ပညာရေးကို ဘယ်လိုပြုပြင်ကြမှာလဲ

Thursday, 19 January 2012 06:30
တင်ညွန့်

၂၀၁၁ စက်တင်ဘာလမှာ Fobes မဂ္ဂဇင်း ကနေ “ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အကောင်းဆုံးအတွေးအမြင်” ဆိုပြီး စတိ ဒန်းနင်းက ရေးလိုက်ပါတယ်။ စတိ ဒန်းနင်း Forbes မဂ္ဂဇင်းရဲ့စာရေးဆရာတစ်ယောက်ဖြစ်သလို၊ စီမံခန့်ခွဲမှုကျွမ်းကျင် ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒီ အင်တာဗျူးဟာ စတိ ဒန်းနင်းနဲ့ အန်သိုနီ ကိုဒီတို့ တွေ့ဆုံမေးမြန်းခန်းကို ပြန်လည်တင်ပြထားတာဖြစ်ပါတယ်။
မေး - ယနေ့ကျွန်တော်တို့ ပညာရေးစနစ်မှာ အကြီးမားဆုံး ပြဿနာတစ်ခုဟာ ဘာလဲဆိုရင် ဆရာ ဘယ်လိုပြောမလဲ။
 ဖြေ - ယနေ့ပညာရေးရဲ့ အကြီးမားဆုံး ပြဿနာဟာ အစဉ်အလာဆိုတဲ့ဘောင်ကြီးကို မကျော်လွန်နိုင် သေးတာပဲ။ လမ်းရိုး လမ်းဟောင်းအတိုင်းပဲ သွားနေတယ်။ ပညာရေးကို စက်ရုံအလုပ်ရုံကနေ ကုန်ထုတ်လုပ် မှုစနစ်အတိုင်း ပညာတတ်ဆိုတာတွေကို မွေးထုတ်နေတဲ့ စနစ်ဖြစ်နေသေးတယ်။ စနစ်ဆိုတဲ့ဘောင်က မကျော်နိုင်သေးဘူး။
အမြင့်သို့ တက်လှမ်းနိုင်ရေး၊ ကျွမ်းကျင်ရေးဆိုတာလောက်ကိုပဲ ဦးတည်သင်ကြားနေကြသေးတယ်။ ကျောင်းသား၊ ဆရာ၊ မိဘ၊ အုပ်ချုပ်သူတွေ တစ်ခုခုတော့ ညှိနှိုင်းကြဖို့လိုပြီထင်တယ်။ စနစ်ဆိုတာကို ချမှတ်တယ်၊ အဲဒီစနစ်က တိုးတက်ဖို့ရည်ရွယ်ကြတာပါပဲ။ ပိုက်ဆံတွေအများကြီးသုံးကြတယ်။ ဒါပေမယ့် ထိရောက်မှုနည်းနေသေးတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကျောင်းသား၊ မိဘ၊ ဆရာတွေအားလုံး စိတ်ဓာတ်ကျမှာ သေချာတယ်။
ပညာတတ်တွေကို မွေးထုတ်နေတဲ့ ပုံစံက သိပ်အလုပ်မဖြစ်တော့ဘူး။ ကျွန်တော်တို့နိုင်ငံ (အမေရိကန်) မှာ ဒီလိုစက်ရုံတွေ အများကြီးကျန်နေသေးတယ်။ ပညာရေးလောကမှာ စက်ရုံလိုကျောင်းတွေ အလုပ်မဖြစ်တော့ဘူးဆိုတာ သိမြင်ဖို့ လိုလာပြီထင်တယ်။
