KIO နှင့် အစိုးရ ထပ်တွေ့မည်

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ ဇန္န၀ါရီလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ်။













အစိုးရနှင့် ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့ KIO တို့အကြား ဖြစ်ပွားနေသည့် ပြဿနာများ ပြေလည်စေရန် မကြာမီရက်ပိုင်းအတွင်း နှစ်ဖက် ကိုယ်စားလှယ်များ ထပ်မံ တွေ့ဆုံရန် ရှိသည်ဟု KIO ကပြောသည်။
လာမည့် ဇန္န၀ါရီလ (၁၈) ရက်နေ့တွင် တရုတ်ပြည် ရွှေလီမြို့၌ တွေ့ဆုံနိုင်ရန် အကြမ်းဖျင်း သတ်မှတ်ထားပြီး နိုင်ငံရေးအပေါ် အခြေခံ၍ ဆွေးနွေးသွားရန် ရှိသော်လည်း အသေးစိတ် အချက်အလက်ကို ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်သေးကြောင်း KIO အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အခုလို ပြောသည်။
“ပြဿနာတွေအားလုံးရဲ့ အရင်းမြစ်ကတော့ နိုင်ငံရေး ကိစ္စပါဘဲ။ ဒါကြောင့် နိုင်ငံရေး ကိစ္စကို ဘယ်လို ဖြေရှင်းမယ်၊ နိုင်ငံရေး ပြဿနာကို ဘယ်လို ကုစားမယ် ဆိုတာကိုပဲ ပြောဆိုသွားဖို့ ရှိပါတယ်။”
အစိုးရမှ ယခုနှစ် ဇန္န၀ါရီလအတွင်းက လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များဖြစ်သည့် ချင်းအမျိုးသား တပ်ဦး CNF၊ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမအဆင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။
ထို့အပြင် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ဇန္န၀ါရီလ (၁၃) ရက်နေ့က အကျဉ်းသား (၆၀၀) ကျော် လွတ်ပေးခဲ့ရာ ထင်ရှားသည့် တိုင်းရင်းသား ခေါင်းဆောင်များ၊ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် အထိမ်းသိမ်းခံခဲ့ရသည့် သံဃာတော်များနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ ပါဝင်သည်။
ယင်းကိစ္စ KIO က ကြိုဆိုလိုက်ပြီး မြန်မာ့နိုင်ငံရေး လောကတွင် တိုင်းရင်းသား အရေးကို ၀ိုင်းဝန်း ဆောင်ရွက်ပါက ကောင်းမွန်သည့် ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်လာမည်ဟု ယူဆကြောင်း ဦးလနန်က ပြောဆိုသည်။
“ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာ တွေကတော့ အားလုံးဟာ တစိတ်တ၀ှမ်းတည်းနဲ့ ၀ိုင်းပြီးတော့ လုပ်မယ်ဆိုရင်တော့ ကောင်းတဲ့ အလားအလာ ပြုပြင်ပြောင်းလဲမှုတော့ ပေါ်လာမယ် လို့ ထင်တယ်။ အဲဒီပြောင်းလဲမှုမှာ ကျနော်တို့ တိုင်းရင်းသား အရေးလည်း တော်တော်လေး အားရစရာ ဖြစ်လာလိမ့်မယ်လို့တော့ ကျနော်တို့ မျော်လင့်တယ် ခင်ဗျ။”
KIO ဥက္ကဌ ဦးဇောင်းဟရား ဦးဆောင်သည့် အဖွဲ့နှင့် စက်မှု ၀န်ကြီးဟောင်း ဦးအောင်သောင်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂၉) ရက် နေ့က ရွှေလီမြို့တွင် တွေ့ဆုံခဲ့သော်လည်း တစုံတရာ သဘောတူညီမှု မရခဲ့ပေ။ ယင်းနောက် အစိုးရဘက်မှ ထပ်မံ တွေ့ဆုံရန် ဒီဇင်ဘာလ (၁၈) ရက်နေ့က တရားဝင် စာဖြင့် ကမ်းလှမ်း ခဲ့သည်။

လာမည့်တွေ့ဆုံပွဲတွင်  KIO မှ ကိုယ်စားလှယ် အဖွဲ့ဝင် (၆) ဦးနှင့် အကြံပေးပုဂ္ဂိုလ် အချို့ တက်ရောက်ရန် ရှိသော်လည်း မည်သူမည်ဝါ ဦးဆောင်မည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။
သို့သော် အစိုးရဘက်မှ စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း ဦးဆောင်၍ ဒုခေါင်းဆောင်အဖြစ် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးသိန်းဇော်၊ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်၊ ယခင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဦးအုန်းမြင့်တို့ ပါဝင်မည်ဟု ဦးလနန်က ဆိုသည်။
KIO နှင့် စစ်အစိုးရတို့ (၁၇) နှစ်ကျော် အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့က တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ရာ မြို့ပေါ်နှင့် တရုတ်မြန်မာ နယ်စပ်ဒေသများသို့ ထွက်ပြေးလာ သည့် စစ်ဘေးဒုက္ခသည် ငါးသောင်းကျော် ရှိပြီဟု သိရသည်။

0 comments:

Post a Comment