ပညာရေးလောကထဲ Apple ဘာကြောင့် ဝင်လာသလဲ

Monday, 27 February 2012 09:00
တင်ညွန့်

လက်ရှိ မူပိုင်ခွင့်ဆိုင်ရာဥပဒေတွေနဲ့ ဘယ်လိုပဲ ရင်ဆိုင်နေရတယ်ဆိုစေ Apple ကုမ္ပဏီကတော့ iBook Author ဆိုတာကို ဆက်လုပ်ဖြစ်အောင်လုပ်နေတယ်။ Apple အနေနဲ့ ဒါကို Tool တစ်ခုလို ပညာရေးမှာ မဖြစ်မနေ သုံးလာကြရအောင် ဖန်တီးနေတဲ့ အချက်လည်းဖြစ်တယ်။ သင်ကြားမှု၊ သင်ယူမှု လမ်းကြောင်းမှာ Apple က နေရာတစ်ရာအတွက် ကြိုဦးထားလိုက်တဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။
ပညာရေးလောကို လုံးဝပြောင်းလဲသွား စေနိုင်တဲ့အချက်က နည်းပညာဘက်ကနေ တွန်းတွန်းတိုက်တိုက် လုပ်ဖို့ပဲရှိတော့တယ်။ Apple က ပညာရေးကို မသိမသာလေး တွန်းရင်းကနေ ဗြူရိုကရေစီစနစ်တွေ လွှမ်းမိုး နေတဲ့ ပညာရေးလမ်းကြောင်းကို ပြောင်းလဲမှုတွေဖြစ်သွားဖို့ ရည်ရွယ်ထားမှန်း ထင်ရှားတယ်။
ပညာရေးမှာ အိုင်တီကို သုံးမှဖြစ်တော့ မယ်ဆိုတာ သိနေတဲ့ ပညာရှင်တွေနဲ့ ပညာရေးကို စိတ်ပါဝင်စားသူ တွေက နည်းပညာနဲ့ ပညာရေးကြားမှာ ပေါင်းကူးတံတားတစ်စင်းထိုးပေးဖို့ မျှော်လင့်နေကြတာကြာပါပြီ။
ပြီးခဲ့တဲ့ ၁၀ နှစ်ကနေ နှစ် ၂၀ အတွင်း အိုင်စီတီကို ပညာရေးလောကထဲ ထိုးဖောက်ဖို့ ကြိုးစားလာကြတာ သတိထားမိတယ်။ အွန်လိုင်းမှာ Open-source learning ဆိုတာတွေ လုပ်လာတယ်။ ဥပမာ Moodls လို website မျိုးတွေပေါ့။ သူတို့ဘာသာသီးသန့် သင်ယူမှုလေ့လာရေး အဖွဲ့တွေကို ဖွဲ့ကြတယ်။ ကျောင်း သင်ခန်းစာတွေ၊ ဖတ်စာတွေကို message တွေပို့၊ chatting တွေလုပ်ပြီး ဆွေးနွေးကြတယ်။ ဗီဒီယိုဆွေးနွေး ချက်တွေ တင်ကြတယ်။
အဲဒီအချိန်ကတည်းက ကုမ္ပဏီ၊ အဖွဲ့အစည်းအတော်များများဟာ ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုတစ်ခု လိုအပ်လာပြီဆိုပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားနေကြတယ်။ ဒါပေမယ့် Apple တစ်ချက်လှုပ်တာနဲ့ တော့ မတူဘူးပေါ့။
မနှစ်က အောက်တိုဘာလထဲမှာ Inkling လို့ခေါ်တဲ့ကုမ္ပဏီကို ထူထောင်သူ စီအီးအို မတ် မက်အင်းနစ်က “Smart Books” လို့အမည်ပေးထားတဲ့ e-Book တွေကို ထုပ်လုပ်ခဲ့တယ်။ တကယ်တော့ Inkling ဟာ ကျောင်းသုံးဖတ်စာအုပ်တွေကို ထုတ်ဝေဖြန့်ချိရာမှာ နာမည်ကြီး ကုမ္ပဏီကြီးတစ်ခုပါ။ ပုံနှိပ်လိုင်းကနေ အွန်လိုင်းပေါ်ရောက်လာလို့ စိတ်ဝင်စားစရာကောင်းလာပါတယ်။ မက်အင်းနစ်တစ်ယောက် ဖတ်စာအုပ် ထုတ်ရာကနေ iPad လို တက်ဘလက်ကွန်ပျူတာတွေနဲ့ ဖတ်လို့ရနိုင်မယ့် ဒစ်ဂျစ်တယ်ဖတ်စာ၊ ဗီဒီယို သင်ခန်းစာ၊ ပဟေဠိခန်း၊ ရုပ်ပုံကားချပ်၊ မှတ်စုတွေကို ရှယ်ယာလုပ်နိုင်တဲ့ပုံစံတွေပြောင်းပေးပြီး၊ တစ်သက်လုံး ဘ၀သေနေတဲ့ ဖတ်စာအုပ်တွေကို လှုပ်ရှားသွက်လက်တုံ့ပြန်ချက်တွေပါလာအောင် ပြောင်းလဲ ခဲ့ပါတယ်။
