်လံတပ်ဆင်တယ်။ ကျောင်းသားတွေကို “အချိန်မရွေး၊ နေရာမရွေး” (whenever and wherever) ပညာသင်ကြားနိုင်ရေးအတွက်လို့ ဆိုထားတယ်။ ပညာရှာမှီးနိုင်ရေးအတွက် ပီစီကွန်ပျူတာ၊ လက်ပ်တော့၊ တက်ဘလက်၊ အင်တာနက် တီဗွီဆိုတာတွေကလည်း သူတို့နိုင်ငံမှာ အခြေခံလူတန်းစား တောင် သုံးနိုင်လောက်တဲ့ အနေအထားတွေ ဖြစ်နေတာကြောင့် ပူစရာမလိုပါဘူး။
ဒါတောင်ဝန်ကြီးက သင်ကြားမှု သင်ယူမှုကို အထောက်အကူဖြစ်စေတဲ့ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲတွေ ဈေးကွက်မှာ အများကြီးရောက်နေစေရမယ်၊ ဈေးကိုလည်း လက်ရှိအနေအထားထက် အများကြီး လျှော့ချပေးနိုင်အောင် စီစဉ်ပေးဦးမယ်လို့ ကတိတွေ ပေးသွားတယ်။ ၀န်ကြီးက
“စမတ်ပညာရေးက ကျွန်တော်တို့ အစဉ်အလာပညာရေးကို ပြောင်းလဲပေးသွားလိမ့်မယ်။ ဒစ်ဂျစ်တယ် ဖတ်စာအုပ်တွေကြောင့် ကျွန်တော်တို့ကျောင်းသားတွေ ကျောင်းကိုလာရင် ကျောပိုးအိတ်ကြီးနဲ့ တနင့်တပိုးစာအုပ်တွေ သယ်လာစရာ မလိုတော့ဘူး။ စာသင်ခန်းတွေတောင် ပုံစံပြောင်းသွားလိမ့်မယ်” လို့ဆိုလာပါပြီ။


နည်းပညာနှင့်လူငယ်များ
ဖတ်စာအုပ်တွေကို ဒစ်ဂျစ်တယ်စနစ်ပြောင်းလိုက်ရင် ကျေးလက်မှာနေထိုင်တဲ့ ကျောင်းသားတွေအတွက် ဘာသာရပ်ဆိုင်ရာ ရွေးချယ်သင်ကြားနိုင်ခွင့်တွေ များလာမယ်။ ကျေးလက်တွေမှာ ဆရာရှားပါးတဲ့ ပြဿနာ ကို တစ်စိတ်တစ်ပိုင်းဖြေရှင်းနိုင်ရုံမျှမက အိမ်တွင်းပညာသင်ကြားရေး၊ ကိုယ်တိုင်လေ့လာသင်ယူရေးတွေ ကိုပါ အထောက်အကူပြုသွားနိုင်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက လူငယ်တွေဟာ နည်းပညာနဲ့ သိပ်ပြီးအလှမ်းမဝေးကြပါဘူး။ ဒါကလည်း မြို့ပေါ်ကျေးလက် နည်းပညာခံစားပိုင်ခွင့် တန်းတူရရှိရေး၊ ဒစ်ဂျစ်တယ်ကွာဟချက်မရှိရေးတွေကို အလေးပေးခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။
OEDC (Organisation for Economic Co-ordination and Development) လို့ ခေါ်တဲ့အဖွဲ့ကြီးရဲ့ နိုင်ငံတကာလေ့လာသုံး သပ်ချက်အရ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ ၁၆ နိုင်ငံကို လေ့လာသုံးသပ်ရာမှာ တောင်ကို ရီးယား နိုင်ငံက ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုနိုင်နှုန်းဟာ ပျမ်းမျှ အသက် ၁၅ နှစ်နှုန်းလို့ဆိုပါတယ်။
အင်တာနက်အသုံးပြုနှုန်း၊ အင်တာနက်မှ အချက်အလက်များ ရယူသုံးစွဲနှုန်းကလည်းအရမ်းများတယ်။ UNESCO ရဲ့ သုံးသပ်ချက်စာတန်းအရ တောင်ကိုရီးယားနိုင်ငံရဲ့ အိုင်စီတီပညာရေးအသုံးပြုမှုအပေါ်  ထိန်းချုပ်ထားမှုကလည်း  လက်ခံနိုင်လောက်တဲ့အဆင့်ရှိတယ်လို့ဆိုပါတယ်။ ပညာရေးဌာနအနေနဲ့ အစဉ်အလာပညာရေးလမ်းကြောင်းကို လုံးဝစွန့်ပယ်နေတာတော့ မဟုတ်ပါဘူး။ အစဉ်အလာပညာရေးလမ်း ကြောင်းကြောင့် အောင်မြင်ခဲ့တာကို နည်းပညာနဲ့ ဆက်လက်တိုးမြှင့် လုပ်ဆောင်သွားဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။
အမေရိကန်မှာ သမ္မတကိုယ်တိုင်က နိုင်ငံတကာ အဆင့်မီပညာရေးဖြစ်ဖို့ လိုအပ်နေပြီလို့ သတိပေးနေချိန်ပါ။ ဒါကြောင့် သူတို့လည်း ဒစ်ဂျစ်တယ်ပညာခေတ်ကို တိုးမြှင့်နိုင်အောင် လုပ်ဆောင်နေကြပြီ။ သမ္မတ အိုဘားမားက ၂၀၁၁ မှာ Digital Promise လုပ်သွားတယ်။ သင်ကြားရေးနဲ့ သင်ယူရေးကို အထောက် အကူဖြစ်စေမယ့် နည်းပညာဌာနသစ်တစ်ကိုကို ဖွင့်လှစ်ခဲ့တယ်။
“ဘာတွေကို ဆက်လုပ်သင့်တယ်၊ ဘာတွေကို ဆက်မလုပ်သင့်တော့ဘူးဆိုတာ ခင်ဗျားတို့ မြန်မြန် လေးဆုံးဖြတ်ကြပါ။ နည်းပညာနဲ့ သင်ယူလေ့လာနိုင်ရေးကို ဖော်ဆောင်ပေးကြပါ။ နည်းပညာနဲ့ ကျောင်း သား၊ ဆရာ၊ မိဘတွေအပေါ် ရလဒ်ကောင်းတွေခံစားနိုင်အောင် စီစဉ်ပေးကြပါ” လို့ ပြောလာတာဟာ ပညာရေးအတွက် သွေးရူးသွေးတမ်းဖြစ်လာတာလို့ ယူဆရပါတယ်။