စက်ရုံ အလုပ်ရုံပညာရေးက “ပြင်းထန်သော စီမံခန့်ခွဲမှု” “တင်းကျပ်သော စီမံခန့်ခွဲမှု” သဘောမျိုး တွေနဲ့ အုပ်ချုပ်ရတယ်။ ချော့တစ်ချီ ချောက်တစ်လှည့် သင်နေရတဲ့ ပညာရေး၊ တင်းကျပ်တဲ့ဖိစီးမှုအောက်မှာ သင်နေရတဲ့ပညာရေးဟာ မတိုးတက်နိုင်ဘူး။
ပုဂ္ဂလိကပညာရေးစနစ်မှာ ဒီအတွေးအမြင်တွေက လုပ်ဆောင်နေတဲ့ ဆရာတွေ ရဲ့ စွမ်းရည်ကို ကန့်သတ်ထားသလိုဖြစ်နေပြီး၊ သူတို့တီထွင်နိုင်စွမ်းတွေ၊ စိတ်ကူးတွေကိုပါ ချိုးနှိမ်ထားသလိုဖြစ်နေတယ်။
ပညာရေးမှာ မအောင်မြင်ရင် ပိုပြီးတင်းကျပ်ဖို့ ပြင်ဆင်ကြတယ်။ စည်းကမ်း တင်းကျပ်တိုင်း၊ ကိုယ်လို ချင်ရာ ကိုယ်ဆွဲတိုင်း ပညာရေးမှာ ဖြစ်မလာနိုင်ဘူး။ ဘာနဲ့တူနေသလဲဆိုတော့ အလယ်ခေတ် ကုထုံးလိုဖြစ် နေတယ်။ အလယ်ခေတ် ဆရာဝန်တွေက ရောဂါဖြစ်လာတဲ့ လူနာတွေ ရောဂါသက်သာအောင်ဆိုပြီးတော့ မျှော့တွေနဲ့ကပ်ပြီး သွေးစုပ်ခိုင်းတဲ့ ကုသမှုလို ဖြစ်နေတယ်။
မရောင်ရာ ဆီလူးသလိုလုပ်ရင် ပိုဆိုးဖို့ပဲရှိတယ်။ မကြာသေးမီက ကလေးတစ်ယောက်အတွက် အရွယ် ရောက်လာချိန်မှာ ဘယ်လိုအလုပ်မျိုးတွေကို လိုအပ်မလဲဆိုတာ သုတေသနပြုကြတယ်။ ပညာရေးမှာ ဘယ်သူက ဘာကိုလေ့လာ၊ ဒါမှအောင်မြင်မယ်ဆိုပြီး ပုံသေနည်းချ တွက်ဆလို့မရဘူး။ အသက် ၂၀ အရွယ် မှာ သူဘာဖြစ်ရမယ်ဆိုပြီး ပုံသေတွက်ပြလို့မရဘူး။
ဒီနေ့ခေတ်မှာ စာရေး၊ စာဖတ်၊ သင်္ချာတွက်၊ အတွေးအခေါ်၊ စိတ်ကူး၊ ဖန်တီးတီထွင်မှုတွေကို ဒါတွေကို၊ ဒီလိုလုပ်ရင်၊ ဒီလိုဖြစ်ရမယ်ဆိုပြီး ပုံသေနည်းကျ တွက်ဆ လုပ်နေတာ မဖြစ်သင့်တော့ဘူး။
မေး - ဒါတွေကို ဘယ်လို ပြောင်းလဲနိုင်မှာလဲ
ဖြေ - အခြေခံပညာ (K-12) ကစပြီး ပြောင်းရမယ်။ ကလေးတွေကို ပိုပြီးထိရောက်တဲ့ သင်ရိုးညွှန်းတမ်းတွေ ပြဌာန်းပြီးသင်ရမယ်။ ကျောင်းသားတစ်ယောက်ကို ဘ၀တစ်သက်တာ ပညာရှာနိုင်အောင် (Lifelong Learning) အခြေခံပေးနိုင်ရမယ်။ စီးပွားရေးအနေအထား ဘယ်လိုပဲပြောင်းပြောင်း၊ သူတို့ အနေအထား အမျိုးမျိုးနဲ့ ၀င်ဆန့်နိုင်တဲ့ ပညာရေးမျိုးဖြစ်ရမယ်။
