ကရင်နီဒုက္ခသည် လင်မယားချင်း ရန်ဖြစ်၍ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွား

ရေးသားသူ - နှောင်းလှိုင် စနေနေ့, 14 ဇန်န၀ါရီလ 2012 17:09


ထိုင်း-မြန်မာနယ်စပ်က ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှာ နေထိုင်တဲ့ လင်မယား နှစ်ဦး ရန်ဖြစ်ပြီး အမျိုးသား ဖြစ်သူမှာ မိမိလည်ပင်းမှာ ကြိုးဆွဲ၍ အဆုံးစီရင်လိုက်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က အသက် ၂၅ နှစ်အရွယ် စိုင်းအောင်ချစ်က ဇနီး ဖြစ်သူနဲ့ အနည်းငယ် စကားများခဲ့ကြရာမှ အခုလို အဆုံးစီရင်လိုက်တာ ဖြစ်တယ်လို့ ဇနီး ဖြစ်သူက ပြောပါတယ်။

“ခါတိုင်းဆို ဆေးလိပ် ဖွာပြီးတော့ သူ့ဟာသူ အိပ်ပျော်သွားတယ်။ မနေ့ည ကျတော့ သူက တံခါးလည်း ပိတ်ထားတယ်။ သူက အဲလိုမျိုး လုပ်မယ်ဆိုတာ အမလည်း သတိမထားမိဘူးပေါ့။ သတိမထားမိတော့ ဒီအင်္ကျီက မနေ့ည လျှော်ထားတဲ့ နေရာမှာ ပုံထားတယ်။ ပုံထားတော့ ငါလည်း အေးလာပြီလို့ အနွေးထည် ၀တ်အုံးမယ်လို့ အင်္ကျီ ယူပြီးပြီ။ နောက်ပြီးတော့ သူ့ကို လှမ်းကြည့်တာ သူက ကြိုးနဲ့ တန်းလန်းလေး ရှိပြီလေ” လို့ သူမက ပြောပါတယ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်မှ မှုခင်း ဆရာဝန်၊ ရဲတွေနဲ့ စုံထောက်တွေရဲ့ စစ်ဆေးချက်အရ အခု သေဆုံးမှုဟာ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်တယ်လို့ ကရင်နီဒုက္ခသည် စခန်းအုပ်ချုပ်ရေး ကော်မီတီမှ ဒု-လုံခြုံရေးမှူး သန်းအောင်က ပြောပါတယ်။

“ရဲရယ်၊ မှုခင်း ဆရာဝန်ရယ်၊ နောက်ခုန စုံထောက် အဖွဲ့တွေက သုံးသပ်တာကတော့ ဒါသူ့ကိုယ်သူပဲ သတ်သေတာ ဖြစ်တယ်။ ကြိုးက ဘယ်လောက် သေးသေး ကြီးကြီး သူ လုပ်သွားတဲ့ဟာက ဒီအောက်ပိုင်းက ဒီစလုပ်အပေါ်ကို တက်သွားရင် သေနိုင်တယ်။ ဒီဟာကို ကြည့်ခြင်းအားဖြင့် တခြားလူက သတ်တာ မဟုတ်ဘူး ဆိုတာကို သူတို့ ဆုံးဖြတ်ချက်ချပေးတယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁ ရက်နေ့က ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှာ အမျိုးသမီးတဦး မိမိလည်ပင်းမှာ ကြိုးကွင်းစွပ်၍ အဆုံးစီရင်ခဲ့ပါတယ်။ အရင်နှစ် နိုဝင်ဘာလ ၂ ရက်နေ့မှာလည်း ကရင်နီဒုက္ခသည်စခန်းမှာ သက်ကြီးရွယ်အို အမျိုးသားတဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။

0 comments:

Post a Comment