Inkling ရိုက်ချက်ကပြင်းတယ်။ စာအုပ်ကို ဆော့ဖ်ဝဲ (application) အနေနဲ့ကို ပြောင်းပေးလိုက်တာ။ မက်အင်းနစ်က သူ့လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး
``ကျွန်တော်တို့ ပုံနှိပ်ထုတ်ဝေရေးလိုင်းကလူတွေက စာအုပ်တွေထုတ်ဖို့ပဲ အားသန်နေကြတာ။ ကျွန်တော် ကတော့ စာအုပ်တွေနေရာမှာ ဆော့ဖ်ဝဲတွေက အစားထိုးလာတော့မယ်လို့ မြင်ထားတယ်လေ။ ကျွန်တော် တို့ဟာ ပုံနှိပ်ဆိုတဲ့ သံသရာထဲမှာပဲ ဝဲလည်နေလို့ မဖြစ်တော့ဘူး။ ဆော့ဖ်ဝဲအဖြစ် ပြောင်းသင့်ရင် ပြောင်းရ တော့မယ်´´ ဆိုတဲ့ စကားဟာ စဉ်းစားသင့်တဲ့အချက် ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ဒီပြောင်းလဲမှုဖြစ်စဉ်ကြီးတစ်ခုကို စဉ်းစားရပါလိမ့်မယ်။ ကျောင်းတွေမှာ ပုံနှိပ်ဖတ်စာအုပ် တွေ ပျောက်သွားရင် ဘာတွေဖြစ်လာမလဲ။ ပြဌာန်းစာအုပ်ပါ အချက်အလက်၊ ဆောင်းပါးတွေကို ဘယ်လို ရေးကြမလဲ၊ ဘယ်လို့စီစဉ်ကြမလဲ။ ပုံပြောနေသလိုမျိုးပြောကြမလား၊ သတင်းအချက်အလက်တွေကို sharing လုပ်နိုင်တဲ့ ပုံစံမျိုးတွေကိုပဲ ပြောင်းကြမလား။ ``စာအုပ်´´ လို့ခေါ်မလား။ ``ဆော့ဖ်ဝဲ´´ လို့ ပြောင်းခေါ်ကြမလား။ ဒစ်ဂျစ်တယ်ခေတ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ တွေးစရာတွေဖြစ်လာပါတယ်။
ဘာပြောပြော စာအုပ်တွေနေရာမှာ အစားထိုးနည်းပညာတွေ ရောက်လာပါပြီ။ စာအုပ်တွေကို ချစ်ခင်မြတ်နိုး စိတ်တွေ ဆက်ပြီးဝင်နေလို့ရသလို၊ အပိုအလုပ်တွေလို့ မြင်နိုင်ခွင့်တွေလည်း ရှိလာပါတယ်။ စာအုပ်တွေ ဆိုတာက ခေတ်သစ်နည်းပညာ ဘက်ကကြည့်ရင် တစ်လိုင်းသွား လိုင်းသေနေတာတွေပါ။
စာအုပ်ဆိုတာကို အသွင်ပြောင်းကြည့်လိုက်ရအောင်။ အင်တာနက်နဲ့ ဆက်သွယ်ထားနိုင်မယ်၊ ဖတ်စာအုပ် မျက်နှာပြင် (touch screen) ကို လက်ညိုးလေးနဲ့ ထောက်လိုက်ရင် အသံထွက်ပြမယ်၊ အဓိပ္ပာယ်ရှင်းပြမယ်၊ ရည်ညွှန်းချက်ဆီကို တိုက်ရိုက်ရောက်သွားနိုင်တယ်ဆိုတာ စိတ်ကူးယဉ်စရာ မဟုတ်တော့ပါဘူး။ အဲဒီလို လုပ်ဆောင်နိုင်ဖို့ iPad အပါအဝင်၊ အခြား e-Book Reader ဆိုတာတွေကို အများကြီး ထုတ်လုပ်နေကြပါပြီ။
မက်အင်းနစ်က ဖတ်စာအုပ်တွေကို ဒစ်ဂျစ်တယ်ပြောင်းလာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောလာတဲ့စကားတစ်ခွန်း ကလည်း စိတ်ဝင်စားစရာပဲ။