စနစ်ကိုပြောင်းရမယ်။ စနစ်ကိုပြောင်းရမယ်ဆိုတဲ့နေရာမှာ “ငါပြောသလိုလုပ်၊ ငါခိုင်းသလိုလုပ်၊ ငါဆုံးဖြတ်သလိုလုပ်” ဆိုတဲ့ ပညာရေးမျိုးကိုပြောတာမဟုတ်ဘူး။ သင်ယူမှုလမ်းကြောင်းကို “ပညာဆိုတာကို မြတ်နိုးတတ်အောင်၊ ဘ၀တစ်သက်တာ ပညာရှာလိုစိတ်ရှိအောင်၊ ဘယ်လိုအခြေ အနေရောက်ရောက်၊ ဘယ်လိုဘ၀မျိုးရောက်ရောက် ပညာရှာချင်စိတ်ရှိအောင်” လေ့ကျင့်သင်ကြားပေးဖို့လိုတယ်။
ပညာရေး လမ်းကြောင်းသစ်ဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့၊ ဘ၀ကို ဘယ်လို အနေအထား ရောက်ရောက် ရင်ဆိုင်ရဲတဲ့၊ ရင်ဆိုင်နိုင်တဲ့ ပညာရေးမျိုးဖြစ်သင့်တယ်။ ဒီ လမ်းကြောင်းကို ဆရာတွေ၊ အုပ်ချုပ်သူတွေ၊ မိဘတွေ၊ ကျောင်းသားတွေ သိထားဖို့ လိုပြီထင်တယ်။
ကျွန်တော်တို့ ဘာတွေကို ထည့်သွင်း စဉ်းစားရမလဲဆိုတော့
၁။ ဆရာနဲ့ မိဘတွေရဲ့ အခန်းကဏ္ဍ
          ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ။ ကလေးတွေကို အသိဥာဏ်ဗဟု သုတတွေနဲ့ ပြည့်စုံစေရမယ်။ သူတို့သိထားတဲ့အသိနဲ့ ဘ၀ကိုတည်ဆောက်နိုင်ရမယ်။ ဒီနေ့ခေတ်မှာ အချက် အလက်တွေကိုပဲပေးတဲ့ သင်ကြားရေးမျိုးဟာ အသုံးမ၀င်တော့ဘူး။ မိဘနဲ့ ဆရာတွေရဲ့တာဝန်ဟာ ကလေး တွေ သင်ယူချင်စိတ်ရှိအောင်၊ သင်ယူနိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ လမ်းဖွင့်ပေးရတော့မှာ။ သူတို့အစွမ်းအစတွေ၊ လုပ်ဆောင်နိုင်စွမ်းတွေကို ဖော်ထုတ်ခွင့်ပေးရတော့မှာ။
၂။ အုပ်ချုပ်သူတွေရဲ့ အခန်းကဏ္ဍ
          အုပ်ချုပ်သူတွေကလည်း ဆရာတွေကို လက်ရှိကျင့်သုံးနေတဲ့ စနစ်တွေကို ပြင်ခိုင်းရတော့မယ်။ ဆုပေး ဒဏ်ပေးတို့၊ မုန့်ပြ တုတ်ပြတို့ဆိုတာတွေ ခေတ်မမီတော့ဘူး။ ဆရာတွေကိုယ်တိုင်က စူးစမ်း တီထွင် ဖန်တီးနိုင်စွမ်းမရှိရင်၊ အပျင်းကြီးတဲ့၊ တက်ကြွမှု မရှိတဲ့ ဆရာတွေကသင်နေတဲ့တပည့်တွေဟာ ဘယ်လိုမှ ခေတ်သစ်လူ့ဘောင်နဲ့ အံဝင်တဲ့သူတွေ ဖြစ်လာမှာမဟုတ်ဘူး။
