ပညာမတတ်ဘဲ နိုင်ငံရေးသမားဖြစ်နိုင်သလား

နိုင်ငံရေးသမားတယောက်ဖြစ်ဖို့ သူများနှင့် မတူတဲ့ အရည်အချင်းတွေရှိဖို့တော့ လိုပါတယ်၊ ပညာတတ်ခြင်း၊ မတတ်ခြင်းဟာ ဒီနေရာမှာ အဓိကမကျပါဘူး၊
ဆန္ဒမစောပါနဲ့ဦး။ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကွယ်လွန်သွားတဲ့ ချက်နိုင်ငံသမ္မတဟောင်း ဗားကလက်ဟာဗယ်လ်က သူ့ရဲ့ ဆောင်းပါးတပုဒ် (The Intellectual and Politics ) မှာ ဒီနေ့ ကမ္ဘာကြီးက လိုအပ်နေတဲ့ နိုင်ငံရေး သမားမျိုးဖြစ်ဖို့ ဆိုရင်..
(၁) အမြော်အမြင်ရှိရမယ်၊ (၂) ဖွင့်ထားပြီး ကျယ်ပြန့်တဲ့ စိတ်နေ သဘောထားရှိရမယ် (သူ့အလိုအရတော့ နေရာနှင့် အချိန်ရဲ့ လွှမ်းမိုးမှုကနေတောင် လွတ်မြောက်နေရမယ်)၊ (၃) ကိုယ့်ပါတီ၊ ကိုယ်နိုင်ငံဆိုတဲ့ အစွဲနှင့် နိုင်ငံရေး အာဏာမမက်မောရဘူး၊ (၄) လူသားဝါဒအပေါ် အခြေခံတဲ့ လူသားထုရဲ့ အကျိုးစီးပွားကို အခြေခံတဲ့ စဉ်းစားလုပ်ကိုင်မှုတွေရှိရမယ် (၅) ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဘဲ လူသားတယောက် အကောင်းဆုံးပြုမူနေထိုင်မှုမျိုးနဲ့ နေထိုင်ကျင့်ကြံရမယ်လို့ ဆိုပါတယ်။
ဒီစံတွေက နိုင်ငံရေးသမားဖြစ်ချင်သူတိုင်းအတွက် မလွယ်ပေမယ့်၊ ယနေ့ကမ္ဘာကြီးက အမှန်တကယ် လိုအပ်နေတဲ့ စံချိန်မီ နိုင်ငံရေးသမားကတော့ အထက်က အရည်အချင်းတွေနဲ့ ပြည့်စုံမှဖြစ်မယ်လို့ သူက ရူ့မြင်ပါတယ်။
နိုင်ငံရေးအလုပ်ဆိုတာ ရေတိုဆန္ဒတွေကို ဖြည်ဆည်းရေး သက်သက်မဟုတ်ပါဘူး၊ ပဓာနမကျပါဘူး။ နိုင်ငံရေးသမားတယောက်ဟာ မှန်ကန်တဲ့ကိစ္စအတွက် ကိုယ့်တွေးခေါ်သလို သာမန်လူတွေ တွေးခေါ်လာအောင် လုပ်ရမယ်၊ လူကြိုက်နည်းလည်း လုပ်သင့်တာကို လုပ်ရမယ်၊ နိုင်ငံရေး သမားတယောက်ဟာ ကိုယ်ဟာ သာမန် လူတွေထက် ပြသနာတွေကို ရှု့မြင်တဲ့နေရာ၊ ဖြေရှင်းတဲ့နေရာမှာ ပိုပြီး အမြင်စူးရှတယ်၊ တတ်ကျွမ်းတယ်၊ နားလည်တယ်၊ ဆိုတာကိုလည်း မဲဆန္ဒရှင်တွေ လက်ခံလာအောင် စည်းရုံးရမယ်။ ဒီလို နိုင်ငံရေးသမားမျိုးကိုမှ လူတွေက သူတို့ကိုယ်စားလှယ်အဖြစ် ယုံယုံကြည်ကြည် လွဲအပ်ထားမှာမဟုတ်လား။
ဒီစဉ်းစားနည်းဟာ အာဏာရှင်တွေက လူ့အဖွဲ့အစည်းမှာ သူတို့သာ ဥာဏ်ပညာ အမြင်ဆုံးလို့ ထင်တလုံးနဲ့ လူတွေကို သူတို့ စိတ်ထင်သလို၊ တရားလက်လွတ် အုပ်ချုပ်ဖို့ စိတ်ကြီးဝင်တာမျိုးနဲ့ မတူပါဘူး။
