အာရှတိုက်သူ နိုင်ငံ့ခေါင်းဆောင်များ

Sunday, 12 February 2012 02:47
ညီစောလွင်

အိန္ဒိယက အင်ဒီယာဂန္ဒီ၊ သီရီလင်္ကာက ဆီရီမာဗို ဘန်ဒြာနာကီ၊ ပါကစ္စတန်က ဘန်နာဆာ ဘူတို၊ ဘင်္ဂလားဒေ့ရှ်က ရှိတ်ဟာစီနာ၊ ဖိလစ်ပိုင်က ကိုရာဇန်အာကွီနို၊ အင်ဒိုနီးရှားက မေဂါဝါဒီ ဆူကာနိုပူထြီ၊ ဒီအမျိုးသမီးနိုင်ငံ့ခေါင်းဆောင်တွေဟာ တောင်အာရှနဲ့  အရှေ့တောင်အာရှမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လေးခုအတွင်းမှာ သက်ဆိုင်ရာနိုင်ငံတွေကို ခေါင်းဆောင်မှု ပေးခဲ့ကြပါတယ်။
တယောက်ချင်းစီကို ပြန်ကြည့်ရင် သူတို့ရဲ့ ခင်ပွန်းသည်၊ ဒါမှမဟုတ် ဖခင်က နိုင်ငံတည်ထောင် သူတွေ၊ အာဇာနည်ပုဂ္ဂိုလ်တွေ ဖြစ်နေပါတယ်။ ဒီလို သွေးသား တော်စပ်တာကြောင့် ဆိုခဲ့တဲ့ အမျိုးသမီးတွေ နိုင်ငံတွေရဲ့ အကြီးအမှူးနေရာရလာဖို့ အခွင့်အလမ်းရခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ဆွေရိပ်မျိုးရိပ် မကင်းတာ တခုတည်းကြောင့် ခေါင်းဆောင်ဖြစ်ခဲ့တာပါလို့ ကောက်ချက်ဆွဲလို့တော့ မရပါဘူး။
အထက်က အမျိုးသမီးခေါင်းဆောင်တွေထဲက တယောက်ကမျှ ပထမဆုံး ရွေးကောက်ခံရတဲ့ အချိန်မှာ ခန့်ခန့်ညားညား အသက်မွေးဝမ်းကြောင်းနဲ့ နိုင်ငံရေးအရည်အချင်းတွေမရှိကြပါဘူး။ ဒါပေမယ့် အဲဒီအားနည်းချက်ကိုပဲ လူတွေက အပြစ်ကင်းတယ်၊ သန့်ရှင်းတယ်လို့ မြင်ခဲ့ကြပါတယ်၊
တချို့ဆိုရင် ကွယ်လွန်သွားတဲ့ ခင်ပွန်းသည်နဲ့ ဖခင်တို့ရဲ့ အရိုက်အရာကို ဆက်ခံလို့ သူတို့ကို အာဇာနည်လို့ မြင်တဲ့အမြင်မျိုးတောင် ရှိခဲ့ကြပါတယ်။ အဲဒီအမျိုးသမီးခေါင်းဆောင်တွေထဲက တယောက်မှလည်း (အနည်းဆုံး သူတို့ရာထူးရပြီး ပထမသက်တမ်းအတွင်းမှာ) အမျိုးသမီး အရေးလို့ မကြွေးကြော်ခဲ့ကြပါဘူး။ သူတို့ခေတ်မှာ ကျေးလက် အမျိုးသမီးတွေရဲ့ ဘ၀တွေ အရင်ထက် ပိုပြီး ထူးကဲသာလွန်တယ်လို့လည်း မရှိခဲ့ပါဘူး။
ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာတော့ အာရှတိုက်ဟာ အရင်နဲ့ မတူပြောင်းလဲသွားပါပြီ။  ဆွေရိပ်မျိုးရိပ်မကင်းတဲ့ နိုင်ငံရေးခေတ်ကုန်ပြီလို့တော့ မဆိုနိုင်ပေမယ့် အမျိုးသမီး နိုင်ငံ့ အကြီးအကဲတွေရဲ့ အရေးကြီးတဲ့ အာဂျန်ဒါ agendas မှာ အမျိုးသမီးအရေးအရာတွေ အထိုက်အလျှောက် ပါဝင်လာတာတွေ့ လာရပါတယ်။ နောက်ထပ် ပိုပြီး အရေးကြီးတယ်လို့ ဆိုနိုင်တာက အဲဒီနိုင်ငံတွေမှာ ဆွေရိပ်မျိုးရိပ် နိုင်ငံရေးနဲ့မဆိုင်၊ တကယ် နိုင်ငံရေးရေချိန်ရှိတဲ့ အမျိုးသမီးတွေ နိုင်ငံရေးလောကမှာ ပိုများလာတာပါ။