တကယ်လုပ်သင့်တာက မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ စိတ်ထားမျိုးတွေနဲ့ သင်နေတဲ့ ဆရာတွေကို အလုပ်ထုတ်ပစ်ရမှာ။ အစွမ်းအစမပြနိုင်ရင်၊ အားထုတ်ကြိုးစားချင်စိတ် မရှိရင် ဆရာတွေကိုလည်း အရေးယူတာ၊ အပြစ်ပေးတာ၊ ထုတ်ပစ်တာမျိုးတွေ လုပ်ရမယ်။
၃။ စစ်ဆေးခြင်း အခန်းကဏ္ဍ
          စာမေးပွဲစစ်ပြီး အဆုံးအဖြတ်ပေးရတာ ငါတို့ရဲ့ မဟာတာဝန်လို့ ယူဆနေတဲ့ ဆရာနဲ့ အုပ်ချုပ်သူတွေရဲ့ စိတ်ဓာတ်ကို အရင်ပြင်ရမယ်။ ကျောင်းသားတစ်ယောက် ဘာတွေလုပ်နေတယ်၊ ဘယ်လောက်လုပ်နေ တယ်ဆိုတာ ဆရာကပိုင်းဖြတ်နိုင်ရမယ်။ အဲဒီဆရာတွေမှာလည်း သမာသမတ်ကျကျ ပိုင်းဖြတ်နိုင်တဲ့ အရည်အချင်းတွေရှိရမယ်။ စာမေးပွဲကျလို့ အတန်းမတင်ပေးဘူးဆိုတာ ဆရာကိုယ်တိုင် မသင်နိုင်လို့ (ညံ့လို့) ကလေးမတတ်တာဆိုတာမျိုးကို ပြောင်းလဲစဉ်းစားကြည့်မယ်။ အချိန်နဲ့တပြေးညီ ကလေးကို ပိုင်းဖြတ်မယ်၊ အမှတ်ပေးမယ်၊ လိုတာကိုဖြည့်မယ်။ တစ်နှစ်လုံး လွှတ်ပေးထားပြီး နောက်ဆုံး တစ်နာရီ၊ နှစ်နာရီ လောက်နဲ့ ကလေးတစ်ယောက်ရဲ့ဘ၀ကို အဆုံးအဖြတ်ပေးတဲ့ စစ်ဆေးမှုစနစ်ကို ပြင်ရမယ်။
၎။ စစ်ဆေးသူကို စစ်ဆေးပါ
          ဒီနေ့လက်ရှိစာမေးပွဲစနစ်ဟာ ကိုယ်ချမှတ်ထားတဲ့ စနစ်တစ်ခု၊ သင်ကြားနေတဲ့ လမ်းကြောင်း ပေါက်မြောက်အောင်မြင်မှု ရှိ မရှိ စစ်ဆေးနေတာထက်၊ ကျောင်းသားကို အတန်းတင်ပေးဖို့ စစ်ဆေး နေတာတွေဖြစ်နေတယ်။ စာမေးပွဲစစ်တာ အတန်းတင်ဖို့၊ အတန်းတက်ဖို့ဆိုတဲ့ ခံယူချက်ကို ပြင်ရမယ်။
အဆင့် ၅ မှာ ပညာသင်ကြားနေတဲ့ ကလေးတစ်ယောက်ဟာ အဆင့် ၅ နဲ့ ထိုက်တန်တဲ့ သင်ယူမှုကို လုပ်နိုင်သလား၊ အဆင့် ၆ မှာ သင်ယူမယ့်စနစ်ကို ခံယူနိုင်စွမ်းရှိပါ့မလား။ ငါကိုယ်တိုင်ကရော အဆင့် ၅ နဲ့ ထိုက်တန်တဲ့ ပညာဗဟုသုတတွေ ပေးပြီးပြီလား၊ ငါ့မှာရောပိုင်းဖြတ်နိုင်တဲ့ အရည်အချင်းရှိရဲ့လားဆိုတာ ဆရာတွေကို ပြန်စစ်ဆေးသင့်တယ်။
 ၅။ တာဝန်ခံရဲတဲ့စိတ်ရှိသလား
