လိမ်ညာတတ်တဲ့ မိဘ

 မောင်သာမည
ခင်ဗျားရဲ့ ကလေးဟာ လိမ်ညာနေပြီဆိုရင် ခင်ဗျားကို ကြောက်နေတဲ့အတွက်ကြောင့် ဖြစ်မယ်။ ဒါမှမဟုတ် ခင်ဗျားကို အတုခိုးနေတာ ဖြစ်မယ်။
လိမ်ညာတတ်တဲ့ မိဘတွေမှာ လိမ်ညာတတ်တဲ့ ကလေးတွေပဲ ရှိလာပါလိမ့်မယ်။ ဒါကြောင့် ကလေးတွေဆီက ဖြောင့်မတ်မှန်ကန်မှုကို ရချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ကလေးကို မလိမ်ညာမိဖို့ လိုအပ်ပါတယ်။
သည်စကားဟာ ကိုယ်ကျင့်သိက္ခာပိုင်းနဲ့ချည်း သက်ဆိုင်တဲ့ စကားမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံး ရံဖန်ရံခါဆိုသလို လိမ်ညာပြောနေကြတာကိုး။
ကျွန်တော်တို့ဟာ လူတဖက်သား စိတ်ထိခိုက်သွားမှာ စိုးတဲ့အတွက် တခါတရံ လိမ်ပြောရတတ်ပါတယ်။ လှည့်ပတ်ပြောရတတ်ပါတယ်။
အတ္တစွဲကြီးလွန်းတယ်၊ မာနကြီးလွန်းတယ်လို့   ကိုယ့်ကို စွပ်စွဲလာတဲ့အခါတိုင်းမှာလည်း မဟုတ်လေယောင် ဟန်ဆောင်လှည့်ပတ်ပြီး ပြောတတ်ကြပါတယ်။
"မေမေ ခေါင်းကိုက်နေတယ်ကွယ့်၊ ငြိမ်ငြိမ်နေကြ"လို့ လိမ်ပြောမယ့်အစား "ဆူဆူညံညံ မလုပ်နဲ့ဟေ့" လို့ အော်ပြောလိုက်တာက ပိုပြီးရိုးသားပါတယ်။ ပိုပြီးကောင်းမွန်ပါတယ်။
ဒါပေမယ့် သည်လို အော်ပြောနိုင်ဖို့အတွက် ကလေးက ခင်ဗျားကို အကြောက်အလန့်မရှိမှ ဖြစ်မယ်။ ကြောက်လန့်နေရင် မဖြစ်နိုင်ဘူး။
တခါတရံ မိဘတွေဟာ သူတို့ ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်တဲ့အတွက် လိမ်ညာတတ်ကြပါတယ်။
"ဖေဖေကတဖက်၊ လူခြောက်ယောက် ကတဖက် ရန်ဖြစ်ရဲသလား"လို့ ကလေးကမေးလာတဲ့အခါ "မဖြစ်ရဲပါဘူး ငါ့သားရယ်၊ ဖေဖေ့လို ကြွက်သားမရှိတဲ့ ဗိုက်ရွှဲကြီးက ငလက်မလေးတယောက်နဲ့တောင် ရန်မဖြစ်ရဲပါဘူး"လို့ ပြန်ဖြေနိုင်ဖို့ တော်တော်သတ္တိရှိရပါလိမ့်မယ်။
လျှပ်စီးလက်တာ မိုးခြိမ်းတာကို ကြောက်တဲ့အကြောင်း၊ ရဲတွေ ပုလိပ်တွေကို ကြောက်တဲ့အကြောင်း ကိုယ့်သားသမီးကို ၀န်ခံပြောဝံ့တဲ့ ဖခင်ရယ်လို့ ဘယ်လောက်များများ ရှိနိုင်ပါ့မလဲ။
ကျောင်းသားဘ၀တုန်းက "ဗိုလ်နှပ်ချေး"လို့ အပြောင်ခံရတဲ့အကြောင်းကို ကိုယ့်သားသမီးတွေကို ပြန်ပြောရဲလောက်အောင် သတ္တိရှိဖို့က ပိုဝေးပါလိမ့်ဦးမယ်။
