လွတ်လပ်ဈေးကွက်နှင့်အပြိုင် နိုင်ငံတော်အရင်းရှင်စနစ်

04 February 2012 10:56
ညီစောလွင်

(လက်ရှိကမ္ဘာစီးပွားရေးအကျပ်အတည်းကာလတွင် အနောက်ပုံစံ ဈေးကွက်စီးပွားရေးစနစ် အပေါ်တွင် ပညာရပ်ရှု့ထောင်မှ အမြင်အမျိုးမျိုးနှင့် ပြန်လည်သုံးသပ်လာကြပါသည်၊ ယခုဖော်ပြမည့် စာစုမှာ- End of the Free Market: Who Wins the War Between States and Corporations? စာအုပ်ရေးသားသူ Ian Bremmer ၏ အနာဂတ်စီးပွားရေးလားရာအမြင် ဖြစ်ပါသည်။ )
အီကိုနော့မစ်မဂ္ဂဇင်းရဲ့ နိုင်ငံတော်အရင်းရှင်စနစ် state capitalism အကြောင်းစုစည်းတင်ပြ ထားတဲ့ ဒါဗို့စ် အထူးထုတ် Davos edition ကတော့ ဖတ်ကို ဖတ်ရမယ်။ နိုင်ငံတော် အရင်းရှင် စနစ်ဟာ အရင်က မြေစမ်းခရမ်းပျိုး အနေအထားကနေ အခုတော့ လမ်းကြောင်းတခုအဖြစ် အထင်အရှား ပေါ်ပေါက်လာနေတဲ့ အကြောင်းရေးထားပါတယ်။
နိုင်ငံတော် အရင်းရှင်စနစ်ဆိုတာ ဘာလဲနဲ့ပဲ စရအောင်။ တကယ်တော့ နိုင်ငံတော် အရင်းရှင်စနစ် အကြောင်းကို တရုတ်နှင့် ရုရှား ခေါင်းဆောင်တွေလောက် နောကြေတဲ့လူ ဘယ်သူ ရှိဦးမလဲ။ ဒီစနစ်ကြီး အလုပ်မဖြစ်တဲ့အကြောင်း၊ ဒီစနစ်ဟာ ရေရှည်စီးပွားရေး တိုးတက်မှုအတွက် မောင်းနှင်အား မဖြစ်နိုင်တဲ့ အကြောင်း သူတို့က ကိုယ်တိုင်ကြုံဖူးခဲ့လို့ပါပဲ။
ဈေးကွက်ဟာ လူမှုဘ၀တွေ တိုးတက်လာဖို့အတွက် အခရာကျတယ်။ ပြည်သူတွေ စာဝတ်နေရေး ပြေလည်နေမှ သူတို့ရဲ့ အာဏာပိုင်စနစ်လည်း သက်ဆိုးရှည်နိုင်မယ်ဆိုတဲ့ အကြောင်းလည်း သူတို့က ဘ၀နဲ့ရင်းပြီး သိကြပါတယ်။
ဈေးကွက်ကို သူ့သဘောသူဆောင်တော့ဆိုပြီး လွှတ်ထားလိုက်ရင်၊ လူတွေကို အလုပ်အကိုင် ဖန်တီးပေးနိုင်မယ့် ငွေပင်ငွေရင်းတွေကို အစိုးရက လက်လွှတ်လိုက်ရမယ်။ ဈေးကွက်က မွေးထုတ်ပေးလိုက်တဲ့ နိုင်သူနဲ့ ရှုံးသူ ပေါ်လာမယ်။ အဲဒီအခါမှာ ဒုက္ခရောက်တဲ့အခါ လူတွေက လမ်းမပေါ်ထွက်ကြမယ်၊ ဈေးကွက်စီးပွားရေးကနေ ချမ်းသာလာတဲ့ လူတွေကလည်း ဓနအားကိုးနဲ့ အာဏာကို ခြိမ်းခြောက်လာနိုင်တယ် - ဆိုတာတွေကိုလည်း ဒီခေါင်းဆောင်တွေက ကောင်းကောင်း သိကြပါတယ်။
ဒါကြောင့် နိုင်ငံတော်အရင်းရှင်စနစ်ရဲ့ ရည်ရွယ်ချက်ကတော့ ဓနနဲ့ ဈေးကွက်ကို လှည့်ပတ်လို့ရအောင် နယ်ပယ်တခုပေးထားပြီး၊ အဲဒီနယ်ပယ်ထဲမှာ အစိုးရ (နိုင်ငံတော်) က ဖြစ်နိုင်စွမ်းသလောက် ၀င်ကစား နိုင်ဖို့ပါပဲ။ အထူးသဖြင့် တရုတ်ပြည်မှာ နိုင်ငံပိုင်ကုမ္မဏီတွေ၊ အစိုးရက ရှယ်ယာထည့်ထားတဲ့ ပုဂ္ဂလိက ကုမ္မဏီတွေ၊ အချုပ်အခြာအာဏာ အတွက် ရန်ပုံငွေဆိုတာတွေ ရှိရုံသာမက ဘဏ်ချေးငွေကိစ္စကိုလည်း အစိုးရအာဏာစက်အောက်မှာပဲ ထားပါတယ်။ စီးပွားရေး အဆောက်အအုံအပေါ်မှာ အစိုးရအာဏာ သက်ရောက်မောင်းနှင် နေနိုင်အောင်လို့ပါ။