သင်ကြားမှု ကွာဟချက်
အိမ်ဖြူတော်ကလည်း “ပြည်နယ် ကျောင်းပေါင်း ၁၄၀၀၀ ကျော်တွင် ခေတ်မမီတော့သည့် နည်းပညာစနစ်များကို သုံးနေကြဆဲဖြစ်သည်။ ပညာရေးတီထွင်မှုများသည် ဈေးကွက်ကို မထိုးဖောက် နိုင်သေး။ တီထွင်မှုဆိုသည့်အရာတိုင်း ရလဒ်ကောင်း ရနိုင်လိမ့်မည်ဟု မမျှော်လင့်နိုင်သေး” လို့ ဝေဖန် သုံးသပ်ထားချက်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။
အမေရိကန်နိုင်ငံဟာ ပညာရေးကို ပြုပြင်ပြောင်းလဲရတော့မယ်ဆိုတာ မြင်လာပေမယ့် ဘယ်လို ပြုပြင် ကြမှာလဲဆိုတာကတော့ သိပ်ပြီး မရေရာသေးပါဘူး။ ပညာရေးကို နည်းပညာနဲ့ပြောင်းလဲလိုက်တာကြောင့် ဥုံဖွမန်းမှုတ်လိုက်သလို တိုးတက် ပြောင်းလဲသွားလိမ့်မယ်လို့ ထင်နေပါသလား။
လန်ကက်စတာတက္ကသိုလ် ပညာရေးသုတေသနဌာနရဲ့ လေ့လာသုံးသပ်ချက်အရ ဒစ်ဂျစ်တယ်နည်းပညာကို ကျောင်းတွေမှာ အမှန်တကယ် အသုံးပြုနိုင်မယ်ဆိုရင် သင်ယူမှုကို အများကြီးအထောက်အကူပြု နိုင်ရုံမက ငွေကုန်ကြေးကျလည်း အများကြီးသက်သာသွားမယ်လို့ဆိုပါတယ်။
ဒါပေမယ့်  အဓိကပြဿနာက ဆရာ တွေပါ။ ကျောင်းတွေ၊ ကျောင်းစာတွေကို ဒစ်ဂျစ်တယ်စနစ်ပြောင်းပြီးတော့ ကျောင်းဆရာတွေကို ဒစ်ဂျစ်တယ်ခေတ်ပြောင်းတော်လှန်ရေးနဲ့ ကိုက်ညီတဲ့ အတွေးအခေါ်၊ အယူအဆ၊ လက်ခံကျင့်သုံးနိုင်စွမ်း၊ တပ်ကျွမ်းမှုတွေကို  ပြောင်းလဲ မတပ်ဆင်ပေးနိုင်ရင် အကျိုးရှိမှာ မဟုတ်ပါဘူး။
သိပ္ပံနဲ့ အိုင်စီတီဆရာ ဒေးဗစ် ၀က်စ်တန်ပြောစကားကြားရတာ ၀မ်းနည်းစရာတောင်ဖြစ်သွားတယ်။
“ကျောင်းတွေမှာ ကွန်ပျူတာတွေကို ကျောင်းသားတိုင်းသုံးနိုင်အောင် မတပ်ဆင် ပေးနိုင်သေးဘူး။ ခေတ်မီ တယ်ဆိုလို့ ၀ှိုက်ဘုတ်နဲ့ မိုဘိုင်းနည်းပညာကို သုံးနိုင်ဖို့ နေနေသာသာ သစ်သားဘုတ်နဲ့ မြေဖြူကို သုံးနေတဲ့ အဆင့်မှာပဲရှိသေးတယ်” တဲ့လေ။
တကယ်တော့ ကျောင်းတွေမှာ ဆော့ဖ်ဝဲတွေမပြောနဲ့ ဆော့ဖ်ဝဲသုံးနိုင်တဲ့ ပစ္စည်းတွေရှိအောင် အများကြီး ကြိုးစားရဦးမယ်။ ဆရာတွေနဲ့ ရှိတာလေးကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ဖို့ စိတ်မကူး ကြပါဘူး။ မရှိလို့မလုပ်၊ မလုပ်လို့ မရှိ။ ချပေးမယ့်ပိုက်ဆံနဲ့ အခွင့်အလမ်းကို စောင့်နေလို့ကတော့ အကောင်အထည်ပေါ် လာဖို့ဝေးပါတယ်လို့လည်း ဒေးဗစ်ကပြောပါတယ်။