မိဘတွေရဲ့ လိမ်ညာမှုမှာ ရည်ရွယ်ချက်နှစ်ခု ရှိပါတယ်။ တခုက ကလေးတွေကို လိမ္မာယဉ်ကျေးစေချင်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ နောက်တခုက ကလေးတွေရဲ့ အထင်ကြီး လေးစားမှုကို ခံချင်တဲ့ရည်ရွယ်ချက် ဖြစ်ပါတယ်။
"အရက်သောက်ပြီး မူးဖူးသလား၊ ညစ်ညစ်ပတ်ပတ် ဆဲဖူးသလား" စတဲ့ မေးခွန်းတွေကို ကလေးတယောက်က မေးလာတဲ့အခါ အမှန်အတိုင်းပြန်ဖြေ၀ံ့တဲ့ ဆရာမျိုး၊ အဖေမျိုး ဘယ်လောက်များများ ရှိပါလိမ့်မလဲ။ ကလေးတွေ အထင်သေးမှာကို ကြောက်တဲ့အတွက်ကြောင့်ပဲ လူကြီးတွေဟာ ကြောင်သူတော်တွေ လုပ်နေကြရရှာတယ်။
ကျွန်တော် ကလေးဘ၀တုန်းက နွားဆိုးတစ်ကောင်က လိုက်လို့ ခြံစည်းရိုးကိုကျော်ပြီး ထွက်ပြေးရတဲ့ ကျွန်တော့်အဖေကို အထင်သေးခဲ့ မိပါတယ်။ ခွင့်မလွှတ်နိုင်ခဲ့ပါဘူး။
ကလေးတွေဟာ ကျွန်တော်တို့ လူကြီးတွေကို သူရဲကောင်းကြီးတွေ၊ အာဇာနည် ဇာတ်လိုက် ကြီးတွေ အဖြစ် စိတ်ကူးထဲမှာ ထည့်ထားကြပါတယ်။ ကျွန်တော်တို့ လူကြီးတွေကလည်း ကလေးတွေထင်တဲ့အတိုင်း မှန်သယောင်ယောင် ဟန်ဆောင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ တနေ့မှာတော့ ထင်တဲ့အတိုင်း မဟုတ်ကြောင်း သိသွားကြပြီး ဆရာသမား မိဘများဟာ လူလိမ်လူညာတွေပါလားလို့ သဘောပေါက်သွားပါလိမ့်မယ်။
ကလေးသူငယ်တိုင်းရဲ့ ဘ၀ခရီးလမ်းမှာ ကိုယ့်မိဘကို ပြန်ဝေဖန်ပြီး ခေတ်နောက်ကျသူတွေအဖြစ် အထင်အမြင်သေးမိတဲ့ အချိန်ကာလတခု ရှိတတ်ပါတယ်။ သည်အချိန်ကာလနောက်မှာမှ မိဘတွေရဲ့ ဘ၀အမှန်ကို သိမြင်မှုက လိုက်လာတတ်ပါတယ်။
တကယ်တော့ အထင်သေးစိတ်ဟာ ကလေးငယ်ရဲ့ စိတ်ကူးယဉ်မှုကြောင့်သာ ပေါ်ပေါက်လာရတာပါ။ ကလေးငယ်ဟာ သူ့စိတ်ကူးယဉ်ကမ္ဘာအတွင်းမှာ သူဖြစ်စေချင်တဲ့ မိဘမျိုးကို ဖန်တီးထားပါတယ်။ သည်စိတ်ကူးယဉ် အိပ်မက်ထဲက အံ့မခန်းမိဘတွေနဲ့ တကယ့်လက်တွေ့ဘ၀ထဲက ပျော့ညံ့ညံ့ မိဘတွေရဲ့အကြားမှာ သိပ်ကိုခြားနားနေပါတယ်။ ဒါကြောင့် အထင်သေးစိတ် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
နောက်ပိုင်းကာလမှာတော့ ကလေးငယ်ဟာ မိဘတွေနဲ့ပတ်သက်လို့ စိတ်ကူးယဉ်လှည့်စား ထင်မြင်ချက်တွေ ကင်းရှင်းသွားပြီး နားလည်မှုရှိရှိ နဲ့ မိဘတွေဆီကို ပြန်လည်ချဉ်းကပ်လာစမြဲပါ။
တကယ်လို့ မိဘတွေအနေနဲ့ အစကတည်းက ကလေးငယ်တွေကို ဟန်ဆောင်လှည့်ပတ်တာမျိုးမလုပ်ဘဲ အမှန်အတိုင်း အရှိအတိုင်း ဖွင့်ဟပြောပြထားလိုက်မယ်ဆိုရင် သည်လို နားလည်မှုလွဲမှားတာတွေ ဖြစ်လာလိမ့်မယ် မဟုတ်ဘူး။