အီတလီမှာမွေးခဲ့တဲ့ ဆိုနီယာ ဂန္ဒီဆိုရင် အိန္ဒိယ ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီရဲ့ ဇနီးသည်၊ ကွယ်လွန်သူ အင်ဒီယာဂန္ဒီရဲ့ ချွေးမဖြစ်ပါတယ်။  ဒီလို  ဆွေစဉ်မျိုးဆက်အစဉ်အလာအကြောင့် အိန္ဒိယနိုင်ငံရေးလောကမှာ သူလည်း  သြဇာအကြီးဆုံး အမျိုးသမီးဖြစ်လာတယ်လို့ ဆိုနိုင်ပေမယ့် ကားလိပ်နောက်ကွယ်မှာလည်း သူဟာ အမှန်တကယ် နိုင်ငံရေးအရည်အချင်းရှိတယောက်ပါပဲ။
ဒီအရည်အချင်းကို မှတ်ကျောက်တင်ဖို့ နောက်ထပ် စမ်းသပ်မှုတခုကတော့ ၂၀၁၁ ခုနှစ် အစောပိုင်းမှာ ကွန်ဂရက်ပါတီကို ဆက်ခေါင်းဆောင်ဖို့ စတုထ္ထသက်တမ်းအဖြစ် မကြုံစဖူး ရွေးချယ်ခံရပြန်ပါတယ်။ ဒီသက်တမ်းမှာ ပါတီကို အားကောင်းအောင် တည်ဆောက်ရပါဦးမယ်။ အမျိုးသမီးအရေးကို ရှေ့တန်း ရောက်လာအောင် အားစိုက်ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ကိုယ်စားပြုမှုပိုရလာဖို့ ကိစ္စမျိုးမှာပါ၊ ပရာတစ်ဘာ ပါတယ်လ် Pratibha Patil ကို အိန္ဒိယရဲ့ ပထမဦးဆုံး သမတဖြစ်လာဖို့ ကျောထောက် နောက်ခံပေးခဲ့သူဟာလည်း ဆိုနီယာ ဂန္ဒီပါပဲ။
ဘင်္ဂလားဒေ့ရှ်က ၀န်ကြီးချုပ် ရှိတ်ဟာစီနာ Sheikh Hasina ဆိုရင်လည်း လုပ်ကြံခံရတဲ့ သူ့အမျိုးသားရဲ့ ခြေရာနင်းရင်း ဖွံ့ဖြိုးရေးကိစ္စတွေကို စိတ်အားထက်သန်တဲ့အလျှောက်။ အမျိုးသမီးအရေးကို အာရုံစိုက်လုပ်ဆောင်သူပါပဲ။ ပထမရာထူးသက်တမ်းမှာ မပြီးဆုံးသေးတဲ့ တာဝန်တွေကို အခု ဆက်ပြီးထမ်းဆောင်နေပါတယ်။
အရှေ့အာရှကို ကြည့်မယ်ဆိုရင်လည်း အမျိုးသမီးတွေ နိုင်ငံရေးလောကထဲ ၀င်လာတာကို တွေ့နိုင်ပါတယ်၊ ၁၉၆၁ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အထိ တောင်ကိုရီးယားရဲ့ သမ္မတ ဖြစ်ခဲ့တဲ့ ပတ်ချုံဟီး ရဲ့ သမီး ပတ်ဂျန်ဟီး Park Geun-hye ဆိုရင် လက်ရှိသမတ လီမြောင်ဘက် ရာထူးသက်တမ်းကုန်တဲ့အခါ ကျင်းပမယ့် သမတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် သမ္မတလောင်းပါ။
သူလည်း နိုင်ငံရေးသြဇာတချို့ကို မိသားစုသမိုင်းကြောင်း နောက်ခံကြောင့် ရခဲ့တာမှန်ပေမယ့် နှစ်ပေါင်း နှစ်ဆယ်ကြာအောင် နိုင်ငံရေးဖြတ်သန်းမှု၊ ပင်ကိုယ် အရည်အချင်းတွေနဲ့ Grand National Party ရဲ့ ခေါင်းဆောင်မှုနေရာကို အဆင့်ဆင့် တက်လှမ်းလာတာလည်း ငြင်းမရတဲ့အချက် ဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ ပက်ဂျန်ဟီနဲ့ ဖိလစ်ပိုင်က ကိုရာဇန်အာကွီနို တို့ကို နှိုင်းယှဉ်မယ်ဆိုရင် ဖိလစ်ပိုင်သမ္မတဟာ ရွေးကောက်ခံရတဲ့ အချိန်မှာ သူ့ကိုယ်သူ ပရော်ဖက်ရှင်နယ် နိုင်ရေးသမားလည်းမဟုတ်၊ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်လည်း မဟုတ်။ အိမ်ရှင်မ တယောက်ပါပဲလို့ လူသိရှင်ကြားပြောခဲ့ဖူးတာရှိပါတယ်။ မဲပေးတဲ့လူတွေကိုလည်း သူပြောတာကလည်း ရိုးရိုးပါပဲ။  သူဟာ အသတ်ခံလိုက်ရတဲ့ အတိုက်အခံ သူရဲကောင်း ဘန်နီနို အကွီနိုရဲ့ ကျန်ရစ်သူ မုဆိုးမဖြစ်တယ်။ ဒါပါပဲ။ သူတို့ နှစ်ယောက်ကို ယှဉ်ကြည့်မယ်ဆိုရင် တောင်ကိုရီးယားက ပတ်ချုံဟီးရဲ့ သမီးကတောင် ထိုက်ထိုက်တန်တန် ခေါင်းဆောင် တယောက်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ဂျပန်မှာလည်း စောစောက ဥပမာတွေနဲ့ ဘာမှ မဆိုင်တဲ့ အပြောင်းအလဲက ဖြစ်နေပါပြီ၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ အမျိုးသားလုံခြုံရေးအကြံပေး ယူရီကို ကိုအီကီ Yuriko Koike ဟာ ဂျပန်နိုင်ငံရဲ့ သြဇာအရှိဆုံးခေါင်းဆောင်တယောက်ဖြစ်လာပါတယ်၊ သူ့ကို ဂျပန်ရဲ့ ၀န်ကြီးချုပ်လောင်းလျာလို့ ပြောရင်တောင်ရပါတယ်။ ထူးခြားတာက သူ့မျိုးရိုးမှာ ထိတ်ထိတ်ကျဲ နိုင်ငံရေးသမားတယောက်မှမရှိပါဘူး၊ ဒါကြောင့်  သူ့ရဲ့ နိုင်ငံရေးသြဇာဟာ မျိုးရိုးစဉ်ဆက်နိုင်ငံရေးအရှိန်အ၀ါ နဲ့ လားလားမျှ မပတ်သက်ဘူးလို့ဆိုတာပါ။
ကိုအီကီဟာ ပင်ကိုယ် နိုင်ငံရေး အရည်အချင်းရှိတဲ့သူ၊ အာရတ်အရေးအရာနှံစပ်သူ (ကိုင်ရိုတက္က သိုလ်မှာပညာသင်ခဲ့)၊ အင်္ဂလိပ်စာ တတ်တာကြောင့် ကမ္ဘာအရေးအရာတွေမှာလည်း အမြင်ကျယ်သူဖြစ်ပါတယ်၊ လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေက သူ့လောက် အရည်အချင်း မရှိကြပါဘူး။
အာရှနိုင်ငံရေးလောကမှာ ကိုယ့်ဒူးကိုယ်ချွန် နိုင်ငံရေးထဲ ၀င်ရောက်လာသူတွေထဲမှာ အင်ဒိုနီးရှားက ဘဏ္ဍာရေးဝန်ကြီးဟောင်းနဲ့ လက်ရှိ ကမ္ဘာ့ဘဏ်ရဲ့ မန်နေဂျင်းဒါရိုက်တာ ဆီရီ မာလ်ယာနီ အင်ဒရာဝါတီလည်း ပါဝင်ပါတယ်၊ သူကိုလည်း ၂၀၁၄ အင်ဒိုနီးရှား သမတရွေးကောက်ပွဲမှာ သမတလောင်းတယောက်ဖြစ်လာဖို့ လူတွေက တစ်ပေးနေကြပါတယ်၊
ထိုင်ဝမ်မှာ အမျိုးသမီး အတိုက်အခံခေါင်းဆောင် စိုင် အင် ၀မ် Tsai Ing-wen  ဟာ နိုင်ငံရေးအရှိန်အ၀ါကို အချိန်ကြာကြာထိန်းထားနိုင်ပြီး ဇန်န၀ါရီလ ရွေးကောက်ပွဲမှာ လူကြိုက်များတဲ့ သမတ မား (Ma Ying-jeou)  ကို နှိုင်းယှဉ်ချက်အရ မဲအရေအတွက် ၅၁ ရာခိုင်နှုန်း၊ ၄၅ ရာခိုင်နှုန်းနဲ့ ကပ်ပြီး အရှုံး ပေးခဲ့ရပါတယ်၊