ဒီဘာသာရပ်က ကျနော့်အသွေးအသားအထဲက အကြောင်းအရာတွေပါပဲ။ အီကိုနော့မစ်ကလည်း ၀က်ဆိုက်ပေါ်က ဒီဘိတ်ကဏ္ဍမှာ ၀င်ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ကျနော့် ဆွေးနွေးချက်အချုပ်ကတော့ ရေရှည်မှာ နိုင်ငံတော်ကပဲ့ကိုင်တဲ့ အရင်းရှင်စနစ် state capitalism ဆိုတာ လွတ်လပ်တဲ့ ဈေးကွက် Free market ကို ယှဉ်နိုင်မယ့် အော်တာနေးတစ်မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒါပေမယ့် နိုင်ငံတော် အရင်းရှင်စနစ်လမ်းကြောင်း အကြောင်း အီကိုနော့မစ်ရဲ့ တင်ပြချက်တွေက အထင်ကြီးလောက်ပါတယ်။ အစကနေ အဆုံးအထိပဲ ဆိုပါတော့။
အီကိုနော့မစ်က ဒီလိုဆိုပါတယ်။
“နိုင်ငံတော်အရင်းရှင်ဝါဒကို လက်ကိုင်ထားသူတွေအနေဖြင့် မိမိတို့၏ ကိုယ်ကျိုးစီးပွား အလို့ငှာ လည်းကောင်း၊ ကမ္ဘာ့ကုန်သွယ်ရေး၏ အကျိုးစီးပွားအကျိုးအရလည်းကောင်း မိမိတို့ စိတ်ကြိုက် ကုမ္မဏီများမှာ ဧရာမထည့်ဝင်ထားမှုများကို လက်လွှတ်ပြီး၊ ပုဂ္ဂလိက ရင်နှီးမြှုပ်နှံသူများ၏ လက်ကို အပ်ရန်လိုသည်။ ကုမ္မဏီတွေ ကိုယ်နှိုက်ကလည်း တော်လွန်း၊ တတ်လွန်းဟု သူတို့ ကြွားလုံးအတိုင်း တကယ်ယုံကြည်လျှင် အစိုးရအထောက်အပံ့ဟူ၍ နောက်ထပ်လိုအပ်စရာအကြောင်းမရှိပါ”
အီကိုနော့မစ်က ဒီအချက်ကို ထောက်ပြတာ အံ့သြစရာမရှိပါဘူး။ တရုတ်၊ ရုရှား၊ အာရတ်ပင်လယ်ကွေ့ နိုင်ငံတွေကလွဲရင် လူတိုင်းသဘောတူနိုင်တဲ့အချက်ပါပဲ။ ကျနော်လည်း တသဘောတည်းပါပဲ။ ဒါပေမယ့် ဒီနေရာမှာ ပြောစရာရှိတာက အီကိုနော့မစ်က တရုတ်ခေါင်းဆောင်တွေကို
“ဟေ့လူတွေ ခင်ဗျားတို့ အာဏာကို ချယ်လှယ်ချင်းတိုင်း ချယ်လှယ်ခွင့်ရအောင်၊ ခင်ဗျားတို့ နိုင်ငံစီးပွားရေးကလည်း ကမ္ဘာမှာ ဒုတိယအင်အား အကြီးဆုံးဖြစ်လာအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့တဲ့ လက်ရှိခင်ဗျားတို့ ကျင့်သုံးနေတဲ့ စီးပွားရေးစနစ်ကို ချက်ချင်းလက်ငင်း လက်လွှတ်လိုက်ပါ။ အဲဒီအစား အမေရိကန်စီးပွားရေးကို မအီမသာဖြစ်စေခဲ့တဲ့၊ ဥရောပဇုန်ငွေကြေး ဆိုတာလည်း မယုံသင်္ကာ စရာဖြစ်အောင် ဖန်တီးပေးလိုက်တယ်လို့ လူဝေဖန်တာခံနေရတဲ့ ဈေးကွက် စီးပွားရေးစနစ်ဆိုတဲ့ လမ်းကြောင်းကို ရွေးလိုက်ပါလား - လို့ အတင်းတိုက်တွန်းနေတဲ့ပုံမျိုးပါပဲ။
ရေရှည်တစုံလုံး အနေအထားမှာ နိုင်ငံတော် အရင်းရှင်စနစ်ဆိုတာ လစ်ဘရယ်ဈေးကွက်စနစ်နဲ့ ယှဉ်ပြိုင်ရွေးချယ်စရာမဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို စောစောက ပြောခဲ့တဲ့အတိုင်းပဲ ယုံကြည်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်အရင်းရှင်စနစ်လမ်းကြောင်းကို လိုက်နေတဲ့ အစိုးရတွေက သူတို့အတွက် အလုပ်ဖြစ်နေတဲ့စနစ်ကို ဒီနှစ်ထဲမှာ ချောင်ထိုးလိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါဗျာ။  