ကလေးကို အမှန်အတိုင်းမပြောရဲအောင် နှောက်ယှက်ဟန့်တားနေတဲ့ အဓိကအခက်အခဲကြီးကတော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းပြန်ပြီး ဖွင့်ဟပြောဆိုနိုင်စွမ်း ကင်းမဲ့နေတာပဲ ဖြစ်ပါ တယ်။
ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးလိမ်ညာနေကြတယ်။ ပြန်ပြီးလှည့် စားနေကြတယ်၊ ပြန်ပြီး လှည့်ပတ်နေကြတယ်၊ ကိုယ့်ကိုယ်ကိုယ်တင်မက ကိုယ့်အိမ်နီးချင်းတွေကိုလည်း လိမ်ညာ လှည့်ပတ်နေကြတယ်။ ရေးသားခဲ့ ပြီးသမျှ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေအားလုံးဟာ အလိမ်အညာတွေချည်းပဲ ဖြစ်ကြတယ်။
ကျွန်တော်တို့အားလုံး လိမ်ညာလှည့်ပတ်နေကြပါတယ်။ ဘာကြောင့် လိမ်ညာလှည့်ပတ်နေကြတာလဲဆိုတော့ ဘယ်လိုမှလက်လှမ်း မမီနိုင်တဲ့ ကိုယ်ကျင့်တရား စံချိန်တစ်ခုနဲ့ ကိုက်ညီအောင် လိုက်နာကျင့်ကြံရမယ်လို့ အသင်ကြားခံခဲ့ကြရလို့ ဖြစ်ပါတယ်။
ကျွန်တော်တို့တတွေ ဖုံးဖုံး ဖိဖိနဲ့ကွယ်ဝှက်ဖို့ ကြိုးစားနေကြရတဲ့ ရှက်စရာ ကြောက်စရာတွေကို ရရှိအောင်လုပ်တာ အဲသည်ငယ်စဉ်တုန်းက သင်ကြားချက်တွေပဲပေါ့။
သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ လိမ်ဦးတော့တောင်မှ ကလေးကို လိမ်ညာတဲ့လူကြီးတွေဟာ ကလေးကို မှန်မှန်ကန်ကန် နားလည်သဘော ပေါက်ခြင်း မရှိသူတွေ ဖြစ်ကြပါတယ်။ သည်လိုနဲ့ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကြီးတစ်ခုလုံးဟာ လိမ်ညာလှည့်ပတ်မှုတွေနဲ့ ပြည့်နှက်နေတာဖြစ်တယ်။
ကျွန်တော်ရဲ့ တပည့်တွေထဲမှာ မလိမ်ရမနေနိုင်တဲ့ လူလိမ်စစ်စစ်ရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ နွေတောင်ကုန်းကျောင်းကို ရောက်လာခါစတုန်းကတော့ လိမ်တတ်ညာတတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အမှန်ကိုပြောရမှာ ကြောက်တဲ့စိတ်က ရှိနေကြတာကိုး။
ဒါပေမဲ့ နောက်ပိုင်းမှာ သည်နွေတောင်ကုန်းကျောင်းဟာ ရဲတို့၊ ပုလိပ်တို့ မရှိတဲ့ ကျောင်းတစ်ကျောင်း ဖြစ်တယ်ဆိုတာကို သိသွားတဲ့အခါမှာတော့ လိမ်ညာတာဟာ အပိုသက်သက်ပဲလို့ သဘောပေါက်သွားပြီး မလိမ်ကြ မညာကြတော့ဘူးပေါ့။