နိုင်ငံရေးလောကထဲကို မျက်နှာသစ်တန်းဝင်ရောက်လာတဲ့ အာရှသူတယောက်တော့ ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ နှမ ယင်းလပ် ရှင်န၀ပ်ပါ။ သူ့ကိုလည်း သူ့အစ်ကို တက်ဆင် ရှင်န၀ပ်နဲ့ အရှိန်အ၀ါနဲ့ အာဏာရလာတယ်လို့ ဆိုနိုင်ပါတယ်၊ ဒါပေမယ့် ယင်းလပ်က မဲစွယ်တဲ့ ကာလမှာပဲ သူ့ဟာ သူ့အစ်ကို မဟုတ်တဲ့ သီးခြားလူတယောက်ဖြစ်တယ်။ သင့်တော်တဲ့ ဘွဲ့တခုနဲ့ ပညာတတ် တယောက်၊ အတွေ့အကြုံရှိတဲ့ စီးပွားရေးသမားတယောက်ဆိုတာကို ရှင်းရှင်းလင်းလင်းပဲ ပြောခဲ့ပါ တယ်။
မေ့ထားလို့ မရတဲ့နောက်ထပ် အာရှသူတယောက်တော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ပြည်က ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ရဲ့ သမီးဖြစ်ပြီး၊ မြန်မာပြည်ကို ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးကနေ  စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်ဖို့၊ ကမ္ဘာမှာ အတိမ်းအစောင်းမခံဆုံးလို့ ဆိုရမယ့် မြန်မာ့နိုင်ငံရေးလောကထဲမှာ ကြိုးစားရုန်းကန်နေရပါတယ်။
အာရှတိုက်ရဲ့ ပထမမျိုးဆက် အမျိုးသမီးခေါင်းဆောင်တွေဟာ မျိုးရိုးစဉ်ဆက် မိသားစုအဆက်အနွယ်ကြောင့် ထိပ်ဆုံးနေရာကို ရောက်လာကြတာဆိုပေမယ့်၊ နောက်တက်လာတဲ့ မျိုးဆက်သစ်ခေါင်းဆောင် အမျိုးသမီးတွေကတော့ ပိုပြီး ကြံ့ခိုင်၊ သူတို့ကိုယ်သူတို့ ပိုပြီး ယုံကြည်မှုရှိရှိနဲ့ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ရှိနေကြတဲ့အနေအထားမျိုးပါ။ သူတို့ရဲ့ နောက်လိုက်တွေကလည်း သူတို့ဟာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေက လိုလားတောင့်တနေတဲ့ အပြောင်းအလဲကို ဆောင်ကြဉ်းပေးနိုင်မယ့် ရှေ့ပြေးနိမိတ်တွေအဖြစ် မြင်လာကြပါတယ်။
အာရှတိုက်ကြီးဟာ စီးပွားရေးအရ တိုးတက်လာတယ်ဆိုပေမယ့် လူမှုရေးနဲ့ ၀င်ငွေမညီမျှမှုတွေက ကြီးကြီးမားမားရှိနေတုန်း။ ဒီလိုပဲ ဒေသတခုလုံးအတွက် ရေရှည်တည့်တံမယ့် ငြိမ်းချမ်းရေး အနာဂတ်ဆိုတာကလည်း မရေမရာပါပဲ။ ဒီလို နိုင်ငံရေး၊ လူမှုရေး အခင်းအကျင်းမှာ အမျိုးသမီး ခေါင်းဆောင်တွေ အာဏာရလာတာဖြစ်ပါတယ်။ အခု သူတို့တွေ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အဆုံးအဖြတ် နေရာမှာ ရှိနေကြပါတယ်။  အာရှတိုက်ကို ပြောင်းလဲပစ်ကြဖို့ ဖြစ်ပါလိမ့်မယ်။

0 comments:

Post a Comment