ဘာဖြစ်လို့လဲဆိုရင် ဥပမာအနေနဲ့ တရုတ်ပြည်ကို ကြည့်ရအောင်။ နည်းပညာနဲ့ ကျွမ်းကျင်မှု၊ ဈေးကွက်အရာမှာ နိုင်ငံစုံကော်ပိုရေးရှင်းတွေဟာ တရုတ်နိုင်ငံပိုင်ကုမ္မဏီတွေနဲ့၊ အစိုးရ ရှယ်ယာ ထည့်ဝင်ထားတဲ့ ပုဂ္ဂလိက ကုမ္မဏီတွေရဲ့ အဝေးမှာနောက်ကောက်ကျန်ခဲ့ပါပြီ၊ ဒါပေမယ့် တရုတ်ကုမ္မဏီတွေဟာ နိုင်ငံခြားကုမ္မဏီကြီးတွေနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ လက်ရည်တူယှဉ်နိုင်ဖို့ သူတို့ အစိုးရဆီက ရနေတဲ့ အထောက်အပံ့တွေ လိုနေတဲ့ ကိစ္စတွေက ရှိနေတုန်း။
တရုတ်ပြည်ဟာ နိုင်ငံခြားကုမ္မဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အလွန်အရေးကြီးတဲ့ ဈေးကွက်ကြီး တခုဖြစ် နေတုန်းပါပဲ။ တနည်းအားဖြင့် တရုတ်အစိုးရဘက်က ကြည့်ရင် အခုအချိန်အထိ အစိုးရ အထောက်အပံ့ဆိုတာလိုအပ်တယ်၊ ဒါဟာ ကုန်သွယ်ရေးကွင်းကို ရင်ပြင်ညီဖြစ်အောင် ညှိယူတယ်လို့ မြင်ပြီး၊ တခြားလူတွေကတော့ ဒါသက်သက်ညစ်တဲ့ကိစ္စလို့ပဲ မြင်ကြမှာ ပါပဲ၊
ဒါပေမယ့် တရုတ်ပြည်က ကုန်သွယ်ရေးပြိုင်ပွဲဟာ အပြင်လူတွေအတွက် ဆွဲဆောင်မှုမရှိတော့တဲ့တနေ့ ရောက်လာတဲ့အခါမှာ လက်ရှိအခြေအနေတွေလည်း ပြောင်းလဲသွားပါလိမ့်မယ်။ လူနေမှုအဆင့်အတန်း မြင့်လာတာနဲ့အမျှ တရုတ်ပြည်က ကြွယ်ဝပါတယ်ဆိုတဲ့ လုပ်အားနဲ့ အရင်းအမြစ်တွေကလည်း ဈေးကြီးလာပါလိမ့်မယ်။ အဲဒီအခါမှာ ကုမ္မဏီတွေအတွက် အကျိုးအမြတ်ပိုရှိမယ့် တခြား အာရှနိုင်ငံတွေမှာ ပြောင်းရွေှ့လုပ်ကိုင်ဖို့ ဖြစ်လာပါလိမ့်မယ်၊ အခုတောင်မှပဲ တရုတ်ကုမ္မဏီတွေဟာ တခြားပြိုင်ဘက် နိုင်ငံခြားကုမ္မဏီတွေနဲ့ပေါင်းပြီး ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့မှာ ဈေးကွက်ဖွင့်နေကြပြီ မဟုတ်လား။
ဒါကြောင့် အဆုံးတနေ့မှာ တရုတ်အစိုးရဟာ မဖြစ်မနေ ဈေးကွက်ကို ဖွင့်ကို ဖွင့်လာရမှာပါ။ ဒါပေမယ့် ဒီကိစ္စက ထင်သလောက် လွယ်တော့လွယ်မှာမဟုတ်ပါဘူး။ တရုတ်နိုင်ငံပိုင်ကုမ္မဏီတွေမှာ နိုင်ငံရေး အီလစ်တွေ၊ ဗျူရိုကရေစီစနစ်အတွင်းက ခုခံကာကွယ်မယ့် လူတွေလည်း ရှိမှာပါပဲ။
အခုလောလောဆယ် တရုတ်အကျိုးစီးပွား ဒီအတိုင်းဆက်ရှိရေး ဆိုတာကတော့ သိပ်သေချာပါတယ်။ တရုတ်ပြည်က ခေါင်းဆောင်တွေ ဆိုတာကလည်း သူများတွေရဲ့ စဉ်းစားချက်တွေကို ခေါင်းထဲ သိပ်ထည့်တတ်တဲ့ လူစားမျိုးတွေ ဟုတ်ရိုးလားဗျာ။

0 comments:

Post a Comment