တကယ်မှန်ကန်တဲ့ နိုင်ငံရေးအနုပညာဆိုတာ မှန်ကန်တဲ့ ကိစ္စတွေမှာ လူတွေရဲ့ ထောက်ခံမှုကို အရယူနိုင် တာပါပဲ။ ဒီလို ကောင်းတာတွေ လုပ်တဲ့နေရာမှာ ရေတိုအကျိုးစီးပွားတွေမှာ ထိခိုက်ရင်လည်း ဂရုမစိုက်ပါနဲ့။ ကောင်းတာလုပ်နေတာဟုတ်မဟုတ် စစ်ဆေးဖို့ နည်းလမ်းကတော့ အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်အဖြစ် လူတွေ ဒုက္ခရောက်မလား၊ မရောက်ဖူးလား၊ အနာဂတ်အတွက် အကျိုးရှိမလား - ဒါတွေနဲ့ ပြန်ပြီး ထိန်းကြောင်းရပါမယ်။
ဒီလို မြင့်မြတ်တဲ့ အလုပ်ကို လုပ်ဖို့ ပညာတတ်တွေမှာ အရည်အချင်းရှိတာလို့ တချို့က ပြောကြပါတယ်၊ ရှိနိုင်ပါတယ်။ ပညာတတ်တွေကိုယ်တိုင်ကလည်း တခြားလူတွေထက် သူတို့က အမြဲတမ်း ခေါင်းတလုံးသာတယ်လို့ ယူဆကြပါတယ်။ လူသားတွေထဲမှာ သူတို့ပဲ အတော်ဆုံးလို့ ယူဆကြပါတယ်။ ဒါပေမယ့် ပညာတတ်တိုင်း နိုင်ငံရေးသမားမဖြစ်နိုင်ပါဘူး။
ပညာတတ်ဆိုသူတွေ၊ တောင်မရောက် မြောက်မရောက် ပညာတတ်တွေဟာ ဘယ်လောက် အန္တရာယ်များသလဲ ဆိုတာကို ဒီနေ့ခေတ် မော်ဒန်အာဏာရှင်စနစ်မျိုးစုံ ကမ္ဘာကြီးမှာ အဓွန့်ရှည်စေဖို့ ပညာတတ်ဆိုသူတွေက ဘယ်လောက်များများ အထောက်အပံ့ပေးနေကြသလဲဆိုတာကိုပဲ စဉ်းစားကြည့်လိုက်ရင် သိနိုင်ပါတယ်။
နိုင်ငံရေးသမားကောင်းဆိုတာ လောကရဲ့ အမှန်တရားကို ရိုးရိုးသားသားပဲ ကြည့်မြင်ရမယ်၊ ပညာတတ်တယောက်ဟာ ဒီလို ရိုးရိုးသားသားကြည့်မြင်တတ်ရင် နိုင်ငံရေးသမားတယောက် ဖြစ်နိုင်ပါတယ်။ နိုင်ငံရေးသမားတယောက်ဟာ လူတွေကိုလည်း သူတို့ ကိုယ်ပိုင်အရည်အချင်းတွေ မြင့်မားလာအောင် ဆော်သြရမယ်။ သူများယောင်တိုင်း၊ မီဒီယာတွေ ယောင်တိုင်းလည်း လိုက်မယောင်စရာ မလိုပါဘူး။ တချိန်တည်းမှာ ကိုယ့်ရဲ့ လုပ်ရပ် အပေါ်မှာလည်း မပြတ်သုံးသပ်နေရမယ်။
ဒီအရည်အချင်းတွေ ပြည့်စုံရင်တော့ နိုင်ငံရေးသမားတယောက်ဖြစ်ဖို့ အားထုတ်ပါလေ..။ ဒီလိုမှမဟုတ်ရင် ဒီလို အရည်အချင်းတွေ ရှိမယ့်လူကို ကိုယ့်ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်ပါ။ သူဟာ ပညာတတ် တယောက်ဖြစ်ချင်ဖြစ်မယ်၊ ပညာတတ်မဖြစ်လည်း ဘာမှ မဖြစ်ပါဘူး။
ညီစောလွင်
၁၄၊ ၀၁၊ ၂၀၁၂

0 comments:

Post a Comment