          သင်ယူမှုစစ်ဆေးခြင်းမှာ အခန်းဆုံးစစ်တာတွေ၊ အတန်းဆုံးစစ်တာတွေ ဗြူရိုကရေစီဆန်ဆန် လိုရင်း မရောက် မပြီးမြောက်တာတွေ လုပ်နေစရာ မလိုပါဘူး။ ပညာရေးစနစ်ကို ကိုယ်တိုင်လေ့လာ သင်ယူချင် စိတ်ရှိတဲ့ ပညာရေးမျိုးကို ပြောင်းကြည့်စမ်းပါ။ ခေတ်သစ်မှာ နည်းပညာတွေနဲ့ အများကြီးလုပ်ဆောင်လို့ရနေ ပါပြီ။ ပညာရေးဆိုတာ ပညာပေးဖို့မဟုတ်တော့ဘူး။ လမ်းညွှန်ပြသနိုင်ရေး၊ သူတို့ကို ကိုယ်တိုင် ရှာဖွေလေ့လာနိုင်ဖို့ အခွင့်အရေး ပေးတာမျိုးတွေဖြစ်သင့်ပြီ။
          ပညာရေးမှာ စီမံချက်တွေ၊ ဥပဒေ၊ နည်းဥပဒေတွေ၊ လုပ်ငန်းစဉ်တွေ၊ အစီရင်ခံစာတွေနဲ့ ရှုပ်နေအောင် လုပ်ထားတယ်။ လိုရင်းမရောက်၊ ပန်းတိုင်ကို မရောက်တော့ဘူး။ ကျွန်တော်ပြောချင်တာက ပညာရေးမှာ “ဆက်သွယ်နိုင်စွမ်း” (dynamic linking) တွေကိုထည့်ရတော့မယ်။ ဆိုလိုတာက
- အချိန်တိုအတွင်း ခရီးရောက်ရမယ်
- အဲဒီသင်ယူမှုကာလကို ဆရာကပိုင်းဖြတ်ရမယ်
- ဘယ်ကျောင်းသားကို ဘယ်လိုသင်ယူမှုမျိုး လုပ်ခိုင်းသင့်သလဲဆိုတာ ဆရာကပိုင်းဖြတ်နိုင်ရမယ်
- ဘယ်ကျောင်းသားကို ဘယ်လိုမေးခွန်းမျိုး ဖြေသင့်သလဲဆိုတာ ဆရာက ပိုင်းဖြတ်ရမယ်။ စစ်ဆေးမှုဆိုတာ မေးခွန်းတစ်မျိုးတည်း ဖြစ်ချင်မှဖြစ်မယ်။ ကြက်တူရွေးစာအံသလိုမျိုး နှုတ်တိုက်လာရွတ်ပြတာမျိုးကို လက်မခံရ ဘူး။ ပိုင်းဖြတ်မှုဟာ အရေးကြီးတာကြောင့် ပိုင်းဖြတ်နိုင်တဲ့အရည်အသွေးမျိုးရှိတဲ့ ဆရာတွေလိုအပ်တယ်
- ကျောင်းသားကိုယ်တိုင် ငါ ဘယ်အဆင့်မှာရှိနေတယ်ဆိုတာကို ပိုင်းဖြတ်နိုင်စွမ်းရှိရမယ်။ ဆရာကစစ်ဆေးပြီး ပိုင်းဖြတ်လိုက်တဲ့အပေါ်မှာ မှီခိုနေတာမျိုးမဖြစ်သင့်ဘူး။ (ကျောင်းသားကိုယ်တိုင် ကိုယ့်အရည်အချင်းကို ကိုယ်ပြန်တိုင်းတာနိုင်တဲ့ စစ်ဆေးမှုမျိုးတွေ ခေတ်မီနည်းစနစ်တွေနဲ့ ရှိနေပြီ)
၆။ အမိန့်ပေးဆက်သွယ်ရေးစနစ်ပြောင်း