ကလေးတယောက်ရဲ့ လိမ်ညာမှုတွေ အားလုံးလိုလိုဟာ ကြောက်ရွံ့မှုက ပေါက်ဖွားလာတာဖြစ်ပါတယ်။ ကြောက်ရွံ့မှု ပျောက်ကင်းသွားတာနဲ့ လိမ်ညာမှု ဟာလည်း ပျောက်ကင်းသွားတာပါပဲ။
ကလေးတယောက်မှာ လိမ်ညာမှုမှန်သမျှ တစ်စမကျန်အောင် ပျောက်ကင်းသွားမယ်လို့တော့ မပြောနိုင်ပါဘူး။ ကလေးတယောက်ဟာ ပြတင်းပေါက်တံခါးတစ်ချပ်ကို ဖျက်ဆီးမိတဲ့အကြောင်း ပြောမှာဖြစ်ပေမဲ့ ရေခဲသေတ္တာပျက်အောင် ဖျက်ဆီးမိတာမျိုးကိုတော့ ဖွင့်ပြောလိမ့်မယ် မဟုတ် ဘူး။ ပစ္စည်းကိရိယာတစ်ခု ခိုးယူထားမိတာကိုလည်း ဖွင့်ပြောလိမ့်မယ် မထင်ဘူး။ ဒါကြောင့် လိမ်ညာမှုတွေ လုံးဝကင်းရှင်းသွားအောင်အထိတော့ မျှော်လင့်လို့ မရနိုင်ပါဘူး။
လွတ်လပ်မှုဟာ ကလေးတွေမှာရှိတတ်တဲ့ စိတ်ကူးယဉ်မှုတွေကိုလည်း ပယ်ဖျက်ပစ်မှာ မဟုတ်ပါဘူး။ မိဘတွေဟာ ကလေးတွေမှာ ရှိတတ်တဲ့ စိတ်ကူးယဉ်မှုတွေနဲ့ ပတ်သက်ရင် ခဏခဏ ပုံကြီးချဲ့ တတ်ကြတယ်။ ရေးကြီးခွင်ကျယ် လုပ်တတ်ကြတယ်။
ဂျင်မီဆိုတဲ့ ကလေးတယောက်က ကျွန်တော်ဆီကိုလာပြီး သူ့အဖေက သူ့ဆီကို ဇိမ်ခံကားကြီးတစ်စီး ပို့လိုက်တဲ့အကြောင်း ပြောတဲ့အခါ ကျွန်တော်ကလည်း "ငါသိပြီးပါပြီကွ၊ အပြင်ဘက် တံခါးမကြီးနားမှာ ရပ်ထားတာမြင်လိုက်ပါတယ်။ သိပ်မိုက်တဲ့ ကားကြီးပဲ"လို့ ပြန်ပြောလိုက်မိပါတယ်။ သည်တော့ ဂျင်မီက "ကျွန်တော် ရယ်စရာလုပ်ပြီး လိမ်ပြောတာကို ခင်ဗျားသိသားပဲ"လို့ ပြန်ပြောပါတယ်။
သည်လိုအဖြစ်မျိုးဟာ အကြောင်းနဲ့အကျိုး လွဲချော်နေတဲ့ အဖြစ်တစ်ခုလို့ ထင်ရစရာရှိပါတယ်။ ဒါပေမယ့် ကျွန်တော်အနေနဲ့ လိမ်ညာပြောဆိုမှုနဲ့ မရိုးသားမှုကိုလည်း ခွဲခြားထားချင်ပါတယ်။
ခင်ဗျားတို့ဟာ လိမ်ပြောရက်နဲ့ ရိုးသားသူတွေ ဖြစ်နေနိုင်ပါတယ်။ တခါတရံ အရေးမကြီးတဲ့ အသေးအဖွဲ ကိစ္စမျိုးတွေမှာ လှည့်ပတ်ပြောဆိုနေရလည်း သိပ်အရေးကြီးတဲ့ကိစ္စရပ်တွေမှာတော့ ရိုးသားဖြောင့်မတ်သူတွေ ဖြစ်နိုင်ကြပါတယ်။ ကျွန်တော်တို့ လိမ်ညာပြောဆိုရတာတွေဟာ သူတပါး မထိခိုက်မနစ်နာရေးကို ရည်ရွယ်နေတတ်တယ်။
"ခင်မင်လေးစားအပ်ပါသော လူကြီးမင်းခင်ဗျား၊ လူကြီးမင်း ရေးသားပေးပို့လိုက်သော စာသည် အလွန် ရှည်လျားထွေပြားပြီးလျှင် စိတ်ပျက် ငြီးငွေ့စရာ ကောင်းလှပါသောကြောင့် ပြီးဆုံးသည်အထိ ဒုက္ခခံ ဖတ်ရှုနိုင်ခြင်း မရှိပါခင်ဗျား"လို့ ပြန်စာရေးသားတာမျိုးဟာ အမှန်အတိုင်း ရေးသားခြင်း ဖြစ်နေပေမယ့် လည်း သူတပါးကို ထိခိုက်နစ်နာစေနိုင်ပါတယ်။