ဒစ်ဂျစ်တယ်ဆရာ
အနာဂတ်မှာ လက်ရှိဆရာတွေ မစွမ်းဆောင်နိုင်ရင်၊ စက်ရုပ်ဆရာတွေနဲ့ အစား ထိုးကောင်း ထိုးရပါလိမ့်မယ်။ အိမ်ဖြူတော်ကတော့ ဒစ်ဂျစ်တယ်ကတိစကားကို
“နှစ်ပေါင်းများစွာ သုတေသီတွေက ပညာရေးဆိုင်ရာ ဆော့ဖ်ဝဲတွေကို လုပ်ဆောင်ရမှာဖြစ်သလို ဆရာ တွေဖြစ်အောင်လည်း လုပ်ဆောင်ရပါလိမ့်မယ်” လို့ပြောသွားပါတယ်။
အမေရိကန်လွှတ်တော်ရဲ့ ခွင့်ပြုချက်အရ အမေရိကန်စစ်တပ်က digital project ဆိုတဲ့ ပရောဂျက်ကို လုပ်ဆောင်နေပါတယ်။ ဒစ်ဂျစ်တယ်ပညာသင်ကြားရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရလိမ့်မယ်။ လက်ရှိကတော့ မူလတန်း (K-12) ပညာရေးမှာ သင်္ချာကနေစပြောင်းဖို့ ပြင်ဆင် နေကြောင်းသိရတယ်။
နည်းပညာကွာဟချက် (digital divide) များခြင်း၊ နည်းခြင်းဆိုတာ အစိုးရပေါ်လစီပိုင်းနဲ့ သက်ဆိုင်ပါတယ်။ သင်ကြားရေးမှာလည်း ဒစ်ဂျစ်တယ်ဆရာတွေရဲ့ အနာဂတ်ကို အစိုးရအနေနဲ့ ကောင်းကောင်းအဆုံး အဖြတ် ပေးနိုင်လိမ့်မယ်ထင်ပါတယ်။


နည်းပညာသုံးနိုင်ခွင့်
ဇန်န၀ါရီလ ၂၄ ရက်နေ့က တောင်ကိုရီးယားစာသင်ကျောင်းတွေမှာ အင်တာနက် Wi-Fi ကို အခမဲ့ သုံးစွဲခွင့်ပေးတော့မယ်ဆိုတဲ့ သတင်းကိုဖတ်လိုက်ရတယ်။ လက်ရှိ စာသင်ကျောင်းတွေမှာ အခပေးစနစ်နဲ့ အင်တာနက်ကို သုံးနေရပါတယ်။ သုံးစွဲခကတော့ တစ်လကို အမေရိကန်ဒေါ်လာ ၅၀ လောက်ပေးရတယ်။ လက်ကိုင်ဖုန်းတွေနဲ့ အင်တာနက် Wi-Fi ကိုသုံးရင် ဒေါ်လာ ၅၀ ပေးရသေးတယ်။
ဒီနှစ်အတွင်း ကျောင်းတွေ မှာ Wi-Fi အင်တာနက်ကို အခမဲ့ရအောင် ဆောင်ရွက်သွားမှာဖြစ်လို့ ပညာရေးအတွက် ဒစ်ဂျစ်တယ်စနစ် အကောင် အထည်ဖော်ရေးဟာ ပိုပြီးထိရောက်လာမယ်လို့ ပြောနေကြပါတယ်။
နည်းပညာတော်လှန်ရေးဟာ ဘက်ပေါင်းစုံကနေ ရှေ့ကိုချီတက်လာနေပါပြီ။ တော်လှန်ရေးရဲ့ ကြွေးကြော် သံတွေကလည်း အော်ဟစ်ဆူညံနေပါတယ်။ ဒီလိုအချိန်မှာ ကွန်ပျူတာတောင်မရှိတဲ့ကျောင်း၊ ဂဏန်း ပေါင်းစက်တောင် မနှိပ်တတ်တဲ့ဆရာတွေနဲ့ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတည်ဆောက်မယ် ဆိုတာ ရယ်စရာလာပြောသလိုဖြစ်နေပါတယ်။

0 comments:

Post a Comment