          ပညာရေးမှာ အထက်ကနေ အောက် အဆင့်ဆင့် အမိန့်ပေးဆက်သွယ်မှုမျိုးတွေ မရှိသင့်တော့ဘူး။ ဒေါင်လိုက်ဆက်သွယ်မှုမျိုးထက်၊ အလျားလိုက်ဆက်သွယ်မှုမျိုးပဲဖြစ်သင့်တယ်။ ပညာသင်ကြားရေးမှာလည်း “စတိတ်စင်ပေါ်က ပညာရှင်” ပုံစံမျိုးနဲ့ သင်ကြားခြင်းထက် “ကျောင်းသားဘေးက လမ်းညွှန်သူ” တစ်ယောက် အနေနဲ့သာ သင်ကြားပေးသင့်တယ်။ ကျောင်းသားကို teach လုပ်တာထက်၊ guide လုပ်တာမျိုးပဲ ဖြစ်သင့် တယ်။ ခေတ်သစ်နည်းပညာတွေကို သုံးတတ်အောင်၊ ရှာတတ်အောင်၊ ဖြေရှင်းတတ်အောင်၊ အမြင်သစ် ရအောင် လမ်းညွှန် ပြနိုင်သူဆရာတွေလိုအပ်လာတယ်။
 ၇။ လုပ်ငန်းကို ပြီးအောင်လုပ်
          ပညာရေးအလုပ်ဟာ အခြားအလုပ်တွေနဲ့ မတူဘူး။ စမ်းသပ်လို့မရဘူး၊ အမိန့်ပေးလို့မရဘူး၊ ငွေတွေ ပုံအောသုံးတိုင်းလည်းမရဘူး။ မအောင်မြင်လို့ တစ်ကနေပြန်စလို့လည်း မရဘူး။ မွန်တက်ဆိုရီကျောင်းတွေ နှစ်ပေါင်းများစွာတည်ရှိနေနိုင်တယ်။ ဘာကြောင့် အောင်မြင်နေသလဲ ပြန်သုံး သပ်ကြည့်သင့်တယ်။
 ၈။ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေး
          အရည်အချင်းကို ပိုင်းဖြတ်ရာမှာ သတ်မှတ်ထားတဲ့ စာမေးပွဲကိုဖြေ၊ သတ်မှတ်ထားတဲ့ အောင်မှတ်ကို ရရင် အရည်အချင်းပြည့်မီသူဆိုပြီး အတန်းတင်ပေးလိုက်တာများတယ်။ ဒီတော့ ဘယ်နည်းနဲ့ပဲ အောင်အောင်၊ သတ်မှတ်ချက်ဘောင်ကို ကျော်လာရင် အတန်းတင်ဆိုတဲ့ စနစ်ကိုပြင်ရမယ်။ အမှတ်ကအဓိကလား၊ လူက အဓိကလား၊ ကျောင်းသားတစ်ယောက်ကို အမှတ်နဲ့ပိုင်းဖြတ်မှာလား၊ သူ့ပင်ကိုယ် အရည်အချင်းနဲ့ ပိုင်းဖြတ်မှာ လား ပြန်စဉ်းစားသင့်ပြီ။
(Steve Denning သည် စီးပွားရေးဆိုင်ရာ စာအုပ် ၆ အုပ်ကို ပြုစုရေးသားခဲ့သည်။ လက်ရှိ ကမ္ဘာ့ အဖွဲ့အစည်းအသီးသီးတွင် စီမံခန့်ခွဲရေးဆိုင်ရာ၊ ခေါင်းဆောင်မှုဆိုင်ရာ၊ တီထွင်မှုဆိုင်ရာများကို အတိုင်ပင်ခံ အဖြစ် ဆောင်ရွက်နေသူလည်းဖြစ်သည်။ သူသည် Director of Knowledge Management အဖြစ် ၁၉၉၆ မှ ၂၀၀၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ Knowledge Management ကို ကုမ္ပဏီ အဖွဲ့ အစည်းများ၏ ဗျူဟာတစ်ရပ်အနေဖြင့် ချမှတ်ကျင့်သုံးနိုင်ရေးအတွက် ရှေ့ဆောင် လမ်းပြနိုင်ခဲ့သူဖြစ်သည်။)

0 comments:

Post a Comment