``ကျွန်တော်တို့လို ကုမ္ပဏီသေးသေးလေး (Inkling) တွေက Apple လို မဟာကုမ္ပဏီကြီးတွေနဲ့ ပြိုင်တိုက်ဖို့ တော့မလွယ်ပါဘူး။ ကျွန်တော်တို့တစ်ဦးတည်းအနေနဲ့ ပြောင်းလဲမှုတွေလုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါ ဘူး´´ လို့ပြောသွားတာပါ။ တစ်ဖက်က ပြန်ကြည့်ရင်လည်း Apple လိုကုမ္ပဏီကြီးတွေက သူတို့လည်းအကျိုးရှိမယ်၊ စီးပွားရေး တွက်ခြေကိုက်မယ်ဆိုရင် အဲဒီလို ကုမ္ပဏီလေးတွေကို မသိမ်းပိုက်ဘဲနေမှာလား။
Apple ကုမ္ပဏီဟာ ခုတစ်လော ပညာရေးဈေးကွက်ကို သိမ်းပိုက်ဖို့ကြံစည်နေတာတွေ့နေရတယ်။ ပညာရေး လောကရဲ့ အရေးပါတဲ့ (key player) တွေနဲ့ စကားပြောတယ်။ ကျောင်းတွေက တာဝန်ရှိသူတွေ၊ အဖွဲ့ အစည်းတွေနဲ့တွေ့တယ်။ ဆရာတွေ၊ ကျောင်းသားတွေ၊ စာရေးဆရာတွေ၊ ပြည်သူတွေအထဲကိုပါဆင်းပြီး ပညာရေးနဲ့ ပတ်သက်လို့ လိုက်လုပ်နေတာ အကြောင်းမဲ့တော့ မဖြစ်နိုင်ပါဘူး။
ပညာရေးဆိုတာက အစဉ်အလာထဲမှာ အိပ်မောကျနေတာကြာပြီ။ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုတာ တစ်ဦး ကောင်း၊ တစ်ယောက်ကောင်း၊ တစ်နေရာကောင်းလည်း လုပ်လို့မရပါဘူး။ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာလို့ သဘောထားလိုက်ရင် ကမ္ဘာပြားတာကိုပါ လက်ခံသွားပါလိမ့်မယ်။ ဒါကြောင့် ကမ္ဘာအပြားမှာ Apple က အလျားလိုက်ကူးမှာလား၊ ဒေါင်လိုက်ကူးမှာလား ဈေးကွက်စီးပွားရေးကြောင့် ပြောစရာတောင်လိုမယ် မထင်ပါဘူး။
ခေတ်သစ်ပညာရေးဟာ “Product” ပညာရေးအသွင်ဆောင်လာတယ်။ ဆိုလိုတာက ``စာအုပ်´´ လား ``ဆော့ဖ်ဝဲ´´ လား ရွေးရတော့မယ့်အချိန်ဖြစ်လာပြီ။ ဘော့ပင်တွေ၊ စာရွက်တွေ မလိုဘူး။ ကျောင်းလာရင် iPad တွေပဲလိုတယ်လို့ ပြောရမယ့်ခေတ်ဖြစ်လာပြီ။ ကျောင်းသားတွေကို ``ဖတ်စာအုပ်ဖွင့် လိုက်ဖတ်´´ လို့ ပြောရမယ့်ခေတ် မဟုတ်တော့ဘူး။ ``တက်ဘလက်ဖွင့် ဘယ် site ကိုဝင်ကြည့်လိုက်စမ်း´´ လို့ အမိန့်ပေးမှ ရတော့မယ့်ခေတ်။ ဒါကို ဆရာတွေ မျက်ခြေပြတ်ရင်၊ ပြတ်ကျန်ခဲ့တော့မယ်။
Apple က ဒစ်ဂျစ်တယ်ခေတ်နဲ့ အံဝင်ခွင်ကျဖြစ်စေမယ့် တက်ဘလက်ကွန်ပျူတာတွေကို လူတွေ လက်ထဲထည့်ပြီးပြီ။ အဲဒီ တက်ဘလက်နဲ့ ပညာခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွှဲကြလို့ မပြောရုံသာ ရှိတော့တယ်။ မကောင်းတဲ့စနစ်တစ်ခုကို တော်လှန်ဖို့ ထင်ရှားစွာ တိုက်တွန်းနှိုးဆော်တဲ့အထဲမှာ Apple ပါမယ်မထင်ဘူး။ ဒါပေမယ့် တော်လှန်ရေးလုပ်ဖို့ကိုတော့ လက်နက်တွေ လိုက်ဝေထားတယ်။
မက်အင်းနစ်ပြောတဲ့ စကားတစ်ခွန်းကို ပြန်သတိရတယ်။
``လှိုင်းတွေထန်လာပြီ။ လှေတွေဆွဲလှန်ပစ်တော့မှာ´´ တဲ့လေ။

0 comments:

Post a Comment