"သည်လို တီးခတ်ပြတဲ့အတွက် ကျေးဇူးတင်လှပါတယ်၊ ဒါပေမဲ့ ခင်ဗျား တီးခတ်လိုက်တာဟာဖြင့် သီချင်းသံစဉ်ကတော့ လုံးလုံးပျက်စီးသွား တာပဲ"လို့ တီးခတ်ပြတဲ့ ဂီတဆရာ အလောင်းအလျာ တစ်ယောက်ကို အမှန်အတိုင်း ပြောလိုက်တာဟာလည်း ထိခိုက်နစ်နာသွားစေနိုင်ပါတယ်။
လူလားမြောက်ပြီးသူတွေရဲ့ လိမ်ညာပြောဆိုမှုတွေဟာ ယေဘုယျသဘောအရတော့ သူတပါးအကျိုးစီးပွား (ပရဟိတ) ကို ရည်ရွယ်တဲ့ လိမ်ညာပြောဆိုမှုတွေ ဖြစ်ကြပါတယ်။
ကလေးသူငယ်တွေရဲ့ လိမ်ညာပြောဆိုမှုကတော့ နေရာဌာနကိုလိုက်ပြီး၊ ပုဂ္ဂိုလ်ကိုလိုက်ပြီး ပေါ်လာတဲ့ လိမ်ညာပြောဆိုမှုတွေပါ။
ကလေးတယောက်ကို လူလိမ်တယောက်ရဲ့ဘ၀မျိုး ရောက်သွားအောင် လုပ်တဲ့နည်းထဲမှာ အကောင်းဆုံးနည်းကတော့ မှန်တာကလွဲပြီး ဘာမှမပြောရဘူးလို့ အတင်းအကျပ်ခိုင်းစေတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
တကယ်တော့ အမြဲတမ်းမှန်ကန်နေဖို့ဆိုတဲ့ ကိစ္စဟာ မလွယ်ကူလှဘူး၊ သိပ်ခက်ခဲတယ်ဆိုတာကို ကျွန်တော် လက်ခံပါတယ်။
ဒါပေမယ့် လူတယောက်ဟာ ကလေးတယောက်ကိုပဲဖြစ်ဖြစ်၊ ကလေးတယောက်ရဲ့ ရှေ့မှာပဲဖြစ်ဖြစ်၊ လိမ်ညာမပြောဘူးဆိုတာကို ဆုံးဖြတ်ချက်ချလိုက် မယ်ဆိုရင်တော့ သည်အလုပ်ဟာ ထင်သလောက် မခက်ဘဲ လွယ်ကူနေတာကို တွေ့ရပါလိမ့်မယ်။
ခွင့်ပြုသင့်တဲ့ လိမ်ညာမှုမျိုး ဆိုတာက ဘေးအန္တရာယ်နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့အခါမျိုးမှာ ပြောရဆိုရတာမျိုးသာ ဖြစ်ပါတယ်။ ဥပမာ-အသည်းအသန် နာမကျန်းဖြစ်နေတဲ့ ကလေးငယ်ကို သူ့အမေသေဆုံးသွားပြီဖြစ်တဲ့အကြောင်း မပြောဘဲ နေတာမျိုး။
ကျွန်တော်တို့ရဲ့ အသိတရားကင်းမဲ့တဲ့ လူမှုရေးကျင့်ဝတ်တွေဟာ လိမ်ညာမှုတွေပဲ ဖြစ်ပါတယ်။ စိတ်ထဲက မပါဘဲနဲ့လည်း "ကျေးဇူးတင်လိုက်တာဗျာ"လို့ ကျွန်တော်တို့ ပြောနေကြပါတယ်။ တကယ် လေးစားမှုမရှိဘဲနဲ့လည်း အမျိုးသမီးတွေကို ဦးထုပ်ချွတ်ပြီး အရိုအသေပေးနေတတ်ကြပါတယ်။
လိမ်ပြောတာက သိပ်မဖြစ်လောက်ပေမဲ့ လိမ်ညာဟန်ဆောင်ပြီး နေထိုင်တာမျိုးကတော့ တကယ့် ပျက်စီးမှုကြီး ဖြစ်ပါတယ်။ လိမ်ညာဟန်ဆောင်ပြီး အသက်ရှင်နေတဲ့ မိဘတယောက်ဟာ တကယ့် အန္တရာယ်ကြီးတခု ဖြစ်ပါတယ်။

0 comments:

Post a Comment